Friday, February 14, 2014

ဆရာတော်ကြီးချားစ်လ်ဘို၏ သြ၀ါဒ


၈-ရက်၊ ဖေဖော်ဝါရီလ ၂၀၁၄

"ဒါပေမဲ့ ဒို့နိုင်ငံတော်ကြီးဟာ အတိတ်မေ့တဲ့ရောဂါရှိတယ်။ အသင်း တော်ကြီးဆောင်ရွက်ခဲ့တာကို အတိတ်ကို သမိုင်းကို ဖျောက်ချင်တယ်။ ဖုံးထားဝှက်ထားချင်တယ်။ နှစ်ပေါင်း (၆၀)ကျော် အမှောင်ထုနဲ့ဖိဆို့ ထားတယ်။ အတိတ်မေ့တဲ့ရောဂါကြီးကို ကုသကြရမယ်။ ဒါမှပဲ တရားမယ်။ မျှတယ်။ အသင်းတော်ရဲ့သမိုင်းအမွေအနှစ်ကို မာနကြီး၊ အထက်တီးဆန်တဲ့စိတ်၊ ကြွားဝါစိတ်ဓါတ် အမှုအယာနဲ့ဆောက်တည် တာမဟုတ်။ သေနပ်လက်နက်နဲ့လည်း မဟုတ်။ အကြမ်းဖတ်ပြီး ရတာလည်း မဟုတ်ပါ။"
----------------------------------------------------
“နှစ်ပေါင်း(၅၀၀)ကြိုးပန်းခဲ့တာ ဘာဆုလာဒ်များရတော်မူပါသလဲ။”
The breast that fed the child was cut down mercilessly.
ကလေးကို နို့တိုက်ပေးတဲ့ ရင်သားဟာ အကြင်နာမဲ့လှီးဖြတ်ခံရတယ်တဲ့။

ကျောင်းတွေကို သိမ်းလုယူတယ်။ ဘုရားကျောင်းနဲ့ပတ်သတ်တဲ့ ပစ္စည်းတွေ မြေနေရာပါယူတယ်။ အခုတော်တော်များများ ကုမ္မဏီတွေကို ရောင်းပစ်တယ်။ သူတို့ကတော့ ဌေးကြအုံးမယ်။ ငါတို့ကတော့ မွဲကြအုံးမယ်။ ဖွတ်ပေါ်ပြာပုံဖြစ်မှာ။

သမိုင်းဟာ တရားမျှတခြင်းကိုရဘို့ ဟစ်ကြော်နေတယ်။ ဘယ်သူက၊ အရှုံးသမားလဲ။ အသင်းတော်မဟုတ်ဘူး။ နိုင်ငံတော်၊ ပြည်သူ^ပြည်သားတွေက အရှုံးသမားများဖြစ်တယ်။ "
-------------------------------------------------------------
၁၉၆၅ မတိုင်ခင် စံပြစာသင်ကျောင်းတွေဟာ St. Paul De La Salle, St. John’s, Columbans အမြို့မြို့၊ အနယ်နယ်မှာ ရှိခဲ့တယ်။ ပညာရှိပုဂ္ဂိုလ်များ လူကောင်း၊ လူတော်တွေ မွေးဖွါးပေးခဲ့တယ်။ တိုင်းပြည်သာမက နိုင်ငံခြားနိုင်ငံတွေမှာလဲပဲ ပေါက်ရောက်ခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်၊ ၀န်ကြီးဦးအောင်မင်း သာသနာကျောင်းပြီးတဲ့ ပုဂ္ဂိုလ်များဖြစ်တယ်။

ရှေ့ရေးမမြင်ပဲနဲ့ အမြင်ကျဉ်း၊ အမြင်တိုပြီး သေနတ်နဲ့ချိန် ကျောင်းတွေကို သိမ်းခဲ့တယ်။ ကိုလိုနီပညာရေး၊ ကျွန်ပညာ၊ ကျွန်စာဆိုပြီးလုပ်ခဲ့တာ အခုနောင်တရကြရပြီ။

ကိုယ်ဘာသာထဲသွင်းဘို့အရေးထက်၊ အသင်းတော်ကြီးဟာ နိုင်ငံတော်ကြီး ဆောက်တည်ရေးဘက်မှာ ပါဝင်ပတ်သက်ခဲ့တယ်။
--------------------------------------------------------

(၁၁၂) ကြိမ်မြောက် ညောင်လေးပင် – မယ်တော်ပွဲ
********************************
ဆရာတော်ချားစ်လ်ဘို၏ သြ၀ါဒ
********************
၈-ရက်၊ ဖေဖော်ဝါရီလ ၂၀၁၄

လေးစားအပ်တဲ့ သားသမီးတို့၊ ဓမ္မမိတ်ဆွေတို့၊ အခုဒီချိန်ဟာ ညဖြစ်တယ်။ အတွေးကိုယ်စီ၊ မျှော်လင့်ချက်ကိုယ်စီ၊ အိမ်မက် ဆန္ဒကိုယ်စီနဲ့ လာထိုင်နေကြတယ်။ အိမ်မက်ပြောလို့ အိပ်ခိုင်းတာ မဟုတ်ပါဘူး။ စိတ်ရောကိုယ်ပါနဲ့ တရားလေးတပုဒ်တော့ နားထောင် ကြမယ်လို့ ယူဆပါတယ်။ နေ့ဟာနဲ့မတူဘူး။ ညဟာညနဲ့ မတူဘူး။ ဒီညဟာ A night of hope. မျှော်လင့်ခြင်းနဲ့ ပြည့်တဲ့ညဖြစ်တယ်။

