Thursday, January 15, 2015

ဒေါက်တာအေးမောင် ဆွေးနွေးဖို့ ဖြစ်ပါတယ်


မင်္ဂလာပါခင်ဗျား။ ကျနော် ရခိုင်(၁)က ဒေါက်တာအေးမောင် ဖြစ်ပါတယ်။ ကျနော်အနေဖြင့် ၂၀၀၈-ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်လို့ ပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာအပေါ်မှာ ကျနော်တို့ပါတီရဲ့ ရပ်တည်ချက်နဲ့ ယှဉ်ပြီးတော့ မိမိရဲ့ အမြင်များကို အကျဉ်းချုံးပြီး တင်ပြသွားမှာ ဖြစ်ပါတယ်။

နာယကကြီးခင်ဗျား...
ဒီအချိန်ဟာ ဖက်ဒရယ်ပြည်ထောင်စုကြီးတစ်ခုကို စစ်စစ်မှန်မှန် ယူနိုင်တဲ့ ကာလလို့ ယုံကြည်ပါတယ်။ ဒီယုံကြည်ချက်ကြောင့်ပဲ အချက်(၄)ချက်ကို အကျဉ်းချုံးပြီး တင်ပြချင်ပါတယ်။
(၁) တန်းတူရေး
လူမျိုးနွယ်စုကြီးများအခွင့်အရေး တန်းတူရရှိရေးကို ဦးတည်ပါတယ်။ တိုင်းရင်းသားပြည်နယ်များဖြင့်သာ ဖွဲ့စည်းတဲ့ အမျိုးသားပြည်နယ်များ စုပေါင်းတဲ့ ပြည်ထောင်စု ဖြစ်ထွန်းပေါ်ပေါက်ရေးကို မျှော်မှန်းပါတယ်။
(၂) ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေး
ပြည်နယ်များရဲ့ အချုပ်အခြာအာဏာအရ ဒေသဖွံ့ဖြိုးတိုးတက်တဲ့အထိ မိမိပါလီမာန်က ဥပဒေပြဌာန်းခွင့် ပြည့်ဝစွာ ရရှိရေးကို ဦးတည်ပါတယ်။ ပြည်နယ်များရဲ့ ဥပဒေပြုခွင့်၊ ပြဌာန်းပိုင်ခွင့် ချဲ့ထွင်ပေးရန်နဲ့ ပြည်ထောင်စုရဲ့ ဥပဒေပြုခွင့်ကို ချုံ့ရန် လိုအပ်ပါတယ်။
(၃) ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေး
ပြည်နယ်ပါလီမာန်မှ ခန့်အပ်တဲ့ ဝန်ကြီးချုပ်ရဲ့ အုပ်ချုပ်ခွင့်အာဏာ အပြည့်အဝခွဲဝေမှုနဲ့ ပြဌာန်းဥပဒေများပျံ့နှံ့မှုရှိဖို့ ဦးတည်ပါတယ်။ ပြည်နယ်များရဲ့ အုပ်ချုပ်ခွင့် ပီပြင်စေရန် ပြည်နယ်ပြဌာန်းဥပဒေများရဲ့ နယ်ပယ်နဲ့ ပြည်ထောင်စုဥပဒေရဲ့ ခွင့်ပြုအုပ်ချုပ်ပိုင်ခွင့် ကျယ်ဝန်းနိုင်ရေးကို မျှော်မှန်းပါတယ်။
(၄) ဒီမိုကရေစီစံနှုန်း ပီပြင်ရေး
ဒီမိုကရေစီစံနှုန်းနဲ့ မကိုက်ညီတဲ့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ ကာလတစ်ခုအတွင်း တဖြည်းဖြည်း လျှော့ချသွားရေး၊ Professional Organization အဖြစ် တပ်မတော်ပီပီပြင်ပြင် ဖြစ်ထွန်းရေးအတွက် အထွေထွေသယဇာတဖြစ်ရေး မူတစ်ရပ် ညှိနှိုင်းအကောင်အထည်ဖော်နိုင်ရန် ဦးတည်ပါတယ်။ သင့်တော်တဲ့ အချိန်ကာလတစ်ခုမှာ ပြည်သူလူထုထံမှ ဆင်းသက်တဲ့ ရွေးကောက်ခံအမတ်များနဲ့ ဖွဲးစည်းတဲ့ ပါလီမာန်ကြီး ပေါ်ထွန်းဖို့ မျှော်မှန်းပါတယ်။
နာယကကြီးခင်ဗျား...
