Friday, January 16, 2015

KIA တပ်ရင်း ၆ က ဗိုလ်မှူးတန့်ဆိုင်းကို မေးမြန်းချက် ( RFA သတင်းထောက် မဝေမာထွန်း )

တိုက်ပွဲကြောင့် ကချင်ရွာသား ၂၀၀၀ နီးပါး ပိတ်မိနေ
2015-01-15
RFA
KIA တပ်ရင်း ၆ က ဗိုလ်မှူးတန့်ဆိုင်းကို မေးမြန်းချက် ( RFA သတင်းထောက် မဝေမာထွန်း )
ဦးတူးရော်ကို မေးမြန်းချက် ( RFA သတင်းထောက် မဝေယံမိုးမြင့် )
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာ အုပ်စု အောင်ဘာလေကျေးရွာအနီးမှာ တပ်မ ၆၆ လက်အောက်ခံ အစိုးရတပ်တွေနဲ့ ကေအိုင်အေတပ်ရင်း ၆ အကြား ဒီနေ့မနက်ကစပြီး လက်ရှိအချိန်ထိ တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် ဒေသခံရွာသား ၂၀၀၀ နီးပါး ပိတ်မိနေတယ်လို့ သိရပါတယ်။
ပြည်နယ်ဝန်ကြီး ဦးကမန်းဒူနော်တို့ကို မနေ့က ဖမ်းဆီးစစ်ဆေးခဲ့တာနဲ့ ပတ်သက်ပြီး အစိုးရစစ်တပ်က ပစ်ခတ်တာဖြစ်တယ်လို့ ကေအိုင်အေ တပ်ရင်း ၆ တပ်ရင်းမှူး ဗိုလ်မှူးတန်ဆန့်က ပြောပါတယ်။
"ကျနော်တို့က မနေ့က အရမ်းမိုးချုပ်သွားတဲ့ အတွက်ကြောင့်မို့ မနက်ကျရင် ပြန်လည်လွှတ်ပေးဖို့ ဆိုပြီးတော့မှ ပြောထားပြီးသားဗျ၊ အဲ့ဒါကိုမစောင့်ဘူး၊ ဒါကိုအကြောင်းပြပြီးတော့မှ နဂိုကလည်းလုပ်ချင်နေ တာ၊ ဘာမှမဟုတ်တဲ့ကိစ္စလေးကို ရေးကြီးခွင်ကျယ် လုပ်ပြီး စစ်ဆင်ရေးလုပ်တယ်လို့ ကျနော်တို့ကမြင် တယ်၊ ရွာသားတွေတော့ ပိတ်မိနေတာပေါ့ဗျ၊ အခုဟာ ဘုန်းကြီးကျောင်းတို့၊ ခရစ်ယာန်ဘုရားကျောင်း တို့မှာ နေနေကြရပါတယ်၊ မနက် ၆ နာရီခွဲကနေဖြစ်တာ ၁ နာရီခွဲမှာ ခဏနား ပြီးရင်တော့ လက်နက်ကြီးတွေ နဲ့ ပြန်ထု၊ အခုလည်း ဆက်ဖြစ်နေသေးပါတယ်"
မနေ့က ဖားကန့်မြို့နယ် ဝှေခါ-ဝေလုံတောင်ကြောပေါ်မှာ ကချင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနဲ့ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေကို ကေအိုင်အေ တပ်ရင်း ၆ တပ်သားတွေက ဖမ်းဆီးစစ်ဆေးခဲ့တာကြောင့် တိုက်ပွဲ တွေ ဖြစ်တာလို့ မြောက်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ် အဆင့်မြင့်အရာရှိတစ်ဦးက အတည်ပြုပြောပါတယ်။
"တိုက်ပွဲဖြစ်တယ်ဆိုတာက ဒီလိုပါ၊ မနေ့က ဝန်ကြီးတို့ ရဲတို့ပေါ့နော်၊ ဒါတွေ ဟိုဟာဖြစ်တာဖြစ်တဲ့ အတွက်တော့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်၊ ဒါတွေက ဟိုဟာဘာလဲ တိုက်ပွဲသဘောသဘာဝဖြစ်တော့လေ၊ အဲ့ဒါတွေက နောက်ဆက်တွဲကိစ္စတွေပဲ ဖြစ်လာတဲ့သဘောဖြစ်ပါတယ်"