ချစ်လှစွာသော မိခင်ရဲ့သားများ၊ သမီးများ နှစ်စဉ်ဒီညောင်လေးပင်မှာ လာစုကြတယ်။ ကက်သလစ် ခရစ်ယာန်တခြားတခြားသော ဓမ္မမိတ်ဆွေများလည်း ပါမယ်။ နိုင်ငံတော်ကြီးထဲမှာ မိသားစု စိတ်ဓါတ်အပြည့်အ၀နဲ့လာစုရုံးကြတယ်။ ဆုတောင်းကြတယ်။ မေတ္တာ စေတာနာများ အချင်းချင်းအမျှဝေကြတယ်။ အားပေးအားယူကြ တယ်။ မြန်မာတစ်ဝှမ်းလုံးမှာ ရှိတဲ့ တိုင်းရင်းသားများ လာရောက်စုရုံး ကြတယ်။ ဒို့ရဲ့မျှော်လင့်ခြင်းက ခေါ်ဆောင် စုရုံးပေးတယ်။

ဒီနှစ်ဟာ ထူးခြားတဲ့နှစ်။
ကက်သလစ်ခရစ်ယာန် ဒီမြေဒီဒေသမှာ ဒီနိုင်ငံကိုဆိုက်ရောက်တာ နှစ်(၅၀၀) ပြည့်တဲ့နှစ်။ ဂျူဗလီပွဲကြီးကို ကျင်းပနေစဲဖြစ်တယ်။

ဟေရှာယကျမ်း ၉း၂ “မှောင်မိုက်ထဲမှာ သွားလာသောသူတို့သည် ကြီးစွာသော ဧရာမ အလင်းကိုမြင်ရ၍ သေမင်း၏ နိုင်ငံအရိပ်တွင် နေသော သူတို့၌ အလင်းပေါ်ထွန်းလျက်ရှိ၏။”

ကက်သလစ်ခရစ်ယာန်များ အလင်းရောင် နိုင်ငံတော်မှာပြုလုပ် ဆောင်ရွက်ခဲ့တာ နိုင်ငံတော်ဆောက်တည်ရေးမှာ ပါဝင်ခဲ့တာ နှစ်ပေါင်း(၅၀၀)ပြည့်ပါပြီ။ ဒီနှစ်ဟာ မယ်တော်သခင်မ Magnigicat သီချင်းနှစ် “ထာဝရဘုရားကို ကြောက်ရွံ့သော သူတို့သည် သနားတော်မူခြင်းကျေးဇူးကို အစဉ်မပြတ်ခံစားကြ၏။ မာနထောင်လွှားသောသူတို့ကို ကွဲလွင့်စေပြီ၊ ဘုရင်တို့ကို ရာဇပလ္လင်မှ ချ၍ နှိမ့်ချသော သူတို့ကို ချီးမြှောက်တော်မူပြီ။ လူကာ ၂း၅၁”

ဒီသီချင်းကို ဒို့ ဒီနေ့ဒီည ဒို့အမေ မာရိယားနဲ့အတူတူ ကြွေးကြော် သီဆိုနေကြတယ်။

သခင်ခရစ်တော်ရဲ့ ကောင်းသောသတင်းကောင်းမျိုးစေ့ ဒီမြေဒီပြည်မှာ မျိုးစေ့ကြဲပြီး၊ ကောင်းတဲ့မြေသြဇာရှိတဲ့ မြေကောင်းပေါ်ကျခဲ့တယ်။ ရှေးသာသနာပြု မိခင်ကြီး၊ ဖခင်ကြီးများရဲ့ သွေးနဲ့ချွေးနဲ့ အသက်နဲ့ ရေလောင်းခဲ့တဲ့အတွက် အဆ(၅၀)(၆၀) (၁၀၀)အသီးသီးခဲ့ပြီ။ ဒီလို ဓမ္မအာဇာနီများကို ကျေးဇူးတင်ကြရမယ်။ ဟိုနေရာ၊ ဒီနေရာ ရွှေမြန်မာတ၀ှမ်းလုံး ကျေးဇူးတင်ခြင်းနဲ့ နှလုံးသားတိုင်း ပြည့်လျှံနေ ပါတယ်။

ဒီဂျူဗလီနှစ်မှာ ကျွန်ုပ်တို့ရဲလုပ်ငန်းတစ်ခုက ဘာလဲ။ Jubilee နှစ်မှာ ရှေးဓမ္မဟောင်းအချိန်ကစပြီး year of retribution: ပြန်ပေး ရမယ်။ ပြန်ဆပ်ရမယ်။
-ဆင်းရဲသားတွေကို မှားမိတာ။
-အားနည်းတဲ့သူတွေကို အားကြီးသူများက နိုင်စားတာ၊
- အကွယ်အကာမရှိတဲ့သူတွေကို နိုင်စားခဲ့တာ ပြန်လည် ထုတ်ဖော်ပြီး တရားမျှတသော ဘုရားသခင်ရဲ့ စောင်မမှုနဲ့၊ လမ်းညွှန်မှုနဲ့၊ ကိုင်တွယ်ကြရမယ်။