လက်ရှိကာလဟာ အပြောင်းအလဲတစ်ခုအတွက် အလွန်အတိမ်းအစောင်းမခံနိုင်တဲ့ တိုင်းရင်းသားများ စောင့်စားနေကြတဲ့၊ လက်နက်ကိုင်အဖွဲ့အစည်းများ စောင့်စားနေကြတဲ့၊ ပြည်သူများနဲ့ လူငယ်မျိုးဆက်ပေါင်းများစွာ စောင့်စားနေကြတဲ့ လမ်းဆုံလမ်းခွကို ရောက်နေတဲ့ မြန်မာ့ဒီမိုကရေစီအပြောင်းအလဲကာလတစ်ခုလို့ ကျနော်တို့က ယုံမှတ်ပါတယ်။ ဒီကာလရဲ့ ပြည်တွင်းပြည်ပနိုင်ငံရေးရာသီဥတုအခြေအနေ၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရေးဆွဲစဉ်ကာလက အခြေအနေ၊ မနက်ဖြန် ဖြစ်လာမဲ့ နိုင်ငံရေးအခြေအနေများကို သုံးသပ်ပြီးမှ အုပ်ချုပ်သူရပိုင်ခွင့်မူဘောင်၊ အအုပ်ချုပ်ခံများရဲ့ ရပိုင်ခွင့်မူဘောင်များနဲ့ သုံးသပ်ပြီး ပြည်ထောင်စုရဲ့ ရပိုင်ခွင့်၊ တိုင်းရင်းသားများရဲ့ ရပိုင်ခွင့်များကို ချိန်ဆပြီးမှ ကျနော်တို့ ဆွေးနွေးကြမဲ့ ဖြစ်တဲ့အခါမှာ မိမိတို့ရဲ့ ဘက်တစ်ဘက် ရပ်တည်ချက်ဖြစ်တဲ့ (၁)"တပ်မတော်သည် ဖွဲ့စည်းပုံပါ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးကဏ္ဍမှာ အစဉ်အမြဲပါဝင်ရေး"ဆိုတဲ့ မပြောင်းလဲတဲ့ ရပ်တည်ချက်၊ (၂) မိမိတို့ပါဝင်ရေးဆွဲခဲ့တာ ဖြစ်လို့ မပြင်ဆင်နိုင်ဘူးဆိုတဲ့ ရပ်တည်ချက်တို့ထက် နိုင်ငံသူနဲ့ နိုင်ငံသားများကောင်းကျိုးအတွက် ကိုယ့်ဘက်သူ့ဘက်လွန်ဆွဲမှုကို အတတ်နိုင်ဆုံး လျှော့ပြီး ကောင်းမြတ်တဲ့စေတနာ အရင်းခံရင်း ဆွေးနွေးပေးကြ၊ ရပ်တည်ပေးကြမယ်ဆိုရင် ခေတ်ကာလနဲ့ အလွန်သင့်လျှော်တဲ့ ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံကြီးတစ်ခု ရရှိမှာမသွေဘူးဆိုတာကို ယုံမှတ်ပါတယ်။
ဒီဖွဲ့စည်းပုံသစ်ကြောင့် အမျိုးသားပြန်လည်ရင်ကြားစေ့လာနိုင်မယ်ဆိုရင်၊ ပြည်ထောင်စုကြီး ထာဝရငြိမ်းချမ်းလာနိုင်မယ်ဆိုရင်၊ အာရှအလယ်မှာ ပြန်လည်ငွားစွင့်လာစေနိုင်မယ်ဆိုရင်၊ တစ်ဦးနဲ့တစ်ဦး အမုန်းပွားမှု အာဃာတတရားများ ကင်းစင်လာပြီး သင်ပုန်းချေလာစေနိုင်မယ်ဆိုရင် ကျနော်တို့အားလုံး ပြုပြင်ဖို့ ကြိုးစားနေကြတဲ့ ဖက်ဒရယ်ဖွဲ့စည်းပုံသစ်ကြီးတစ်ခုဟာ ပြည်ထောင်စုအတွက်ရော ကျနော်တို့ပြည်ထောင်စုလွှတ်တော်အတွက်ရော သားရွှေအိုးထမ်းလာတဲ့ကိန်းကို ရမယ်လို့ မျှော်မှန်းပါတယ်။
နာယကကြီးခင်ဗျား ...