တိုက်ပွဲကြောင့် အောင်ဘာလေ ၊ ကံဆီးခေါ၊ ငှက်ပျောတော စတဲ့ ကျေးရွာတွေက ဒေသခံရွာသားနှစ်ထောင် နီးပါးဟာ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းတွေနဲ့ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွေမှာ ပိတ်မိနေတယ်လို့ သိရပါတယ်။
======
ပြည်နယ်ဝန်ကြီး ထိန်းသိမ်းခံခဲ့ရပြီး KIA နဲ့ အစိုးရစစ်တပ် တိုက်ပွဲပြင်းထန်လာ
January 15, 2015
ဧရာဝတီ
ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲမှာ ဒီနေ့မနက် ၆ နာရီကစပြီး ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နဲ့ အစိုးရစစ်တပ် အကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေတယ်လို့ သတင်းရရှိပါတယ်။
ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) ရဲ့နည်းပညာဆိုင်ရာ အကြံပေးအဖွဲ့ ပြောခွင့်ရ ဦးဒေါင်ခါးက“တိုက်ပွဲက မနက်ကတည်းကဖြစ်နေတာ အခုအချိန်အထိပဲ။ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်ပြီး အစိုးရစစ်တပ် က အခု ကျနော်တို့ နယ်ထဲအထိ ကျွံလာလို့ တိုက်ပွဲက ပိုပြင်းထန်လာတယ်”လို့ ဧရာဝတီကို ပြောပါတယ်။
တိုက်ပွဲတွေဟာ ဖားကန့်မြို့နယ် အောင်ဘာလေ ကျေးရွာအနီးမှာဖြစ်ပြီး KIA တပ်မဟာ ၂ မှ တပ်ရင်း (၆) တပ်ဖွဲ့ဝင်တွေနဲ့ အစိုးရ စစ်တပ် တပ်မ ၆၆ လက်အောက်ခံ တပ်ရင်းတွေ နှစ်ဖက်ပစ်ခတ် နေ ကြတာကြောင့် ဘေးလွတ်ရာကို ရှောင်ပုန်းလိုနေကြတဲ့ ဒေသခံ ရွာသားတွေလည်း အခက်ကြုံနေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“တိုက်ပွဲက ရွာနားမှာ ဖြစ်နေတာဆိုတော့ အောင်ဘာလေ ရွာသားတွေတော်တော်လေး စိုးရိမ်ထိတ်လန့်နေ ကြတယ်။ ဖားကန့်မြို့ဘက်ကို ထွက်ပြေးဖို့ရာကလည်း နှစ်ဘက်တိုက်ပွဲက လမ်းမှာပိတ်ဖြစ်နေတာ ဆိုတော့ ထွက်မရကြဘူးဖြစ်နေတယ်။ အခုတော့ သူတို့ရွာက ဘုရားကျောင်းမှာပဲ စုနေကြတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
မနေ့ မနက်ပိုင်းက ဝှေခါ ကားလမ်းပေါ်မှာ ကချင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကမန်းဒူးနော်နဲ့ ရဲတပ်ဖွဲ့ဝင် သုံးဦးကို KIA က ဖမ်းဆီးစစ်ဆေးမှုတွေ ပြုလုပ်အပြီးမှာ နှစ်ဖက်တပ်တွေအကြား အခုလို တိုက်ပွဲ တွေ ပြန်ဖြစ်နေတာ ဖြစ်ပါတယ်။