ဒီနေ့မယ်တော်မာရိယားရဲ့ ခြေတော်ရင်းမှာ စုရုံးတယ်။ တရားမျှတ သောမယ်တော်။ သူ သီဆိုကြွေးကြော်ခဲ့တယ်။ အာဏာရှိတဲ့လူတွေကို အရာမှချပြီး နှိမ့်ချတဲ့သူတို့ကို ချီးမြှောက်တော်မူတယ်လို့၊ ကျွန်ုပ်တို့ အတူတကွ တခဲနက်ဆိုကြတယ်။ တရားခြင်း၊ မျှတခြင်းကို ရဘို့ရှာဖွေကြတယ်။ ကြိုးစားကြတယ်။

ဓမ္မဟောင်းကျမ်း၊ ကမ္ဘာဦးကျမ်း အစပြုပြီး၊ မယ်တော်ရဲ့ အကြောင်း စပါခဲ့တယ်။ “သူသည် (မိန်းမသည်) သင်၏ခေါင်းကို ကြိတ်လိမ့်မည်။ (ကမ္ဘာ ၃း၁၅) မြွေကို နတ်ဆိုးကို မကောင်းဆိုးဝါးကို မတရားမှုကို မယ်တော်ဟာ အမြဲဆန့်ကျင်တယ်။ တိုက်ခိုက်နေတယ်။ မယ်တော်ဟာ အောင်မြင်နေတယ်။

ကိုးကွယ်တဲ့ ဘာသာတိုင်းပေါ်မှာ တရားမျှတဘို့ မြန်မာပြည်မှာ မှီဝဲနေထိုင် စားသောက်နေတဲ့ တိုင်းရင်းသားတွေအပေါ် မျှမျှတတ ဖြစ်ဘို့ ပြတ်ပြတ်သားသာကြွေးကြော်ကြရမယ်။

ဘယ်နေရာမှာ တရားရမလဲ။
ပညာရေးကဏ္ဍ၊ ကျန်းမာရေကဏ္ဍ၊ လူမှုရေး၊ စားဝတ်နေထိုင်ရေး ကဏ္ဍမှာ ခရစ်ယာန်များ ကက်သလစ်အသင်းတော်ကြီး ဆောင်ရွက် ခဲ့တဲ့ သမိုင်းကို အသိအမှတ်ပြုကြရမယ်။ တရားသဖြင့် ထုတ်ဖေါ်ကြရမယ်။ သမိုင်းကို ဖျောက်မပစ်ရဘူး။ အသင်းတော်ဟာ မိမိရဲ့ သားကောင်း၊ သမီးကောင်းများကို အနစ်နာခံ ဆက်ကပ်ခဲ့တယ်။ ထောင်သောင်းမက ညီအစ်ကိုတွေစီ ရောက်နိုင်ခဲ့တယ်။
အထူးသဖြင့် ဝေးလံတဲ့ ခေါင်းပါးတဲ့တောတောင်ဒေသ တိုင်းရင်းသား တွေအတွက် ဆက်ကပ်ခဲ့တယ်။ ဒါကို မေ့ဖျောက်လို့မရဘူး။

ဒါပေမဲ့ ဒို့နိုင်ငံတော်ကြီးဟာ အတိတ်မေ့တဲ့ရောဂါရှိတယ်။ အသင်း တော်ကြီးဆောင်ရွက်ခဲ့တာကို အတိတ်ကို သမိုင်းကို ဖျောက်ချင်တယ်။ ဖုံးထားဝှက်ထားချင်တယ်။ နှစ်ပေါင်း (၆၀)ကျော် အမှောင်ထုနဲ့ဖိဆို့ ထားတယ်။ အတိတ်မေ့တဲ့ရောဂါကြီးကို ကုသကြရမယ်။ ဒါမှပဲ တရားမယ်။ မျှတယ်။ အသင်းတော်ရဲ့သမိုင်းအမွေအနှစ်ကို မာနကြီး၊ အထက်တီးဆန်တဲ့စိတ်၊ ကြွားဝါစိတ်ဓါတ် အမှုအယာနဲ့ဆောက်တည် တာမဟုတ်။ သေနပ်လက်နက်နဲ့လည်း မဟုတ်။ အကြမ်းဖတ်ပြီး ရတာလည်း မဟုတ်ပါ။

But through great faith that human beings are created in God’s image + they are owners of the inalienable rights.

ကြီးမားသောယုံကြည်ခြင်းနဲ့ဆောက်ခဲ့တာ၊ လူတိုင်းဟာဘုရားရှင်ရဲ့ သားသမီးများဖြစ်တယ်။ ဘုရားပုံသဏ္ဍရှိတယ်။ လူတိုင်းသူတိုင်းမှာ တူညီသော အခွင့်အရေးရှိတယ်ဆိုတာ ယုံကြည်ကြတယ်။

ပညာရေး၊ ကျန်းမာရေး၊ လူ့ဖွံ့ဖြိုးရေးတွေကို အထူးသဖြင့် အခွင့် အရေးအနည်းဆုံးအသိုင်းဝိုင်းမှာ သွားရောက် ဦးစားပေးကူညီခဲ့တယ်။

ရခိုင်ပြည်နဲ့ သန်လျင်ဘက်ကနေ အသင်းတော်ကြီး စရောက်မျိုးစေ့ လာကြဲပြီးနောက်၊ အထူးသဖြင့် လွန်ခဲ့တဲ့ နှစ် (၂၀၀)ကျော်မှာ အထူးအပယ်၊ အမေ့ခံရတဲ့ဒေသတွေမှာ အဟုတ်နဲ့တိုးတက်လာတယ်။

