Sunday, November 18, 2012

Yangon, Myanmar Police search vehicles bribery -实拍腐败缅甸警察查车受贿视频简介:缅甸 仰光 警察查车受贿视”

တရုတ်နိုင်ငံရဲ့  မီဒီယာတစ်ခုမှာ ကျန်ခဲ့တဲ့ စက်တင်ဘာလ (၂၁) ရက်နေ့ က ဖေါ်ပြထားတဲ့ ဗွီဒီယိုအပိုင်းတစ်ခုဟာ “Yangon, Myanmar Police search vehicles bribery -实拍腐败缅甸警察查车受贿视频简介:缅甸 仰光 警察查车受贿视” ဆိုပြီး ဖေါ်ပြထားပါတယ်။ မြန်မာပြည် ရန်ကုန်မြို့ ကြီးရဲ့  လမ်းတစ်လမ်းမှာ ကားသမားတွေဆီက လာဘ်ငွေကို ပေါ်ပေါ်တင်တင် ယူနေတဲ့ ယာဉ်ထိန်းရဲ နှစ်ဦးလုပ်ရပ်ကို ဗွီဒီယိုရိုက်ပြီး ဖေါ်ပြထားတာ ဖြစ်ပါတယ်။ ယခင် မဆလခေတ် ရန်ကုန် လှည်းတန်းမီးပွိုင့်လမ်းဆုံက ယာဉ်ထိန်းရဲတွေကတော့ သူတို့  ကိုယ်တိုင် ဒီလို ပေါ်ပေါ်တင်တင် မယူပါဖူး။ ဒါပေမယ့် ကလေးငယ် တစ်ယောက် နှစ်ယောက်လောက်ကို ခိုင်းစေပါတယ်။ လှည်းတန်းမီးပွိုင့်လမ်းဆုံက မီးပွိုင့်ကို ဖြတ်ကျော်ပြီးတာနဲ့  ကုန်တင်ကားတွေက ရပ်လိုက်ပြီး မနီးမဝေးက စောင့်ဆိုင်းနေတဲ့ အဆိုပါ ခိုင်းစေခံရသူ ကလေးလေးကို ပိုက်ဆံကလေး လိပ်ကျစ်ပြီး ဆင်းပေးခဲ့ရပါတယ်။ ဒီလို ကလေးကို ပေးရမယ်ဆိုတာကိုလည်း နေ့ စဉ်နဲ့  အမျှ ဖြတ်သန်းနေရလို့  ပေးနေရ သိနေရတဲ့ ကားမောင်းသမားများက ယာဉ်ထိန်းရဲရဲ့  ခိုင်းစေထားသူ ကလေးလေးတွေ ဖြစ်ကြောင်း သိနေပြီး ဖြစ်လို့ ပါ။ အဆိုပါ ခိုင်းစေထားသူ ကလေးငယ်လေးများ မရှိရင်တော့ ပေးရမယ့် ပိုက်ဆံကို လိမ်ကျစ်ထားပြီး ကားပေါ်ကနေ လမ်းပေါ်ကို မသိမသာ ပစ်ချခဲ့ရပါတယ်။ မီးပွိုင့်လမ်းဆုံဖြစ်နေလို့  လမ်းသွားလမ်းလာတွေ လက်ဘက်ရည်ထိုင်နေကြလူတွေ များတာမို့  အဆိုပါ ယာဉ်ထိမ်းရဲတွေဟာ သူတို့  ကိုယ်တိုင် မယူရဲပါဖူး။ နောက်ဆုံး လမ်းပေါ် ပစ်ချခဲ့တဲ့ ပိုက်ဆံလိပ်အကျစ်ကလေးကိုတောင်မှ နည်းနည်းအခြေအနေ စောင့်ကြည့်ပြီးမှ အမှိုက်ကောက်သလိုနဲ့  ဖယ်သလိုနဲ့  ကောက်ယူတာပါ။ တစ်နေ့ တစ်နေ့  မနက်ပိုင်းကစပြီး ညနေပိုင်းထိ ဒီလိုရရှိတဲ့ ငွေဟာ မနည်းဖူးလို့  အဆိုပါ ယာဉ်ထိန်းရဲတွေကိုယ်တိုင်က သူတို့ နေအိမ်ပြန်ရောက်ပြီဆိုရင် ပြောပြကြတာပါ။ ဒီမြင်ကွင်းကို မီးပွိုင့်အနီး