ကချင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကမန်းဒူးနော်နဲ့ လုံခြုံရေးအဖြစ်လိုက်ပါသွားတဲ့ ရဲတပ်ဖွဲ့ ဝင်သုံးဦးဟာ မိုးကောင်း – ကာမိုင်း – ဖားကန့် လမ်းကြောင်းအား စစ်ဆေးကြည့်ရှုဖို့ ရောက်ရှိနေတာဖြစ်ပြီး ဖားကန့် – ဆိတ်မူ – ဝှေခါ – ညောင်ပင် – လုံးတုံး – ဟိုပင် လမ်းကြောင်း အတိုင်း ထွက်ခွာလာစဉ် မနေ့က ၁၁ နာရီခွဲခန့်မှာ KIA အဖွဲ့က သေနက်ပစ်ဖောက်တားဆီးပြီး ဝန်ကြီးကို စစ်ဆေးမေးမြန်းမှုတွေပြုလုပ်ကာ ပြန်လွှတ်ပေးခဲ့ပေမယ့် လုံခြုံရေးအဖြစ် လိုက်ပါဆောင်ရွက်တဲ့ ဒုရဲအုပ် မြင့်စိုး ဦးစီးတပ်ဖွဲ့ဝင် သုံးဦးကိုတော့ လက်နက်ခဲယမ်းတွေနဲ့ အတူ ဖမ်းဆီးခေါ်ဆောင်ထားတယ်လို့ ဒီကနေ့ထုတ် မြန်မာအလင်း သတင်းစာမှာ ဖော်ပြထားပါတယ်။
အစိုးရ တာဝန်ရှိသူတွေက ဖမ်းဆီးခံထားရတဲ့ ရဲတပ်ဖွဲ့ဝင်သုံးဦး ပြန်လွှတ်ပေးရေး မြစ်ကြီးနားမြို့ စီတာ ပူရပ်ကွက်ရှိ ပဋိပက္ခ ဖြေရှင်းရေး ညှိနှိုင်းရေး အဖွဲ့ဝင် ဒုဗိုလ်မှူးကြီးအဆင့်ရှိ ဦးနော်ဒီနဲ့ မြစ်ကြီးနားမြို့ နည်း ပညာ ဆိုင်ရာ အကြံပေးအဖွဲ့ က ဦးလမိုင်ဂွန်ဂျာတို့ထံ ဆက်သွယ်ဆောင်ရွက်ထားသလို အစိုးရ နယ်မြေ ခံ စစ်ကြောင်းက ဖမ်းဆီးသွားတဲ့ KIA တပ်ဖွဲ့ကိုလည်း လိုက်လံရှင်းလင်းနေတယ်လို့ ဆိုပါတယ်။
KIA ကတော့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကမန်းဒူးနော် ဆိုတာမသိကြောင်း သူတို့ လှုပ်ရှားနယ်မြေ အတွင်း အစိုးရ စစ်တပ်အရာရှိတဦး အရပ်ဝတ်နဲ့ ဝင်လာမယ်လို့ လျှို့ဝှတ်သတင်းရရှိထားမှုအရ တားဆီးစစ် ဆေးခဲ့တာဖြစ်ပြီး ဝန်ကြီး ဦးကမန်းဒူးနော် ကိုတော့ စစ်ဆေးမှုတွေအပြီးမှာပဲ ပြန်လွှတ်ပေးခဲ့တယ်လို့ ဦးဒေါင်ခါးကပြောပါတယ်။
ဒါ့အပြင် ရဲတပ်ဖွဲ့ဝင်သုံးဦးကိုလည်း ပြန်လွှတ်ပေးဖို့ KIO ဗဟိုဌာနချုပ်က အကြောင်းကြားထားပြီးဖြစ်လို့ လွှတ်ပေးဖို့ ပြုလုပ်နေစဉ်မှာ အစိုးရဘက်က ထိုးစစ်ဆင်တိုက်ခိုက်မှုတွေပြုလုပ်လာတာလို့လည်းဆိုပါတယ်။
“ရဲသုံးယောက်ကိုပြန်လွှတ်ဖို့ အထက်က အမိန့်ကျလာပြီးသား။ MPC ကိုလည်း ကျနော်တို့ အကြောင်း ကြား ပြီးပါပြီ။ ကျနော်တို့ ပြန်လွှတ်ဖို့ ပြင်နေတုန်းမှာ အစိုးရ စစ်တပ်က တောက်လျှောက်ပစ်ခတ် တိုက်ခိုက်မှု တွေလုပ်လာတာ” လို့ ဦးဒေါင်ခါး က ပြောပါတယ်။
မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး လုပ်ငန်းဗဟိုဌာန (MPC) ကအကြီးတန်း အကြံပေး ပုဂ္ဂိုလ် ဦးလှမောင်ရွှေကတော့ တိုက်ပွဲဟာ မနက် ၆ နာရီအချိန်ကတည်းက ဖြစ်နေတာဖြစ်ပြီး KIA က ရဲတပ်ဖွဲ့ဝင် များ ပြန်လွှတ်ပေးဖို့ အကြောင်းကြားလာတဲ့ အချိန်ဟာ နံနက် ၁၀ နာရီကျော်ကျော်မှာသာဖြစ်ကြောင်း ထောက်ပြပါတယ်။
အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ (UPWC)နဲ့ KIA ပါဝင်တဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲ ရေးဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ (NCCT) တို့ဟာ တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲ ရေး ဆွေးနွေးနေတဲ့ ကာလဖြစ်ပါတယ်။
အခုဖြစ်ပွားလာတဲ့ တိုက်ပွဲတွေကြောင့် KIA နဲ့ အစိုးရတို့ရဲ့ ငြိမ်းချမ်းရေး ယုံကြည်မှုတည် ဆောက်နေတဲ့ အခြေအနေတွေကို ရိုက်ခတ်မှု ရှိမရှိဆိုတာကတော့ စောင့်ကြည့်ရမှာဖြစ်တယ်လို့ ဦးလှမောင်ရွှေ ကပြောပါတယ်။
“ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုတာကတော့ ယုံကြည်မှုတည်ဆောက်ပြီးတော့မှ ဆွေးနွေးပြီး ဆက်သွားရမယ့် လမ်းစဉ် ဖြစ်တဲ့ အတွက် ဒီတိုင်း ကျနော်တို့ အနေနဲ့ ဆက်သွားဖို့မျှော်လင့်ထားတာပေါ့လေ။ ဒါပေမယ့် တိုက်ပွဲဖြစ်ပွားမှု အပေါ်မှာ ဘယ်လောက် ရိုက်ခတ်သလဲဆိုတာကိုတော့ ဖြစ်တဲ့ အဖြစ်အပျက်အပေါ်မှာ တော့ ကျနော်တို့ ဆက်ပြီးတော့ စောင့်ကြည့်ဖို့ လိုဦးမယ်ထင်ပါတယ်” လို့ ဦးလှမောင်ရွှေက ပြောပါတယ်။
ကချင် လူမှုဖွံ့ဖြိုးရေး ကွန်ရက်အဖွဲ့ (KDNG) က နှစ်ဖက်တိုက်ပွဲပြင်းထန်ပြီး အဆိုပါပစ်ခတ်မှုတွေကြားမှာ ဒေသခံ ရွာသူ၊ ရွာသား ၇၀၀ ကျော်၊ ကျောင်းသား ၂၀၀ ကျော်နဲ့ ကျောင်းဆရာ၊ ဆရာမ ၂၁ ဦး ပိတ်မိနေကြောင်း ထုတ်ပြန်ထားတာကို တွေ့ရပါတယ်။
ဒီနေ့ နံနက်ပိုင်းကလည်း ကချင်ပြည်နယ် အင်းတော်ကြီး ဒေသ လွဲမွန်ကျေးရွာအုပ်စု နန်းမတဲ့ကျေးရွာ အနောက်ဖက် ၇မိုင်ခန့်အကွာမှာလည်း KIA တပ်မဟာ ၆ လက်အောက်ခံ တပ်ရင်းတွေနဲ့ အစိုးရတပ်များ တိုက်ပွဲများဖြစ်ပွားနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၉ ရက်နေ့ KIA ဗိုလ်လောင်းသင်တန်းကျောင်းကို တပ်မတော်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ပြီးနောက်ပိုင်း ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ တိုက်ပွဲများ ဆက်တိုက်ဆိုသလို ဖြစ်ပွားလာတာဖြစ်ပါတယ်။