ဆက်ပြီးတော့ တန်းတူရေးနဲ့ ပတ်သက်လို့ အနည်းအကျဉ်း တင်ပြချင်ပါတယ်။ နှစ်(၆၀)ကျော်လောက် တိုင်းရင်းသားများ မျှော်မှန်းတဲ့၊ တိုင်းရင်းသားအချင်းချင်း တန်းတူအခွင့်အရေး ရရှိစေဖို့၊ စစ်မှန်တဲ့ ပြည်ထောင်စု တန်းတူဖွဲ့စည်းရေးဆိုတဲ့ ရည်မှန်းချက်ဟာ အလွန်ကြီးမားပါတယ်။ ဖက်ဒရယ်ပြည်ထောင်စုကို ဖွဲ့စည်းရန် တည်ဆောက်တဲ့အခါမှာ ပြည်ထောင်တွေကို ဘယ်လိုဖွဲ့စည်းတည်ထောင်မလဲဆိုတဲ့ကဏ္ဍဟာ အင်မတန်မှ အရေးကြီးပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပုဒ်မ ၉ (က)မှာ ပြဌာန်းထားသလို တိုင်း(၇)ခုနဲ့ ပြည်နယ်(၇)ခုနဲ့ ဖွဲ့မလားဆိုတဲ့ ဥစ္စာဟာ စဉ်းစားစရာ ဖြစ်လာပါတယ်။ ဗမာက တိုင်း(၇)ခုကို ခွဲယူထားတဲ့အခါမှာ တန်းတူရေးဆိုတဲ့ အောင်လံအောက်မှာ ရှိနိုင်သလားဆိုတာကို သုံးသပ်ဖို့ လိုလားပါပြီ။
အဲ့ဒီလိုပဲ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေနဲ့ အချို့ပါတီတွေက တိုင်းရင်းသားလူမျိုးကြီး (၈)ခု ဖြစ်လို့ တန်းတူပြည်နယ်(၈)ခု ဖွဲ့စည်းမလားဆိုတဲ့ ယူဆချက်ကိုလည်း စဉ်းစားစရာ ဖြစ်လာပါတယ်။ ကျနော်တို့ရဲ့ ကော်မတီကတော့ဖြင့် ၉ (က)ကို နဂိုအတိုင်း ထားမယ်လို့ ကျနော်တို့ သုံးသပ်ထားပါတယ်။ ဗမာသည်လည်း တိုင်းရင်းသားဖြစ်တယ်၊ လူများစု ဖြစ်တယ်၊ ဒါကြောင့်မို့လို့ ကျနော်တို့ ဒီကာလမှာ သဘောထားကြီးမှုကို ပြသင့်ပြီးလားဆိုတာကို အပြန်အလှန်သုံးသပ်ပြီး ကျနော်တို့ရဲ့ ပါတီမူဝါဒနဲ့ တင်ပြထားတဲ့ ၁၉၄၇ ဖွဲ့စည်းပုံပါ ဝိသေသတိုင်းတစ်ခု၊ ပြည်နယ်(၄)ခုနဲ့ ဖွဲ့စည်းထားတဲ့ proper Burma တစ်ခု၊ ပြည်နယ်ဝိသေသတိုင်း(၅)ခုဆိုတဲ့ အစွန်းတရားတစ်ခု၊ ၁၉၇၄ မှာ တင်ပြထားတဲ့ တိုင်း(၇)တိုင်း ပြည်နယ်(၇)ခုဆိုတဲ့ အစွန်းတရားတစ်ခုကို ရှောင်ပြီးတော့ ကျနော်တို့ သဘောထားကြီးစွာနဲ့ အထက်ဗမာပြည်နယ်၊ အောက်ဗမာပြည်နယ် စသည်ဖြင့် တိုင်း(၃)သုံးကို ပေါင်းပြီးတော့ ကျနော်တို့ရဲ့ (၉)ပြည်ထောင်စုနဲ့ ပေါင်းတဲ့ စစ်မှန်တဲ့ ပြည်ထောင်စုပုံသဏ္ဌာန်မျိုးဆိုရင်ကိုး ဆိုတဲ့ အတွေးနဲ့ ကျနော်တို့ စူးစမ်းစဉ်းစားနိုင်အောင် တင်ပြခြင်းဖြစ်ပါတယ်။
