Wednesday, February 19, 2014

ကချင်အမျိုးသားအလံပါသည့် အင်္ကျီနှင့် အခြားပစ္စည်းများ မရောင်းရန် မြစ်ကြီးနားမြို့နယ် အုပ်ချုပ်ရေးမှူးမှ တားမြစ်




18 Feb 2014 post by Kachinwave News

မနော်ကွင်းရှေ့တွင် ကချင်အမျိုးသား အလံပါသည့် အင်္ကျီနှင့် အခြား အမှတ်တရပစ္စည်းများ ရောင်းချနေသည့် ဈေသည်များအား မြစ်ကြီးနား မြို့နယ် အုပ်ချုပ်ရေးရုံးသို့ ခေါ်ယူပြီး မနော်ကွင်းရှေ့တွင် ဈေးမရောင်းတော့ပါရန်နှင့် တရားဝင် မှတ်ပုံတင်ထားခြင်းမရှိသော အလံ၊ တံဆိပ်၊ အထိမ်းအမှတ်ပစ္စည်းများ အား အခြားအဖွဲ့အစည်း တစ်ခုခုမှ ကျေနပ်ခြင်းမရှိကြောင်း တိုင်းကြားလာပါက တည်ဆဲဥပဒေများအရ အရေးယူခံရမည်ကို သိရှိပါကြောင်း ၀န်ခံလက်မှတ် ရေးထိုး ခိုင်းကြောင်းသိရသည်။

“စည်ပင်သာယာရေး နေရာမှာ လာပြီး ရောင်းနေတော့ မရောင်းနဲ့လို့ခေါ်ပြောတာ။’ဟု မြစ်ကြီးနား မြို့နယ် အုပ်ချုပ်ရေးမှူးမှဆိုသည်။

မနော်ကွင်းရှေ့တွင် ကချင်အမျိုးသား အလံပါသည့် စတစ်ကာ၊ လည်စည်း၊ အလံအသေး၊ အင်္ကျီ စသည့် ပစ္စည်းများအား ဖေဖော်ဝါရီ ၅ ရက်မှ စတင်ရောင်းခဲ့ပြီး ၁၅ ရက်နေ့တွင် အုပ်ချုပ်ရေးရုံးသို့ ခေါ်ဆောင်ကာ ၀န်ခံလက်မှတ် ရေးထိုးခိုင်းခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် မတရားအသင်းနဲ့ဆက်သွယ်တဲ့ အက်ဥပဒေ ထုတ်ထားကြောင်း ယခုအလံသည် တရားဝင် မှတ်ပုံတင်ထားခြင်း မရှိကြောင်း တရားမ၀င် အင်ကျီးဝတ်လိုက်တာနဲ့ အရေးယူလို့ ရကြောင်း နှင့် ယခုအလံအား လက်ရှိ ကေအိုင်အို အသုံးပြုနေသည့် အထိမ်းအမှတ် ဖြစ်နေပြီး ငြိမ်းချမ်းရေးလက်မှတ်လည်း မထိုးနိုင်သေးသည့်အတွက် ကေအိုင်အေနဲ့ ဆက်သွယ်တယ် ဆိုတဲ့ အဓိပ္ပာယ်ပေါက်နေကြောင်း မြစ်ကြီးနားမြို့နယ် အုပ်ချုပ်ရေး ရုံးတွင်ဈေးရောင်းသူများအား ခေါ်တွေ့စဉ် အုပ်ချုပ်ရေးမှူးမှ ရှင်းပြခဲ့ကြောင်း ဈေးရောင်းသူ တစ်ဦးမှဆိုသည်။

“ဒီအလံရဲ့အောက်မှ ကေအိုင်အေ လို့ပါရင် ဒါ ကေအိုင်အေ အလံပါ။ ကေအိုင်အေဆိုသည့် စာမပါရင်တော့ မြန်မာနိုင်ငံ လွတ်လပ်ရေးမရခင်က ကချင်အမျိုးတွေ သုံးခဲ့သည့် ကချင်အမျိုးသား အလံပါ။”ဟု ကချင်စာပေနှင့် ရိုးရာ ယဉ်ကျေးမှုကော်မတီ အဖွဲ့ဝင် တစ်ဦးမှဆိုသည်။

ယခုကိစ္စသည် အပြင်တွင် ကချငအမျိုးသား အလံပါသည့် အင်္ကျီ၊ အလံ စသည့် ပစ္စည်းများကို ရောင်းသည့် သူများအား ဖမ်းဆီးထားလိုက်ပြီး ဖြစ်ကြောင်း သတင်းပျံနှံလျှက်ရှိသည်။