======
ကချင်တွင် ထိန်းသိမ်းခံရသည့် ရဲတပ်ဖွဲ့ဝင်သုံးဦးကို ကေအိုင်အေ ပြန်လွှတ်မပေးသေး
Thursday, 15 January 2015
မဇ္ဈိမ
ကချင်ပြည်နယ်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ၏ လမ်းကြောင်းတွင် လိုက်ပါသွားသည့် လုံခြုံရေးရဲတပ်ဖွဲ့ဝင် သုံးဦးကို ကချင်လွတ်မြောက်ရေးတပ်မတော်(ကေအိုင်အေ)က ဖမ်းဆီး ထိန်းသိမ်းထားဆဲဖြစ်သည်ဟု ကချင်ပြည်နယ်အစိုးရအဖွဲ့မှ အမည်မဖော်လိုသည့် တာဝန်ရှိသူ တစ်ဦးက မဇ္ဈိမကို ဇန်န၀ါရီ ၁၅ရက်ည ၆နာရီတွင် အတည်ပြုပြောဆိုသည်။
လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကမန်းဒူးနော်၏ လမ်းကြောင်းတွင် လိုက်ပါသွားသည့် လုံခြုံရေးတပ်ဖွဲ့ဝင်သုံးဦးကို ကေအိုင်အေတပ်ဖွဲ့ဝင်များက ကချင်ပြ ည်နယ်ရှိ ဟွေလုံလမ်းပိုင်း တစ်နေရာတွင် ဇန်န၀ါရီ ၁၄ရက် နေ့လည်ပိုင်းက ဖမ်းဆီးထိန်းသိမ်းခြင်းဖြစ်ပြီး ၂၄နာရီကျော်ကြာသည်အထိ ပြန်လွှတ်ပေးခြင်းမရှိဟု အဆိုပါ တာဝန်ရှိသူက ပြောဆိုလိုက်ခြင်းဖြစ်သည်။
'ညှိနှိုင်းဆောင်ရွက်နေတဲ့အနေအထားတော့ရှိပါတယ်။ သေချာတာတော့ အခုအချိန်ထိ ဖမ်းဆီးခံ ထားရတဲ့ ရဲတပ်ဖွဲ့ဝင် သုံးဦးစလုံး ပြန်မလွတ်သေးပါဘူး' ဟု ၎င်းက ပြောသည်။
အဆိုပါ အခြေအနေများကို ကချင်ငြိမ်းချမ်းရေးအကျိုဆောင် ဦးလမိုင်ဂွမ်ဂျာကို မဇ္ဈိမ ဆက်သွယ်မေးမြန်းရာ ၎င်းတို့အနေဖြင့် ကေအိုင်အို(ဗဟို)နှင့် အဆက်အသွယ် မရသေးဟု ဆိုသည်။
ဖမ်းဆီးခံရသည့် ရဲတပ်ဖွဲ့ဝင်သုံးဦးကို အမြန်ဆုံးပြန်လွတ်ပေးရန် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီးကလည်း တောင်းဆိုထားသည်။
လက်ရှိတွင် ကချင်ပြည်နယ် ဖားကန့်မြို့နယ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ ဒေသတွင် အစိုးရစစ်တပ်နှင့် ဇန်နဝါရီ ၁၅ ရက်က တနေကုန် တိုက်ပွဲ ဖြစ်ပွားနေပြီး ကျောင်းသားများ အပါအဝင် လူ ၁၀၀၀ ခန့် ပိတ်မိနေသည်ဟု ဒေသခံများနှင့် လူမှုအဖွဲ့အစည်းများက မဇ္ဈိမကို ပြောသည်။
သမ္မတဦးသိန်းစိန်ကလည်း လာမည့် ဖေဖေါ်ဝါရီ ၁၂ရက်(ပြည်ထောင်စုနေ့)တွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရန် တိုင်းရင်းသားများကို တိုက်တွန်းထားသည်။
=======
ဖားကန့်မြို့တွင် ဗုံးနှစ်လုံးပေါက်
Thursday, 15 January 2015
မဇ္ဈိမ