သမိုင်းတလျောက်လုံး တချို့တိုင်းရင်းသား အစုတွေ လူရာမ၀င် သမိုင်းမ၀င်သလိုဘ၀ ခံစားခဲ့ရတယ်။ ထောင်သောင်းမက ရာသီဥတု ဖီးစီးမှုနဲ့ အသက်ပျောက်ဆုံးခဲ့တယ်။ သားသမီးတွေ ကိုလိုနီခေတ်မှာ လည်းပဲ အထီးကျန်ဘ၀နဲ့နေခဲ့ရတယ်။

အေး ဒို့ရှေ့က သာသနာပြုမိခင်ကြီး၊ ဖခင်ကြီးတွေ ပြင်းထန်တဲ့ မြစ်ချောင်းတွေကူး၊ အကြင်နာမဲ့တောတောင်တွေဖြတ် မိုင်ပေါင်းများ စွာ အဆင်းရဲဆုံးထဲက အဆင်းရဲဆုံးသူတွေ တောတောင်တန်းမှာ လူသူမရောက်တဲ့နေရာတွေ ရောက်ခဲ့တယ်။

သခင်ယေဇူးရဲ့ သတင်းကောင်းကို ယူလာရုံမက ပဌမဦးဆုံးစာအုပ်၊ ပဌမဆုံးစာသင်ပေးဘို့ ဆရာ/မ ပဌမဆုံးစာသင်ကျောင်းတွေ ယူလာနိုင်တယ်။

ဗမာစာပေ၊ ဗမာစကားပဲ၊ အထွက်မြတ်ဆုံးဖြစ်စေ ရှိစေရမယ်ဆိုတဲ့ အယူအဆထဲမှာ သာသနာပြုတွေ မေတ္တတရားနဲ့ ဆက်ကပ်ခြင်း အပြည့်ဝနဲ့ တိုင်းရင်းသားစာပေစကား၊ သဒ္ဒါတည်ထွင်ခဲ့တယ်။ သတ္တိရှိတဲ့ အမျိုးသား၊ သမီးတွေကြောင့် တောင်ထိတ်မှာ ပညာအလင်းဖြစ်စေတယ်။

မြစ်ဝှမ်း၊ မြစ်ဝကျွန်းပေါ်ဒေသမှာလည်း ထိုနည်း၎င်းဖြစ်နေတယ်။ ဒီနေ့တိုင်းရင်းသား လူမျိုးစုလေတွေဟာ ကမ္ဘာမှာ စာပေ အတက် ဆုံးလို့ ပြောကြတယ်။ ဒီနေ့ဒီရက်အဝေးလံဆုံး၊ အဆင်းရဲ ဆုံးဒေသ က ကျောင်းသား/သူ (၂)သောင်း(၃)သောင်း ကို ဘော်ဒါအဆောင်တွေ ညနေစာသင်ချိန်တွေမှာ တယုတယ စောက်ရှောက်ပေးနေတယ်။ တခြားနိုင်ငံဆိုရင်၊ ပညာရေးတွေဟာ အစိုးရရဲ့တာဝန် လုပ်ငန်းဖြစ်တယ်။

ဒါပေမဲ့ အသင်းတော်ဟာ အခက်အခဲ စိန်ခေါ်သံတွေ ကြားထဲမှာ ငွှေကြေးအကုန်အကျခံ၊ ဆက်ကပ်တဲ့ အမျိုးသား/သမီးတွေနဲ့ သွားရောက်ကူညီတယ်။ တော်တော်များများဟာ ခရစ်ယာန်မဟုတ်တဲ့ သားသမီးများဖြစ်တယ်။ နယ်စပ်တွေမှာ အသင်းတော်ပဲပညာရေးကို လုံးလပြုပေးနေတယ်။

၁၉၆၅ မတိုင်ခင် စံပြစာသင်ကျောင်းတွေဟာ St. Paul De La Salle, St. John’s, Columbans အမြို့မြို့၊ အနယ်နယ်မှာ ရှိခဲ့တယ်။ ပညာရှိပုဂ္ဂိုလ်များ လူကောင်း၊ လူတော်တွေ မွေးဖွါးပေးခဲ့တယ်။ တိုင်းပြည်သာမက နိုင်ငံခြားနိုင်ငံတွေမှာလဲပဲ ပေါက်ရောက်ခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်၊ ၀န်ကြီးဦးအောင်မင်း သာသနာကျောင်းပြီးတဲ့ ပုဂ္ဂိုလ်များဖြစ်တယ်။

ရှေ့ရေးမမြင်ပဲနဲ့ အမြင်ကျဉ်း၊ အမြင်တိုပြီး သေနတ်နဲ့ချိန် ကျောင်းတွေကို သိမ်းခဲ့တယ်။ ကိုလိုနီပညာရေး၊ ကျွန်ပညာ၊ ကျွန်စာဆိုပြီးလုပ်ခဲ့တာ အခုနောင်တရကြရပြီ။

ကိုယ်ဘာသာထဲသွင်းဘို့အရေးထက်၊ အသင်းတော်ကြီးဟာ နိုင်ငံတော်ကြီး ဆောက်တည်ရေးဘက်မှာ ပါဝင်ပတ်သက်ခဲ့တယ်။

