Monday, February 17, 2014

ဘာ့ကြောင့်ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ဖို့ လိုသလဲ ?



((သမိုင်းဆိုသည် ဖုံးဖိရုံဖြင့်မကွယ်ပျောက်))

ပြည်ထောင်စုမြန်မာနိုင်ငံတွင် တိုင်း ၇ တိုင်းခေါ်ဗမာပြည်နယ်နှင့် ရှမ်း၊ ကချင်၊ ကရင်၊ ကယား၊ ချင်း၊ မွန်၊ရခိုင် ပြည်နယ်တို့ စုပေါင်းဖွဲ့စည်းထားပါသည်။

လွတ်လပ်ရေးကို တိုင်းရင်းသားပေါင်းစုံ ကြိုးပမ်းအားထုတ်၍ အရယူခဲ့ကြသည်။ လွတ်လပ်ရေး ရယူပြီးချိန်မှစ၍ ပြည်ထောင်စုဗဟိုအာဏာကို လူများစုဖြစ်သည့် ဗမာလူမျိုးတို့ အများဆုံး ကိုင်တွယ် ကျင့်သုံးပါသည်။ နောက်ပိုင်းတွင်တော့ ပြည်ထောင်စု ဗဟိုအာဏာကို ဗမာပြည်သူတွေပင် လက်မခံသည့် အာဏာရှင်တစ်ဦး (ဝါ) တစ်စုထံ ဆင်းသက် ကျရောက်ခဲ့ရသည်။

လွတ်လပ်ရေးမရမီ အချိန်ကာလက တောင်တန်းဒေသသည် မြန်မာပြည်၏ အစိတ်အပိုင်း မဟုတ်ခဲ့ပါ။ မြန်မာသမိုင်းအရ ရှေးအခါ ပုဂံမင်းနိုင်ငံ၊ အင်းဝမင်းနိုင်ငံ၊ စသည် မင်းနိုင်ငံများသာရှိ၍ မြန်မာနိုင်ငံ Burma ဟူ၍မရှိခဲ့ချေ။ ရှမ်း၊ ကချင်၊ ချင်းအကြီးအကဲများသည် ယင်း မင်းနိုင်ငံ မြန်မာဘုရင်များ၏ သြဇာခံများသာ ဖြစ်ခဲ့ကြသော သီးခြား ကင်းလွတ်သည့် နယ်မြေဒေသများဖြစ်သည်။ အချုပ်အခြာ အာဏာ လုံးဝမဆုံးရှုံးပဲ ပဏ္ဏာသ ဒေသများသာ ဖြစ်ခဲ့ကြသည်။

၁၈၈၅ ခုနှစ် သီပေါဘုရင် ပါတော်မူ၍ မြန်မာတစ်နိုင်ငံလုံးကို သိမ်းပိုက်ကြောင်း အင်္ဂလိပ်ဘုရင်မ၏ ထုတ်ပြန်ကြေညာချက်တွင် မြန်မာပြည် Burma ဟူ၍ မဖော်ပြခဲ့။ ယခင် သီပေါမင်း အုပ်ချုပ်ခဲ့သော ဒေသများဟူ၍ ကွဲပြားစွာ ရေးသားသုံးနှုန်းခဲ့သည်။

၁၉၃၅ ခုနှစ် အောက်မြန်မာပြည် အက်ဥပဒေ ထုတ်ပြန်ကြေညာသည့်အခါမှသာ မြန်မာနိုင်ငံ Burma ဟု တိတိကျကျ သုံးစွဲလာသည်။ မြန်မာဘုရင် တိုက်ရိုက်အုပ်ချုပ်သော နယ်မြေနှင့် သွယ်ဝိုက်၍ အုပ်ချုပ်ခဲ့သော နယ်မြေဟုကွဲပြားလာသည်။ ထိုသွယ်ဝိုက်၍ အုပ်ချုပ်သော နယ်မြေများသည် မြန်မာဘုရင်၏ သြဇာခံမျှသာဖြစ်၍ အချုပ်အခြာ လုံးဝလက်မလွတ်သေးသော ဒေသများဖြစ်သည်။

အင်္ဂလိပ်လက်အောက်တွင်လည်း ၎င်းနယ်မြေများကို သွယ်ဝိုက်အုပ်ချုပ်ရေး စနစ်အရသာ အုပ်ချုပ်သည်။ ထိုကြောင့်လည်း ဒုတိယကမ္ဘာစစ်အပြီး မြန်မာနိုင်ငံကို လွတ်လပ်ရေးပေးရန်အတွက် မြန်မာပြည်မကို စက္ကူဖြူစီမံကိန်း White Paper အရ၎င်း၊ တောင်တန်းဒေသများကို တောင်တန်းဒေသ အုပ်ချုပ်ရေးဥပဒေ Frontier Area' Administration ဖြင့်၎င်း၊ သီးခြား အုပ်ချုပ်လာခြင်းဖြစ်သည်။

ထို့ကြောင့် ထိုအချိန်တွင် မြန်မာပြည်မနှင့် တောင်တန်းဒေသများသည် တသီးတခြား ဖြစ်ကြောင်း ထင်ရှားပေသည်။ အချို့မြန်မာ ခေါင်းဆောင်များ (အာဏာရှင်ဆန်ချင်သူ)က ရှမ်း၊ကချင်၊ချင်း စသောတောင်တန်းသားတို့သည် ၎င်းတို့ပေးမှ လွတ်လပ်ရေး ရမည့်သဘောများရှိနေကြောင်း တွေ့နေရပေသည်။

အမှန်မှာ ပြည်နယ်များသည် မြန်မာကပေး၍ ရသည့်ပြည်နယ်များမဟုတ်ကြပါ။ သမိုင်းဆိုသည်မှာလည်း ဖုံးဖိနိုင်ရုံမျှဖြင့် မကွယ်ပျောက်နိုင်ပါ။
Sai Myo Zin(FB) သတင်းစာမျက်နှာမှ