ကချင်ပြည်နယ်၊ ဖားကန့်မြို့ရှိ လုံးခင်းရဲစခန်းနှင့် မရှိဂထောင်တံတားတွင် ဇန်နဝါရီ ၁၅ရက် ညနေ ၆နာရီခွဲတွင် တစ်ကြိမ်၊ ၇နာရီ ခွဲတွင် တစ်ကြိမ် ဗုံးနှစ်လုံး ပေါက်ကွဲခဲ့သည်ဟု ကချင်ပြည်နယ် အစိုးရအဖွဲ့မှ အမည်မဖော်လိုသည့် တာဝန်ရှိသူတစ်ဦးက မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားသည်။
သတင်းအသေးစိတ်ကိုမူ မဇ္ဈိမက စုံစမ်းမေးမြန်းနေဆဲဖြစ်သည်။
ဇန်နဝါရီ ၁၄ရက်တွင် ဖားကန့်မြို့အတွင်း ဟွေလုံလမ်းပိုင်းတွင် မိုးကောင်း-ဖားကန့်-ကာမိုင်း လမ်းကို သွားရောက်စစ်ဆေးသည့် ကချင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကမန်းဒူးနော် နှင့် လုံခြုံရေး တပ်ဖွဲ့ဝင် ၃ဦးကို ကချင်လွတ်လပ်ရေးတပ်မတော်(ကေအိုင်အေ)က တပ်သားများက ဖမ်းဆီးဖော်ဆောင်ခဲ့ပြီး ဝန်ကြီးကို ပြန်လည်လွှတ်ပေးခဲ့သော်လည်း ရဲသုံးဦးကိုမူ ယခုထိ လွှတ်မပေးသေးပေ။
ဇန်နဝါရီ ၁၅ရက် နံနက်တွင်မူ အစိုးရ တပ်မတော်မှ ဖားကန့်မြို့နယ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ ဒေသတွင် ထိုးစစ်ဆင်ကာ လက်နက်ကြီးများဖြင့် ပစ်ခတ်၍ တစ်နေကုန် တိုက်ပွဲဖြစ်ပွားနေရသည်။ ယင်းတိုက်ပွဲဖြစ်ရာ အောင်ဘာလေရွာမှ ကျောင်းသား ၂၀၀ခန့် အပါအဝင် ဒေသခံ ၁၀၀၀ကျော်လည်း ပိတ်မိနေကြောင်း ဒေသခံများနှင့် ဒေသခံ အရပ်ဘက်အဖွဲ့အစည်းများက မဇ္ဈိမပြောသည်။
======
ပြည်ထောင်စုနေ့ တနိုင်ငံလုံး အပစ်ရပ်လက်မှတ်ထိုးနိုင်မလား
15 January 2015
DVB
သမ္မတ ဦးသိန်းစိန်က လာမယ့်ပြည်ထောင်စုနေ့မှာ တနိုင်ငံလုံးအပစ်ရပ်လက်မှတ်ထိုးဖို့ မကြာသေးခင်က ကမ်းလှမ်းပြောဆိုထားပါတယ်။ နှစ်ဘက်ညှိနှိုင်းရေးအဖွဲ့တွေကတော့ ညှိနှိုင်းဖို့အချက်တွေ ကျန်ရှိသေးတာကြောင့် ပြည်ထောင်စုနေ့မှာ ရေးထိုးနိုင်ဖို့ဆိုတာ အချိန် သိပ်ကပ်လွန်းတယ်လို့ ထုတ်ဖော်ပြောဆိုချက်တွေရှိပါတယ်။
ဒီလိုအခြေအနေမှာ အစိုးရနဲ့ ကေအိုင်အေအကြား တိုက်ပွဲအရှိန်မြင့်တက်လာတာကြောင့် ပြည်ထောင်စုနေ့မှာ တနိုင်ငံလုံးအပစ်ရပ်လက်မှတ်ထိုးဖို့ ဖြစ်နိုင်ပါတော့မလား။ လက်မှတ်ရေးထိုးမှု ဖြစ်လာအောင် လိုအပ်တဲ့ ရေခံမြေခံတွေက ဘာတွေပါလဲ။ ဆိုင်ရာ ပုဂ္ဂိုလ်တွေနဲ့ နိုင်ငံရေးအင်အားစုတချို့က ခေါင်းဆောင်တွေကို ဆက်သွယ်မေးမြန်းထားတယ်။
ခွန်ဥက္ကာ (အန်စီစီတီအဖွဲ့ဝင်)
ဦးခွန်ဥက္ကာ