တကယ်လို့များ (၉)ပြည်ထောင်စုစဉ်းစားမယ်ဆိုရင် ဝသည်လည်း ပြည်နယ်တစ်ခု ဖန်တီးပေးဖို့သလို မွန်ပြည်နယ်ရဲ့ ဧရိယာဟာလည်း တနသာင်္ရီတိုင်းကို ဆန့်ဝင်သွားမှာမို့လို့ တနသာင်္ရီတိုင်းမှာ ရှိတဲ့ ထားဝယ်တိုင်းရင်းသားများကိုလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးရမှာ ဖြစ်တယ်။ အဲဒီလိုပဲ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းကိုလည်းပဲ သတ်မှတ်ပေးရမှာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ပြန့်ကျဲနေတဲ့ တိုင်းရင်းသားများကို သက်ဆိုင်ရာပြည်နယ်များနဲ့ စုစည်းပြီးကာမှ ရှမ်းပြည်နယ်ဆိုလို့ရှိရင် ပြင်ဦးလွင်တို့၊ မိုးမိတ်တို့၊ မိုးကုတ်တို့၊ မိုးဗိန်တို့တို့ကို ပေါင်းထည့်ပြီးမှ စစ်ကိုင်းတိုင်းရဲ့ အစွန်းအဖျားမှာ ရှိတဲ့ ရှမ်းတိုင်းရင်းသားများကို ရှမ်းပြည်နယ်ထဲမှာ ထည့်ပြီးကာမှ ဖွဲ့စည်းသင့်ပါတယ်။ 
အဲ့သလိုပဲ ကျနော်တို့ရဲ့ ကရင်များအတွက်ဆိုရင် စစ်တောင်းမြစ်ရဲ့ အရှေ့ဘက်ခြမ်းမှာ ရှိတဲ့ မြို့နယ်များ၊ ကျောက်ကြီး ထန်းတစ်ပင်တို့ကို ပေါင်းထည့်ပြီးမှ ကျနော်တို့ရဲ့ စစ်မှန်တဲ့ ပြည်ထောင်စုပုံသဏ္ဌာန်တစ်ခုကို ဖွဲ့စည်းနိုင်ခဲ့မယ်ဆိုရင် ပုဒ်မ ၉၊ ပုဒ်မ ၄၈၊ ပုဒ်မ ၅၀ တို့ဟာ ပြန်လှန်သုံးသပ်သင့်တဲ့အခြေအနေ ဖြစ်ကြောင်းကို ကျနော် တန်းတူရေးနဲ့ ပတ်သက်လို့ တင်ပြချင်ပါတယ်။
ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ပတ်သက်လို့ ကျနော်တို့ ပြန်သုံးသပ်တဲ့အခါမှာ ၁၂ (က)ဟာ အင်မတန်ပီပြင်ပါတယ်။ ၁၂ (က)ကြောင့်လည်း အချုပ်အခြာအာဏာရဲ့ တစိတ်တဒေသကို ကျနော်တို့ပြည်နယ်များပါလီမာန်များက ရရှိခြင်းဖြစ်ပါတယ်။ အဲ့သလို ၁၂ (က)နဲ့ ပတ်သက်လို့ ပိုပီပြင်ဖို့အတွက် ပုဒ်မ ၁၈၈ မှာ ညွှန်းထားတဲ့ ဇယား(၂)ကို ပိုမိုချဲ့ထွင်ပေးဖို့ လိုပါတယ်။ အခု ကျနော်တို့ မြန်မာ့သတ္တုတွင်းဥပဒေမှာ ပါတဲ့ အခုတစ်စို့မှုဟာဆိုရင် ပြည်နယ်များရဲ့ လုပ်ပိုင်ခွင့်ဟာ နည်းလွန်းလို့ ပြည်နယ်တစ်ခုရဲ့ ဖွံ့ဖြိုးပိုင်ခွင့်ရှိတဲ့ Resource Sharing ကို ဘာမှ မပေးနိုင်လို့ အခုလို တစ်စို့မှု ဖြစ်တဲ့အခြေအနေကို ပြန်သုံးသပ်လို့ ရှိရင် ကာကွယ်ရေး၊ နိုင်ငံခြားရေး၊ ဘဏ္ဍာငွေထုတ်လုပ်ရေး၊ အခြားလမ်းကွန်ယက်ဆက်သွယ်ရေးကွန်ယက်က လွဲပြီးရင် ကျန်တဲ့ လုပ်ငန်းအားလုံးကို အခြေခံဥပဒေမှာ ပါတဲ့ ဇယား(၁)ပါ ကဏ္ဍ(၁၁)ခုထဲက ကျန်တဲ့ ကဏ္ဍအားလုံးကို ပြည်နယ်များရဲ့ ဥပဒေပြုခွင့်ထဲကို ထည့်သင့်ပြီလို့ ကျနော်တို့ သုံးသပ်ပါတယ်။
ကျန်တဲ့ဥပဒေပြုခွင့်အာဏာအတိုင်း ကျနော်တို့ရဲ့ ပြည်နယ်ဝန်ကြီးချုပ်ဟာ အာဏာသက်ရောက်မှု ရှိတဲ့ အပိုင်းကိုတော့ဖြင့် ၁၀၀၊ ၂၆၁ (က)၊ ၂၆၂ (က)တို့မှာ ပါတဲ့ အသုံးအနှုန်းများကို ကျနော်တို့ နဂိုအတိုင်း ထားရှိဖို့ တင်ပြတာ တွေ့တဲ့အခါမှာ အင်မတန် စိတ်မကောင်း ဖြစ်ရပါတယ်။ ပြည်နယ်လွှတ်တော်က ပြည်နယ်ဝန်ကြီးချုပ်ကို ရွေးချယ်ခန့်အပ်ပြီးမှ သမ္မတကြီးက အတည်ပြုတာမျိုး ဖြစ်သင့်ပါတယ်။
နောက်ဆုံးအနေနဲ့ အထွေထွေသဟဇာတဖြစ်ရေးနဲ့ ပတ်သက်လို့ ကျနော် အနည်းအကျဉ်း တင်ပြချင်ပါတယ်။ ကျနော်တို့ရဲ့ ပုဒ်မ ၄ ဆိုတာ အခြေခံဥပဒေမှာ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာဟာ နိုင်ငံသားများမှာ ရှိတယ်လို့ သတ်မှတ်ထားပါတယ်။ ပုဒ်မ ၁၄ နဲ့ ပုဒ်မ ၄ ဟာ အင်မတန်ဆန့်ကျင်ပါတယ်။ အဲ့ဒါကြောင့် အထွေထွေသဟဇာတဖြစ်ရေးအတွက် ကြီးလေးကြီး တွေ့ကြပါ၊ ကျနော်တို့ရဲ့ အာဃာတများကို လျှော့ပြီးခါမှ အထွေထွေသဟဇာတမူတစ်ခုကို ရေးဆွဲနိုင်မယ်ဆိုရင်၊ တကယ်လို့များ ဖြစ်နိုင်ရင် တိုင်းရင်းသားတစ်ဦးကိုလည်း တစ်ပွင့်လို့ သတ်မှတ်ပြီး (၅)ဦးဆိုင်တဲ့ ဆွေးနွေးပွဲတစ်ခုကို လုပ်နိုင်မယ်ဆိုရင် လက်ရှိပြဿနာများကို ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ကြောင်း တင်ပြရင်းနဲ့ နိဂုံးချုပ်ပါတယ်။ ကျေးဇူးတင်ပါတယ်။