ဟို ရှင်ဘုရင်ကြီးများလက်ထက်အချိန်ကစပြီး သေနတ်ဝန်ကြီး၊ အမြောက်ဝန်ကြီး၊ သစ္စာရှိတဲ့ သက်တော်စောင့်၊ အင်ဂျီနီယာ၊ ဘုရင်များကြည်ကြည်ဖြူဖြူ ဖြစ်လို့ ဘုရင်ကြည်လို့လဲ ပြောကြတယ်။

“နှစ်ပေါင်း(၅၀၀)ကြိုးပန်းခဲ့တာ ဘာဆုလာဒ်များရတော်မူပါသလဲ။”
The breast that fed the child was cut down mercilessly.
ကလေးကို နို့တိုက်ပေးတဲ့ ရင်သားဟာ အကြင်နာမဲ့လှီးဖြတ်ခံရတယ်တဲ့။

ကျောင်းတွေကို သိမ်းလုယူတယ်။ ဘုရားကျောင်းနဲ့ပတ်သတ်တဲ့ ပစ္စည်းတွေ မြေနေရာပါယူတယ်။ အခုတော်တော်များများ ကုမ္မဏီတွေကို ရောင်းပစ်တယ်။ သူတို့ကတော့ ဌေးကြအုံးမယ်။ ငါတို့ကတော့ မွဲကြအုံးမယ်။ ဖွတ်ပေါ်ပြာပုံဖြစ်မှာ။

သမိုင်းဟာ တရားမျှတခြင်းကိုရဘို့ ဟစ်ကြော်နေတယ်။ ဘယ်သူက၊ အရှုံးသမားလဲ။ အသင်းတော်မဟုတ်ဘူး။ နိုင်ငံတော်၊ ပြည်သူ^ပြည်သားတွေက အရှုံးသမားများဖြစ်တယ်။

မျိုးဆက် ၃-၄ဆက် လူငယ်များ အရည်အချင်းပြည့်တဲ့ quality education မရရှိကြဘူး။ ပညာမတတ်ပဲနဲ့ ဒို့ရဲ့လူငယ်ယောက်ကျား၊ မိန်းကလေးတွေ ဒီခေတ်သစ်ရဲ့ ကျွန်ဘ၀ရောက်ရှိပြီး၊ မလေး၊ ယိုးဒယားများမှာ ရုန်းကန်နေရတယ်။ မသိမသာနဲ့ လူမျိုးတုံးအောင် မျိုးဖြုတ်သတ်ဖြတ်ခံရတာ ဘာကြောင့်လဲ လွန်ခဲ့တဲ့ လေး၊ငါး၊ ခြောက်ဆယ်အတွင်း အမြင်ကျဉ်းတဲ့ အမျှော်အမြင်နည်းတဲ့ ခေါင်းဆောင်ရဲ့ စနစ်ကြောင့်မို့။ တမျိုးတဖုံအားဖြင့် ခေါင်းဆောင်ကောင်းများ မရှိခဲ့တဲ့အတွက်ဖြစ်တယ်။

ဒို့ယုံကြည်တယ်။ ဘုရားသခင်ဟာ တရားမျှတမှုပြန်ပေးမယ်။

မာတေဦးကျမ်းထဲမှာ ၁၂း၂၀ မှာ ဟေရှာယ ကျမ်းကို ကိုးကားထားတယ်။ နင်းနယ်လျက်ရှိသော ကျူပင်ကိုမချိုး။ မီးခိုးများသောမီးစာကိုမသတ်။ တရားသည် အောင်မြင်ခြင်းသို့ရောက်မည် အကြောင်းစီရင်လိမ့်မည်။

ဘုရားသခင် တရားမျှတခြင်းကို စီစဉ်ပေးမယ်။ သမိုင်းမိခင်၊ ဒို့အားလုံးမိခင်၊ လူမျိုးမရွေး ဘာသာမရွေး မိခင်ဟာ ဒို့အားလုံး သားသမီးများကို အောင်ပွဲရသည်အထိ စောင့်မလိမ့်မယ်။

ဒီနေ့ ကျိုင်းတုံသွားရင် နောင်ကန်ရွာလေးရှိတယ်။ ကံဆိုးခဲ့တဲ့ရွာ။ နူနာရောဂါရှိတဲ့လူတွေ အပယ်ကျတဲ့နေရာ၊ နိုင်ငံတော်က ပစ်ပုံထား လူမဟုတ်တဲ့သူတွေဆိုပြီး ဒါဏ်ခတ်ထားတယ်။ နေရာအိမ်အလုခံရတယ်။ ဆေးလုံလုံလောက်လောက်မရှိ အိမ်ထဲသေကြ။ မိသားစုများကတောင် စွန့်ထားတယ်။

ဒီနေ့ နောင်ကန်သွားကြည့်။ မေတ္တာဂရုဏာနဲ့ သာသနာနဲ့ Sisters of Charity တွေက စောင့်ရှောက်ထားတယ်။ လူသား ပီပီ၊ ဂုဏ်သိက္ခာရှိရှိနဲ့နေနိုင်တယ်။

- တောင်ကြီးဘုရားဖြူသွား၊ ရာကျော် ဒုက္ခိတတွေ ပြုံးပြုံးရွှင်ရွှင် ပြပြနဲ့နေကြ။ မိသားစုကတောင်စွန့်ပစ်ထားတယ်။ ဘုရားရှင်ရဲ့ သားသမီးများ အနေနဲ့အကြည့်အရှုခံစားကြရတယ်။