“စစ်တပ်ကတော့ ကျနော်တို့ ကာကွယ်ရေးဦးစီးချုပ်နဲ့တွေ့တုန်းက သမ္မတအမိန့်ပဲ နားထောင်ပါတယ်လို့ ပြောတာပေါ့နော်။ သို့သော်လည်းပဲ အပစ်ခတ်လက်မှတ်ထိုးပြီးမှ ရပ်တာထက်စာရင် မထိုးခင်မှာလည်း ရပ်ဖို့လိုတယ်။ မထိုးခင်မှာ စေတ နာကောင်းပြတဲ့အနေနဲ့ နမူနာပြတဲ့အနေနဲ့ရပ်မှ လက်မှတ်ထိုးနိုင်တဲ့ မိုးလေ၀သဖြစ်နိုင်တယ်။ လက်မှတ်ထိုးနိုင်တဲ့ မိုးလေ၀သဖြစ်မှ လက်မှတ်ထိုးရမယ့်စာချုပ်က ဘယ်လောက်ပဲ တူထားတူထား ပတ်ဝန်းကျင်အခြေအနေ မပေးရင်တော့ အခက်အခဲရှိတယ်ပေါ့ဗျာ။ ဒါ့ကြောင့် ပြည်ထောင်စုနေ့ကို ဖြစ်နိုင်တယ်လည်း မပြောဘူး၊ မဖြစ်နိုင်ဘူးလည်း မပြောဘူး။ အဲ့ဒီ လိုအပ်တဲ့ အခြေခံအချက်နှစ်ချက်လောက် လိုက်လျောညီထွေဖြစ်တယ်ဆိုရင်လည်း ဖြစ်နိုင်တယ်ပေါ့။ ဒါပေမယ့် ဒီနှစ်ခု မဖြစ်ဘူးဆိုရင်တော့လည်း ပြည်ထောင်စုနေ့က မီဖို့ မလွယ်ဘူးပေါ့။”
ဒေါက်တာတူးဂျာ (ကချင်ပြည်နယ် ဒီမိုကရေစီပါတီဥက္ကဋ္ဌ)
ဒေါက်တာ တူးဂျာ
“ပြည်ထောင်စုနေ့ လက်မှတ်ထိုးနိုင်ဖို့က ဖြစ်နိုင်ခြေနည်းတယ်။ ဘာကြောင့်လဲဆိုတော့ အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီဆိုရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအားလုံး ပါဝင်နိုင်တာ အကောင်းဆုံးဖြစ်မယ်။ ကျနော်တို့လည်း အဲ့ဒီလို အကြံပြုထားတယ်။ တဖွဲ့ဖွဲ့ကျန်ခဲ့မယ်ဆိုရင် ပြဿ နာက မငြိမ်းနိုင်ဘူးလေ။ အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေလည်း ထပ်တွေ့ဖို့ ရှိသေးတယ်။ သူတို့ ကြိုးစားမှုတွေ ဘယ်လောက်ထိရောက် အောင်မြင်မလဲပေါ့။ ဒီပေါ်မှာလည်း မူတည်မယ်။ ဒါကြောင့် ၁၂ ရက်နေ့ ဆိုတာတော့ သိပ်တော့ မသေချာဘူးဗျ။ တိုက်ပွဲတွေကြောင့်တင် မကပါဘူး၊ တခြား အကြောင်းရပ်တွေ ရှိသေးတယ်။”
ဦးလှမောင်ရွှေ (မြန်မာငြိမ်းချမ်းရေးစင်တာ)
ဦးလှမောင်ရွှေ
“နံပါတ်တစ်အချက်က အန်စီစီတီနဲ့ ၀န်ကြီးဦးအောင်မင်းခေါင်းဆောင်တဲ့ ယူပီဒဗလျုစီတို့ ဆွေးနွေးပွဲကို ၂၀၁၅ခုနှစ် ဇန်န၀ါရီလထဲလုပ် ဖို့ နှစ်ဘက်သဘောတူကြေညာ ချက်ထုတ်ခဲ့တာ ရှိတယ်။ ကျနော်တို့ဘက်က အန်စီစီတီဆွေးနွေးပွဲကို စောင့်နေ တယ်။ အန်စီစီတီဆွေးနွေးပွဲက ဇန်န၀ါရီ ၁၉-၂၁ မှာ ဆောင်ရွက်နိုင်မယ့် သဘောရှိတော့ ပြည်ထောင်စုနေ့ နဲ့တော့ တော်တော်လေး ကပ်လာတဲ့သဘောရှိတယ်။ နံပါတ်နှစ်အချက်က ကချင်ပြည်နယ်၊ ဖားကန့်မှာ နှစ်ဘက်ထိတွေ့မှု ဖြစ်တယ်ဆိုတဲ့သတင်းတွေလည်း ကျနော်တို့ ကြားရတယ်။ ဒါပေမယ့်လည်း ဒီဟာက အကန့်အသတ်နဲ့ပဲ ထိတွေ့မှုဖြစ်ပြီး ပြီးသွားလိမ့်မယ်လို့ မျှော်လင့်တာပေါ့နော်။ လက်တွေ့ဘ၀ကိုတော့ ဆက်တော့ ကြည့်ရပါဦးမယ်။”
