Friday, January 30, 2015

Masat shadaw mung hkum sit. Htingbu Jan hpe mung hkum Marit.


ငြိမ်းချမ်းရေးအတွက် သော့ချက်ကချင်စကားပုံ တစ်ခု
Masat shadaw mung hkum sit.
Htingbu Jan hpe mung hkum Marit.
~~~~~~~~~~~~~~~~~~~~~~~
မြေမှတ်တိုင်ကိုလည်း မရွှေ့နှင့်
အိမ်နီးချင်းဇနီးကိုလည်း မတပ်မက်နှင့်
~~~~~~~~~~~~~~~~~~~~~~~
ဘာဆိုင်လို့လည်း ခင်ဗျားက ပြောမယ်...
ဒီကချင် စကားပုံက ယနေ့ တိုင်းရင်းသားဒေသတွေမှာ ဖြစ်နေတဲ့ ပြဿနာတွေကို မီးမောင်းထိုးပြနေဆဲ ဖြစ်ပါတယ်။
အိမ်နီးချင်းရဲ့မြေထဲကို ချဉ်းနင်းကျူးကျော်လေလေ အိမ်နီးချင်းဇနီး ချောမောလှပတာကို တပ်မက်လေလေ ဖြစ်လာတယ်။ တိုင်းရင်းသားနယ်မြေထဲကို အစိုးရစစ်တပ် ချဉ်းနင်းကျူးကျော်လေလေ တိုင်းရင်းသား သမီးပျိုများကို ကျွန်တော်တို့ ဆုံးရှုံးလေလေ ဖြစ်လာရတာ သက်သေသာဓက အတိအကျပါ။
ဒါတင်မက ဒေသခံပိုင် နယ်မြေလည်းဆုံးရှုံးရသလို သဘာဝအရင်းအမြစ်များလည်း ဆုံးရှုံးရသည်သာမက ဒေသခံ တိုင်းရင်းသားများရဲ့ လုံခြံမှု၊ လွတ်လပ်မှု ၊ လူ့အခွင့်အရေး အလုံးစုံ ဆုံးရှုံးမှု ပိုမိုကြီးထွား လာနေပါတယ်။
အကျိုးဆက်က တိုင်းရင်းသားများက ဗမာလူမျိုး ၉၉% ပါဝင်နေတဲ့ အစိုးရစစ်တပ်နဲ့တကွ ဗမာလူမျိုးများကို ယုံကြည်မှု လုံးဝကွယ်ပျောက်သွားခဲ့တာပါပဲ။
ဒီကိစ္စမှာ အစိုးရစစ်တပ်က ဗမာလူမျိုးအားလုံးကို ကိုယ်စားမပြုဘူးလို့တော့ ငြင်းလို့မရပါဘူး။ "ဗုဒ္ဓဘာသာ ဗမာလူမျိုး" ရယ်လို့ ဝင့်ကြွားဂုဏ်ယူပြောဆိုတတ်တဲ့စကားကို ကြည့်ရင် မြန်မာနိုင်ငံမှာ လူများစု ဗမာလူမျိုးအာလုံးနီးပါး ကိုးကွယ်တဲ့ ဘာသာကို လူမျိုးအမည်နဲ့တကွ ပိုင်ဆိုင်ရယူလိုက်တာပဲ မဟုတ်ပါလား။
ဒါ့ကြောင့် ဗမာလူမျိုး ၉၉% ပါဝင်နေတဲ့ အစိုးရစစ်တပ်ဟာ ဗမာလူမျိုးများကို ကိုယ်စားပြုပါတယ်။ ကောင်းတာ ကိုပဲယူပြီး ဆိုးတာကျတော့ ချန်ထားလို့ မရပါဘူး။
စကားပုံကို ပြန်ဆက်ရရင် ကိုယ့်ရဲ့မြေမှတ်တိုင်ကို တစ်ပါးသူပိုင်မြေထဲ မရွှေ့မချင်းတော့ အိမ်နီးချင်းနဲ့ ပြဿနာကင်းရှင်းနေမှာ ဖြစ်ပြီး ဘယ်သူကမှ ကိုယ့်အိမ်ကိုယ့်ယာ ကျူးကျော်လာတာကို ရေငုံနှုတ်ဆိတ် ခေါင်းငုံ့ခံနေမှာမဟုတ်ပဲ တရားမျှတမှုမရမချင်း (သို့မဟုတ်)ကျူးကျော်သူက ပြန်လည်မဆုတ်ခွါမချင်းတော့ ခုခံတိုက်ခိုက်နေမှာပဲ ဆိုတဲ့ နိယာမကို စကားပုံက သွန်သင်နေပါတယ်။
ကိုယ်က စလို့ ကျူးကျော်တယ်၊ သူများ သားမယားကိုလည်း စော်ကားခဲ့တယ်၊ အိမ်နီးချင်းရဲ့ စည်းစိမ်အပြောင်လည်း သိမ်းယူပြီးကာမှ ငြိမ်းချမ်းရေးစကားဆို တစ်ဖက်က မယုံကြည်ခါမှ "တို့က ရွှေလက်နဲ့ ခေါ်တယ် မလာမှတော့ ဘူးလက်ပဲပေးတာပေါ့" ဆိုတဲ့ ကျူးကျော်သူစကားက တိုင်းရင်းသားများရင်ကို ဆောင့်ကန်လိုက်တာပါ။
တကယ်ငြိမ်းချမ်းရေးစကားဆိုချင်ရင် ကိုယ့်ရပ်ကိုယ့်ရွာပြန်ပါ။ ကျူးကျော်စိုက်ထူထားတဲ့ မြေမှတ်တိုင်ကို နဂိုမူလအတိုင်း ထားပါ။
တိုင်းရင်းသားများဘက်ကတော့ ဘိုးဘေးတို့သွန်သင်ထားတဲ့ စကားကို သားစဉ်မြေးဆက် မြေဝယ်မကျ နားထောင်တတ်သူများဖြစ်တာကြောင့် အသင်လူမျိုး စိုးရိမ်စရာမလို လို့ပဲ ပြောချင်မိပါတယ်။
တိုင်းရင်းသား မြေမှတ်တိုင်များ နဂိုမူလအတိုင်း ရှိပါစေသား။
အာမင်
ရှငိုင်ဂျော်(MICT)
28.1.2015