- ဘိုးဘွားရိပ်သာ၊ သိမ်ဖြူလမ်းကြည့်ကြည့်၊ HIV-AIDS ဝေဒနာခံစားရသူများကို သာသနာကြည့်ရှုပေးပြီး သူတို့တတွေ နေရာအိမ်ရတယ်။ အစားအစာရတယ်။ မေတ္တာရတယ်။ သိက္ခာနဲ့နေရတယ်။ သိက္ခာနဲ့သေရတယ်။

ဒါဟာမြန်မာ ပြည်သူပြည်သားတွေ အချို့လူရယ်လို့တောင် အသိအမှတ်အပြုမခံရဘူး။ အသင်းတော်က စောင့်ရှောက်ပေးတယ်။ လွတ်လပ်ရေးမရခင် အချိန်တုံးကရော ခေါင်းပါးဝေးလံတဲ့ နေရာတွေမှာ ဆေးခန်းတွေဖွင့် ပေးတယ်။ ငှက်ဖျားရော၊ ၀မ်းရောဂါသည်များကယ်ခဲ့တယ်။ ခရစ်ယာန်ဆေးခန်း၊ ဘာသာ၊သူနာပြုတွေကြောင့်မို့ မိခင်များ၊ ခလေးများ အသက်ကို ကယ်ဆယ်နိုင်ခဲ့တယ်။

ဒုက္ခခံစားရတဲ့သူတွေရဲ့ နှလုံးသားထဲမှာ အသင်းတော်ရဲ့ မေတ္တာ စေတနာကို မေ့လို့မရပါဘူး။ ဒါတွေကို လွန်ခဲ့သော နှစ်များမှာ နိုင်ငံတော် ဦးဆောင်တဲ့ ပုဂ္ဂိုလ်များ၊ မသိတာလည်းပါတယ်။ မသိ ဟန်ဆောင်တာလဲပါတယ်။ မသိချင်တာလည်းပါတယ်။ ကက်သလစ်နဲ့ ကက်တလက် ဘယ်လိုကွာလဲ၊ မသိဘူး။

မြန်မာဂရုဏာလုပ်ငန်း၊ ဗဟိုနဲ့ သာသနာ ၁၆-ခုမှ ထောင်သောင်း မက ကူညီနေတယ်။ Nargis အချိန် သောင်း၊သိန်းမက ကယ်ခဲ့တယ်။ အများပိုင်က ခရစ်ယာန်များမဟုတ်ပါဘူး။ ဒို့ရည်ရွယ်ချက်က ဒုက္ခခံ သူတိုင်း အကူအညီလိုအပ်သူတိုင်းစီကို ရောက်ဖို့ဖြစ်တယ်။

- ဘယ်သူက ရှေ့ကနေ ကို့လို့ကန့်လန့်လုပ်နေတာလဲ။
သူတို့လေ။ လူတိုင်းသိပါတယ်။

အသင်းတော်သည် ခေတ်အဆက်ဆက်နဲ့ အခုအချိန်ထိ နိုင်ငံတော် ဆောက်တည်ရေး တိုးတက်ရေး၊ တိုးတက်ရေးမှာ လေးလေးနက်နက် ပါဝင်နေတယ်ဆိုတာ တိုင်းသူပြည်သား ကိုးကွယ်ဘာသာတိုင်း၊ လူမျိုးတိုင်း သိဘို့အသိအမှတ်ပြုဘို့ အချိန်တန်ပါပြီး “ကြီးမြတ်သော သူသည် အံ့ဘွယ်ရာပြုလုပ်တော်မူပြီ။ ကိုယ်တော်၏ နာမတော်သည် မွန်မြတ်ပါ၏။”

ကလေးတစ်ယောက် မှောက်လျက်လဲကျတော့ အမေလို့ အော်ခေါ် တယ်။ လူငယ်တစ်ယောက် လောကကြီးထဲမှာ လမ်းပျောက်တော့ အမေ့အိမ်ပြန်ချင်တယ် လုပ်ငန်းတွေနဲ့ အဝေးမှာ တာဝန်တွေ ထမ်းဆောင်ရင်း အားငယ်လာတော့ အမေ့အရိပ်ကို ပြန်ခိုချင် လာတယ်။ အသက်တွေဘယ်လောက်ကြီးကြီး အမေ့ကို တမ်းတမိ လိုက်ပြီဆိုရင် ပြန်ငယ်သွားသလိုခံစားရတယ်။ လူတိုင်းရဲ့ နှလုံးသားမှာ "အမေ" ဆိုတဲ့ စကားလုံးကို မြတ်မြတ်နိုးနိုး သိမ်းထားကြတယ်။ "အမေ" ဆိုတဲ့စကားလုံးက လူတိုင်းကို ထူးခြားတဲ့နူးညံ့ သိမ်မွေ့ခြင်း တစ်ခုကို ဖော်ဆောင်ပေးတယ်။

ဆရာတော်ရွာပြန်ချင်တယ်။ အော်အမေမရှိတော့ပါလား။ အမေရှိရင် ကောင်းမှာပဲ။ ကိုယ်က သေခါနီးတောင်ရောက်နေပြီ။ အမေကို တမ်းတတုံးပါပဲ။ အဆိုတော် ထွန်းထွန်းရဲ့ အမေ့အတွက်သီချင်းတပုဒ် အမေ့ရင်ခွင်ထဲမှာဆို ပျော်စရာအပြည့်၊ အမေ့ဥယျာဉ်မှာ ကျွန်တော်ဟာ ပန်းတပင်ပါပဲ။ အမေ့ရင်ခွင်အစားမထိုးနိုင်။ အမေရင်ခွင်ပဲ သံမဏိ စည်းရုံး၊ သားရဲနားခိုရာ ထာဝရအရိပ် အစားမထိုးနိုင်တဲ့ အမေ့ရင် ခွင်ပဲ။