ဦးခင်မောင်ဆွေ (ဒီမိုကရေစီအင်အာစုပါတီဥက္ကဋ္ဌ)
“စစ်ဖြစ်တယ်ဆိုတာကတော့ဗျာ တနိုင်ငံလုံးအပစ်ရပ်လက်မှတ်မှ မထိုးနိုင်သေးတာ ဖြစ်ချင် လည်း ဖြစ်နေမှာပဲလေ။ သူ့နယ်ကိုယ့်နယ် စည်းကာစည်းခြားတာတွေလည်း ရှိကောင်း ရှိနိုင်တာပေါ့။ အဲ့ဒီတော့ ဒီကာလကြီးမှာ နယ်မြေချဲ့ထွင်တာလည်း ရှိကောင်းရှိမှာပေါ့။ ဒါမှမဟုတ် အပိုင်နေရာယူဖို့ ကြိုးစားတာလည်း ရှိကောင်းရှိမှာပေါ့။ ဒါ တကြောင်းပေါ့။ နောက်တခုက တရုတ်ဘက်က သစ်တွေ လာခုတ်တယ်ဆိုတဲ့ကိစ္စ တရားမ၀င် စီးပွားရေးလမ်းကြောင်းတွေ အပြိုင်အဆိုင်ထိန်းသိမ်းဖို့ ကြိုးစားနေတဲ့ကိစ္စတွေက အသက်ဝင်တဲ့ အနေအထားရောက်လာတော့ တိုက်ပွဲတွေက ရှောင်လို့မရဘဲ ဖြစ်နေတာလို့ ကျနော် ယူဆပါတယ်။ အဓိကကတော့ အပစ်အခတ်ရပ်စဲရေး နောက်ဆုံးသဘောတူစာချုပ် လက်မှတ်မထိုးနိုင်သေးသရွေ့ ကာလပတ်လုံး တိုက်ပွဲတွေက ဖြစ်နေမှာပဲ ဖြစ်ပါတယ်။ တဘက်ကလည်း အစိုးရဘက်က အပစ်အခတ်ရပ်စဲနိုင်ဖို့ ကြိုးပမ်းလိမ့်မယ်လို့ ကျနော် ယုံကြည်နေပါတယ်။”
ဦးမြအေး (၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း)
ဦးမြအေး
“တိုက်ပွဲသတင်းတွေ ပြန်ပေါ်ထွက်လာ တာကတော့ အမှန်အတိုင်းပြောရရင် နည်းနည်း စိတ်ပျက်အားလျော့မိတယ်။ ပြည်ထောင် စုနေ့ လက်မှတ်ထိုးနိုင်ဖို့ကတော့ ၅၀-၅၀ပဲဗျ။ အစကတော့ ၇၅ လောက်မှန်းထားတာ။ တခုရှိတာက တိုက်ပွဲတွေဖြစ်တယ်ဆို တာကတော့ မြေပြင်အနေအထားပေါ့။ အဓိကကတော့ အပေါ်ပိုင်းက၊ ပေါ်လစီပိုင်း က ကြေညက်သွားမယ် ဆိုရင် အောက်က တိုက်ပွဲတွေလည်း လျော့သွားနိုင်စရာ ရှိပါတယ်။ လာမယ့် အန်စီစီတီ (တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့) နဲ့ ယူပီဒဗလျူစီ (ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ) ၇ ကြိမ်မြောက်ဆွေးနွေးပွဲဖြစ်ဖို့ကို အရင်ဦးဆုံး ဦးစားပေးပါတယ်။ အဲ့ဒီဆွေးနွေးပွဲကမှတဆင့် ပြေလည်မှု တစုံတရာ ရခဲ့မယ်ဆိုရင်တော့ ဖေဖော်ဝါရီ ၁၂ ရက် တနိုင်ငံလုံး အပစ်ရပ်လက်မှတ်ထိုးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် အခု အခြေအနေအရတော့ စောစောကပြောခဲ့သလိုပဲ ၅၀-၅၀ပဲဗျ။”