Thursday, February 13, 2014

စိန်ခေါ်မှုများ ကြားမှ ရခိုင့် အနာဂတ် အတွက် ရခိုင် အမျိုးသား ညီလာခံ ကျင်းပမည်


by သျှမ်းသံတော်ဆင့် 
စိန်ခေါ်မှုများနှင့် ရင်ဆိုင် နေရသော်လည်း ရခိုင့် အနာဂတ် အတွက် သေနက ဗျူဟာ ရေးဆွဲ ချမှတ်နိုင် ရန် ရခိုင် အမျိုးသား ညီလာခံ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

“လက်နက်ကိုင်အင်အားစု၊ ဒီမိုကရေစီအင်အားစု၊ တတ်သိပညာရှင်တွေ ပြည်သူတွေအားလုံး ရခိုင် တွေရှေ့ဆက်ဘယ်လိုသွားမလဲဆိုတဲ့ သေနကဗျူဟာတစ်ခု ရေးဆွဲချမှတ်နိုင်ဖို့ အရေးကြီးတယ်။ ဒါမှ ရခိုင်ရဲ့အနာဂတ်ဟာ ရေရာမယ်၊ ထွန်းလင်းလာမယ်” ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ အထွေထွေ အတွင်းရေးမှူး ဦးဦးလှစော က ပြောပါသည်။
စစ်အစိုးရလက်ထက် စီးပွားရေး၊ နိုင်ငံရေး၌ ပြဿနာ အမြောက်အများ ကြုံတွေ့ခဲ့ရကြောင်း၊ ပွင့် လင်းလာသည့်ခေတ်၌လည်း Islamisation ဘာသာရေးပဋိပက္ခနှင့်ကြုံတွေ့ရကြောင်း၊ ရခိုင်ပြည်၌ သယံဇာကြွယ်ဝ သော်လည်း ရခိုင်လူမျိုးများ ဆင်းရဲနေသည်မှာ စိန်ခေါ်မှုတခုဖြစ်နေပြီး ရခိုင်ပြည်နယ်သည် အခြားဒေသထက် ထူးခြားသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရကြောင်း၊ ရခိုင်အမျိုးသား ညီလာခံ ကျင်းပနိုင်ရန် technical ပိုင်း၌သာ အခက်အခဲရှိကြောင်း ဦးဦးလှစော က ပြောပါသည်။

ရခိုင်အမျိုးသားညီလာခံကို ၁) ရခိုင်အမျိုးသားသွေးစည်းညီညွှတ်ရေး ၂) အမျိုးသား တန်းတူရေး နှင့် တရားမျှတရေး ၃) လုံခြုံငြိမ်းချမ်းပြီး ဖွံ့ဖြိုးတိုးတက်သည့် ရခိုင်လူ့ဘောင်သစ်တစ်ရပ် ပေါ်ထွန်း ရေး − ဟူသည့် ရည်ရွယ်ချက် ၃ ရပ်ဖြင့် ၂၀၁၄ ဧပြီလ ၂၇ ရက်မှ မေလ ၁ ရက်နေ့အထိ ရခိုင်ပြည် ကျောက်ဖြူ မြို့၌ ကျင်းပမည်ဖြစ်သည်။

ရခိုင်အဖွဲ့အစည်းများ လုံခြုံအေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် လူမျိုးရေးဆန်သည့် ပဋိပက္ခ၊ ဘာသာရေးဆန်သည့် ပဋိပက္ခများ အဆုံးသတ်နိုင်ရန် စာတမ်းပြုစုမည်ဖြစ်ကြောင်း၊ စီးပွားရေး လူမှုရေး ကျန်းမာရေး ပညာရေးစသည့် ကဏ္ဍများကို ဆွေးနွေးမည်ဖြစ်ကြောင်း ဆို၏။

ညီလာခံ၌ အစိုးရနှင့် အပစ်ခတ်ရပ်စဲထားခြင်း မရှိသေးသည့် ရခိုင်တပ်မတော်(AA)လည်း ပါဝင် မည် ဖြစ်သည်။ အစိုးရက စစ်မှန်သည့် ငြိမ်းချမ်းရေး အမှန်တကယ် လိုလားပါက အပစ်ခတ် မရပ် သေးသော်လည်း ပါဝင်ခွင့်ပြုသင့်သည်ဟု ရခိုင်တပ်မတော်မှ ဒု−ဗိုလ်မှူးကြီး ကျော်ဟန် က ပြောပါ သည်။

“တိုင်းပြည်နဲ့လူမျိုးအတွက် အလုပ်လုပ်နေတဲ့အတွက် ပြည်သူတွေကိုလည်း ပါဝင်စေချင်တယ်။ ပဋိပက္ခတွေကို အတူတူပူးပေါင်းအဖြေရှာဖို့အတွက် ပါဝင်ခွင့်မပေးဘူးဆိုရင် အမျိုးသားညီလာခံက ပြည့်စုံတဲ့ညီလာခံမဟုတ်ဘူး။ တကယ်လို့ ရလဒ်ကောင်းတခုထွက်လာလို့ အစိုးရနဲ့ငြိမ်းချမ်းရေး ဆွေးနွေးရင်လည်း ငြိမ်းချမ်းရေး အစစ်အမှန်မဟုတ်ဘူး။ အပစ်ခတ် မရပ်ထားတဲ့ ရခိုင်တပ်မတော် ပါဝင်ပေမဲ့ အစိုးရဘက်က ညီလာခံပြုလုပ်ဖို့ ခွင့်ပြုမယ်လို့ ထင်ပါတယ်။”

ရခိုင်အမျိုးသားညီလာခံ ဖြစ်မြောက်ရေးအတွက် ပြည်တွင်းပြည်ပ ရခိုင်ခေါင်းဆောင်များက စတုတ္ထ အကြိမ်မြောက် အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ဖေဖော်ဝါရီလ ၇ ရက်မှ ၉ ရက်နေ့အထိ ကျင်းပခဲ့သည်။ ဖေဖော်ဝါရီလ ၁၀ ရက်နေ့၌ သတင်းစာရှင်းလင်းပွဲတရပ် ကျင်းပသည်။

ရခိုင်အမျိုးသားညီလာခံ ဖြစ်မြောက်ရန်အတွက် ညှိနှိုင်းရေးကော်မတီက မြန်မာငြိမ်းချမ်းရေး စင်တာ(MPC)နှင့် ဖေဖော်ဝါရီလ ၁၅ ရက်နှင့် ၂၀ ရက်အတွင်း တွေ့ဆုံမည်ဟု သိရပါသည်။