လောကအမေ ဒီလောက်ဖြစ်ရင်ကောင်းကင်အမေကော၊

ကျွန်ုပ်တို့အားလုံးနီးပါး ပူပန်စရာတွေ သောကတွေရင်မှာပိုက်ပြီး ဒီကိုရောက်လာကြတယ်။ ခေတ်ကလည်း ဘာဖြစ်လာမယ်ဆိုတာ ခန့်မှန်းရခက်၊ နိုင်ငံရေးကလည်း ဘာတွေ ဆက်ဖြစ်မယ်မသိရ။ အခြေခံဥပဒေကိုပြင်မှဖြစ်မယ်ဆိုတဲ့အသံတွေရှိသလို မပြင်ချင်ဘူး ဆိုတဲ့ လူတစ်စုကလည်း ဆူညံဆူညံလုပ်ပြန်တယ်။ ၅၉(စ) မပြင် သူများဟာ NLD အနိုင်ရမှာစိုးရိမ်။

ဝန်ထမ်းတွေရဲ့လစာတိုးမယ်လို့ အသံထွက်လာတော့ ကုန်ဈေးနှုန်း ကလည်း ညာသံပေးပြီး ထခုန်ပြန်ရော။ မြေတွေကိုလည်း ဟိုကသိမ်း၊ ဒီကသိမ်းနဲ့ အိမ်ဆောက်တာတောင် အုတ်မြစ်မချရဲဘဲ အိမ်တိုင်တွေကို ဘီးတပ်ထားရလိုဖြစ်နေပြီ။ … ကျူးကျော်မြေဆိုရင် အချိန်မရွေး ဖယ်ပေးရမှာကိုး။ ဒလရှိနှစ်ရှည်ကျူးကျော်အိမ်ယာများ ဖယ်ပေးရ တွံတေး။ ပရိပက္ခကြား သောကမီး၊ အမုန်းမီးများ လောင်မြိုက်နေဆဲ။ ဒီလိုအပူများစွာနဲ့ ကျွန်ုပ်တို့အားလုံး အမေရှိရာကို ပြေးလာကြတယ်။ ပြဿနာတွေအားလုံးရဲ့ အဖြေကို မရဘူးဆိုရင် တောင် စိတ်နှလုံး ထဲမှာ ဒါတွေကို ရင်ဆိုင်မယ်ဆိုတဲ့ မေ့မေ့ရဲ့ အားမာန်တွေ ရရှိကြမယ်လို့ မျှော်လင့်ပါတယ်။

ညောင်လေးပင်မယ်တော်ဟာ ပြင်သစ်နိုင်ငံမှာ လုဒယ်မြို့မှာ ထင်ရှား ပြခဲ့တဲ့ မယ်တော်ပဲဖြစ်တယ်။ လုဒယ်မြို့မှာ နေ့စဉ်ဘုရားဖူးပေါင်း ထောင်သောင်းချီပြီးရှိတယ်။ အများပိုင်းက မျှော်လင့်ချက်လုံးဝမရှိတဲ့ လူနာတွေပဲဖြစ်တယ်။ သက်ကြီးရွယ်အို နာတာရှည်ရောဂါသည်တွေ ရှိသလို၊ မွေးကတည်းက ရောဂါစွဲကပ်လာတဲ့ကလေးတွေ၊ ဥာဏ်ရည် မမှီတဲ့ကလေးတွေ။သူတို့ကို မေးကြည့်တော့ ရောဂါမပျောက်ကင်းပေမဲ့ ဒီနေရာမှာ လာဆုတောင်းပြီးရင်စိတ်ချမ်းသာတယ်။
သေရမယ်ဆိုရင်လည်း ကျေကျေနပ်နပ်နဲ့သေခြင်းကိုရင်ဆိုင်မယ်ဆိုတဲ့ ခွန်အားတွေရတယ်လို့ ဖြေကြတယ်။

ဒီနေ့ကျွန်ုပ်တို့နိုင်ငံရဲ့ အနေအထားက ဘာကိုမှ စိတ်ချလက်ချ မျှော်လင့်လို့မရနိုင်အောင်ဖြစ်နေတယ်။ သတင်းစာတွေ ဂျာနယ်တွေ ဖတ်ကြည့်လိုက်ရင် တွေ့ကြရမှာပါ။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေက ကျေနပ်လောက်တဲ့ အဖြေမထွက်ဘူး။ လယ်သမားတွေရဲ့ မြေတွေကို မတရားသိမ်းထားတာတွေကိုလည်း အခုထိမဖြေရှင်းနိုင်ဘူး။ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ထွန်းကားဖို့ ဖွဲ့စည်းပုံအခြေခံကို ပြင်ဆင်ရမယ်ဆိုတဲ့ တောင်းဆိုချက်ကိုလည်း လျစ်လျူရှုခံရတယ်။ လူမျိုးစုတွေ၊ ဘာသာ ရေးယုံကြည်မှုတွေကို အခြေပြုပြီး အကြမ်းဖက်မှုတွေကလည်း မကြာခဏပေါ်လာတတ်ပြန်တယ်။ နောက်ကြောင်းပြန်လှည့်မယ်ဆိုတဲ့ စကားလုံးကလည်း ကျွန်ုပ်တို့ကိုနေ့စဉ်ခြောက်လှန့်နေတယ်။ ဒီလို အခြေနေ ဒီလိုအချိန်အခါမှာ ဘာကိုမျှော်လင့်ပြီး ရဲရင့်ကြရမှာလဲ။ စိတ်ညစ်ချင်စရာ၊ စိတ်ပျက်ချင်စရာတွေသာ ပြည့်နေတော့၊ သွေးပျက် ချင်လာတယ်၊ စိတ်ချောက်ခြားလာတယ်။ ဘာလုပ်လို့ ဘာကိုင်ရ မှန်းမသိဖြစ်နေပေမယ့် အခုလို “အမေ” လို့အော်ပြီးမယ်တော်ရှိရာကို လာကြတယ်။ မယ်တော်ဟာ ကျွန်ုပ်တို့တစ်ဦးစီအတွက် လိုအပ်တဲ့ ခွန်အားတွေ၊ အားမာန်တွေကိုဖြည့်ပေးပါလိမ့်မယ်။