လက်ဘက်ရည်ဆိုင်မှာ ထိုင်ပြီး သတိထားကြည့်နေရင် တစ်နာရီအတွင်း ဘယ်နှစ်ကြိမ်လည်းဆိုတာ ရေတွက်လို့ ရပါတယ်။ ယခုလို ပေါ်ပေါ်တင်တင်ကြီး လာဘ်ငွေယူနေတဲ့ အကျင့်ပျက်ရဲဝန်ထမ်းတွေရဲ့  လုပ်ရပ်ကို တရုတ်နိုင်ငံရဲ့  မီဒီယာတစ်ခုမှာ တရုတ်ဘာသာနဲ့  ရေးပြီး ဖေါ်ပြထားတာ မြင်ရတော့ မြန်မာတိုင်းပြည်နဲ့  လူမျိုးဂုဏ်သိက္ခာ ထိခိုက်စေတာ အမှန်ပါဘဲ။ လာဘ်ပေးလာဘ်ယူ ပပျောက်ရေးလုပ်ဆောင်မယ် သန့် ရှင်းတဲ့ အစိုးရဖြစ်စေမယ်လို့  အသံကောင်းဟစ်နေဆဲသူတွေအနေနဲ့  အဓိက တာဝန်ရှိပါတယ်။ လာဘ်ပေးလာဘ်ယူ ပပျောက်ဖို့ ဆိုတာ အပေါ်ထိပ်ပိုင်း အုပ်ချူပ်သူတွေမှ အစ အောက်ခြေ ၀န်ထမ်းတွေအထိ ထိထိရောက်ရောက် ဆောင်ရွက်မှ ဖြစ်တယ်ဆိုတာ မှန်ပေမယ့်၊ ၀န်ထမ်းတွေရဲ့  စားဝတ်နေမှု ဖူလုံရေးအတွက် အုပ်ချူပ်သူတွေက မစွမ်းဆောင်ပေးဖူး မစွမ်းဆောင်နိုင်ဖူးဆိုရင် “အူမတောင့်မှ သီလစောင့်နိုင်မယ်” ဆိုတဲ့စကားအဆိုလို၊ “အများမိုးခါးရေ သောက်လို့  ကိုယ်လည်း သောက်ရပါတယ်” ဆိုတဲ့ အကြောင်းပြမှုတွေ၊ “ငါ့ဝမ်းပူဆာ မနေနိုင်” လို့  လုပ်ရပါတယ်ဆိုတဲ့ အဖြစ်တွေ ဆက်ဖြစ်နေမှာပါ။ အိမ်တစ်အိမ်မှာ ခေါင်မိုး မလုံရင် တစ်အိမ်လုံး မိုးယို မိုးစိုရတဲ့အတွက် ခေါင်မိုးလုံအောင် အထက်ပိုင်း ထိပ်ပိုင်းမှ အုပ်ချူပ်သူကြီးများရဲ့  များများကြီးကြီး လာဘ်စားလာဘ်ယူမှုတွေကို မည်သည့်ပုဂ္ဂိုလ်မဆို ထိရောက်စွာ အရေးယူဆောင်ရွက်ပြဖို့ ၊ မြန်မာပြည်ရဲ့  ၀န်ထမ်းတွေ တစ်ဦးချင်းစီ စားဝတ်နေရေးဖူလုံစေနိုင် ပံ့ပိုးထောက်ပံ့မှုများ ပေးဖို့ ၊ အခြေခံစားသောက်ကုန်ပစ္စည်းတွေကအစ ကုန်ဈေးနှုန်းများ သက်သာစေဖို့  အဓိက ပြဿနာရဲ့ အရင်းအမြစ်ကို ဖြေရှင်းနိုင်မှသာလျှင် လာဘ်ပေးလာဘ်ယူ လျော့နည်းပပျောက်မှာ ဖြစ်ပါတယ်။ ယခုတော့ တိုင်းပြည်နဲ့ လူမျိုးဂုဏ်သိက္ခာ ကျစေတဲ့ ဒီလုပ်ရပ်မြင်ကွင်းကတော့ တရုတ်နိုင်ငံက မြင်တွေ့ နေရပြီမို့  အင်မတန်ရှက်ဖွယ်ကောင်းသောအဖြစ် ဖြစ်ပါတော့တယ်။ တိုင်းပြည်က အထက်ပိုင်းမှာ ထိပ်ပိုင်းမှာ အုပ်ချူပ်နေကြသောသူကြီးများ အရှက်တရားမှ ရှိကြပါရဲ့ လားဗျာ။ (ဗွီဒီယို - ဒီမိုဝေယံ)။