မယ်တော်ကိုယ်တိုင် ဒီလိုဒုက္ခတွေ အခက်အခဲတွေကို ရင်ဆိုင် တွေ့ကြုံခဲ့ပြီးပါပြီ။ အိမ်ယာမဲ့ ဘ၀နဲ့ သားတော်ကို မွေးဖွါးခဲ့ရတယ်။ လက်လုပ်လက်စားဘ၀နဲ့ မိသားစုရဲ့ စားဝတ်နေရေးကို ရင်ဆိုင်ခဲ့ ရတယ်။ အပြစ်မဲ့တဲ့သားတော်ကို ရက်စက်စွာ ဖမ်းစီးသတ်ဖြတ်တာကို လက်မှိုင်ချပြီး အားကိုးရာမဲ့စွာ ငိုကြွေးခဲ့ရတယ်။ အပြစ်မဲ့တဲ့ သူမရဲ့နှလုံးသားကို လှံနဲ့ထိုးဖေါက်ခြင်းခံထားရတဲ့အတွက် ကျွန်ုပ်တို့ရဲ့ နာကျင်မှုဝေဒနာတွေကို မျှဝေခံစားနိုင်တဲ့မယ်တော်ဖြစ်ပါတယ်။ သူမရဲ့ဆင်းရဲခြင်းထဲကနေ သူတပါးရဲ့ လိုအပ်ချက်ကို ဖြည့်ပေးဖို့ သတိရခဲ့တယ်။ ဧလိဇဘက်ဆီကို အပြေးသွားကူခဲ့တယ်၊ စပျစ်ရည် ပြတ်သွားတဲ့ မင်္ဂလာဆောင်ပွဲကို အလိုက်သိစွာကူညီခဲ့တယ်။ ခေတ် အဆက်ဆက်မှာ လူတွေရဲ့ အဖြစ်အပျက်တွေထဲကို မယ်တော်ဟာ တိုးပြီးဝင်ခဲ့တယ်။ လူတွေလိုအပ်နေတဲ့အချိန်မှာ မယ်တော် ၀င်ရောက် ကူညီခဲ့တယ် ဂွါတာလုပေမယ်တော်၊ ဖာတီမာမယ်တော်၊ လုဒ်မယ်တော် ထင်ရှားပြခဲ့တဲ့ အချိန်တိုင်းမှာ လူသားတွေရဲ့ လိုအပ်ချက်ကို ကူညီဖြည့်ဆီး ပေးခဲ့တာပဲဖြစ်တယ်။ ကျွန်ုပ်တို့နဲ့ အတူတူ ၀မ်းနည်းတယ်။ ကျွန်ုပ်တို့နဲ့အတူတူ မျက်ရည် ကျတယ်။ ငိုတယ်။

လိုအပ်နေသူကို ကူညီဖို့၊ အားငယ်သူကို အားပေးဖို့ ဆိုတာ မယ်တော်ရဲ့အလုပ်ဖြစ်တယ်။ ဘုရားသခင်ရဲ့ အလိုတော်လည်း ဖြစ်တယ်။ အသင်းတော်ရဲ့လုပ်ငန်းလည်းဖြစ်တယ်။

အသင်းတော်ရဲ့ ကောင်းသတင်းကို ကျွန်ုပ်တို့ ဆက်ပြီး လက်ဆင့် ကမ်း ကြရပါလိမ့်မယ်။ သတင်းကောင်းကို ဟောပြောသူဖြစ်တာ တင်မကဘဲ “မိမိကိုယ်တိုင်က သတင်းကောင်းဖြစ်ပါစေ”။ ကောင်းတဲ့ ခရစ်ယာန် တစ်ဦးဟာ လောကရဲ့ အလင်း၊ ကမ္ဘာမြေအတွက် ဆားဖြစ်တယ် ဆိုတာ မိမိရဲ့ ရှင်သန်ခြင်းဟာ တစ်ပါးသူအပေါ်မှာ တစ်စုံတစ်ရာ အကျိုးသက်ရောက်မှုရှိပါလိမ့်မယ်။ အဲဒီသက်ရောက် ခြင်းအကျိုးဟာ ကောင်းသောအကျိုးဖြစ်ပါစေ။

အာလုံးအပေါ် ဘုရားရှင်ကောင်းကြီးပေးပါစေ။