Tuesday, November 13, 2012

ကချင် လူမျိုးများ ပြောသော ဗမာ စကား (၂)



အရင် အပိုင်း (၁) မှာ ရေးထားတာ က တော့ ဖိရွတ်သံ (accent) နဲ့ ပတ်သက် ပြီး ကချင်လူမျိုးများ ရဲ့ လေသံကွဲနေခြင်းအပေါ် တင်ပြထားခြင်းဖြစ်ပါတယ်။

ဒီတခါမှာတော့ ကချင်လူမျိုးများ ပြောလေ့ ပြောထ ရှိတဲ့ ဗမာ စကား အသုံးအနှုန်း တချို့ အကြောင်းဖြစ်ပါတယ်။
ကချင်တွေက ဗမာ စကားပြောရင် ကချင်စကားနဲ့ တိုက်ရိုက် အဓိပ္ပါယ်ကို ယူပြီး ပြောလေ့ ပြောထ ရှိတာကြောင့် ဗမာ စကားပြောတဲ့ အတိုင်းအ၀ိုင်းအတွက် အထာ မကျ တဲ့ စကားလုံး (၀ါ) ရိုင်းတဲ့ စကားပြော ဖြစ်နေတတ်ပါတယ်။
ကချင်လူမျိုးတွေမှာက... 'မင်း' (nang) နဲ့ 'ငါ' (ngai) ဆိုပြီး စကားလုံး နှစ်လုံးပဲ ရှိပါတယ်.... ဒီတော့ ဗမာ စကား ပြောရင်လဲ ဗမာ စစ်စစ်တွေလို 'ခင်ဗျား... ဒို့... ကိုယ်... ကျနော်.. ကျမ... ' လိုဟာမျိုး စကား အဆာပလာ သိပ်မထည့်တတ်ဘူး။ ဆရာ၊ ဆရာမ ကိုလဲ 'မင်း'၊  'ငါ' ဆိုပြီး ပြောလိုပြော ဖြစ်နေတတ်ပါတယ်။


ဒီအကြောင်းနဲ့ ပါတ်သက်ပြီး၊ ကျနော်တို့ မြို့မကျ တောမက အလယ်တန်းကျောင်းတကျောင်း မှာ တက်တုန်းက တော်ပေါ်ဒေသ တနေရာက လာတဲ့ သူငယ်ချင်း (ကချင်) တစ်ယောက်ကို ဆရာက သူ့ရဲ့ စာမေးပွဲရလတ်အတွက် မိဘ ခေါ်ခဲ့ဖို့ ပြောပါတယ်။ နောက်နေ့မှာ၊ သူ့ အဖေ ကို ကျောင်း အခန်းထဲ အရောက် ခေါ်လာခဲ့ပြီး၊ ကျောင်းသူ၊ ကျောင်းသား အားလုံး ရှေ့မှာ ဆရာ့ကို ပြောပုံက ဒီလိုပါ။ " ဆရာ... မင်း ခေါ်ခိုင်းတဲ့ ငါ့အဖေ ဆိုတာ ဒီကောင်ပဲ..." ဆိုပြီး ပြောလိုက်ပုံက ညင်ညင်သာသာ ပေမယ့်.. ကချင် မဟုတ်တဲ့ ကျောင်းသူ၊ ကျောင်းသား အားလုံးက ၀ါးလုံးကွဲ ရီကြပါလေရော... ဆရာ့ ကို ကြည့်တော့လဲ ပြုံးစိစိ။ ဘာလို့ ရီနေကြမှန်း မသိပဲ ကြောင်တောင်တောင် ဖြစ်နေတာက ပြောတဲ့သူနဲ့ ကျနော်တို့ ကချင် အုပ်စုတွေပါ။ အဲဒီ ဆရာ က ဗမာ တစ်ယောက်ပေမဲ့လို့ ကချင် တောထဲမှာ အနေကြာသူ ဆိုတော့ အထာနှပ်တယ် လို့ ပြောရပါမယ်။ ဒီလို ဆရာမျိုးနဲ့တော့  ပြဿနာ မရှိပေမယ့်၊ အောက်ပိုင်းက ပြောင်းလာတဲ့ ဆရာ၊ဆရာမ တွေဆို ရောက်စက "ကချင်ကလေးတွေ အရန်းရိုင်းတယ်" ဆိုပြီး ပေါ်တင် ကောတာ ကြားဖူးပါတယ်။ အဲလို ကောလိုက်တိုင်း ကျနော်တို့ဟာ ကျနော်တို့ ဘယ်နေရာ ရိုင်းနေမှန်းလဲ မသိခဲ့ပါဘူး။ ဆရာ၊ ဆရာမ ဆိုတာ ချစ်ခင်လေးစားရ ကောင်းမှန်းတော့ လူတိုင်းသိနေပါတယ်။ နောက်ပိုင်း အကြောင်းသိသွားတော့လဲ သူတို့ အဲလို ကောခဲ့တဲ့ တပည့်ဟောင်းတွေ ကို တမ်းတ နေတတ်ကြပါတယ်။ ဘာ ဆု၊ လက်ဆောင်မှ မပေးတတ်၊ ကျေးဇူးတင်တယ် လို့တောင် ဝေေ၀လည်လည် သိပ်မပြောတတ်တဲ့ ကချင် ကျောင်းသူ၊ ကျောင်းသား များကို တမ်းတ ခြင်းဟာ မေတ္တာ ရောင်ပြန်ဟတ်ခြင်း ဖြစ်တယ် လို့ ဆရာ တစ်ပါး ပြောတာ ကြားဖူးပါတယ်။

ကချင်တွေရဲ့ မျိုးရိုးဗီဇ အရ၊ ကချင်တွေဟာ ရှေးရှေးတုန်းက တရုတ်ကို မွန်ဂိုတွေ စစ်တိုက်တော့ အနောက်ဖက်ခြမ်းကို ခွဲထွက်သွားတဲ့ စစ်တပ်အုပ်စု ဖြစ်ကြပါသတဲ့။ ကချင်ရွာတွေကို ကြည့်လိုက်ရင် ခံတပ် လို နေရာတွေမှာ အများအားဖြစ် ရွာတည်ကြတယ်။ ရွာကိုဦးဆောင်တဲ့သူကို ဒူဝါ (Captain) လို့ခေါ်တယ်။ ဒါကြောင့် စကားပြောရင် လိုရင်း တိုရှင်း ပြောတတ်ကြတယ်လို့ ပြောပါတယ်။ James C. Scott ရဲ့ "The Art of Not Being Governed" မှာ တော့ "အစိုးမရတဲ့ လွတ်လပ်သော လူ့အဖွဲ့အစည်းငယ်များ၊" လို့ဆိုထားတယ်။ ငယ်ငယ်တုန်းက ကချင်လူကြီးတွေ ကျနော်တို့ ကလေးတွေကို စကားသိပ်မများဖို့၊ ထမင်းစားရင် မြန်မြန်စားဖို့ စစ်သင်တန်းပုံစံ တွန်သင်လေ့ရှိပါတယ်။ ဒါကတော့ လတ်သလောဖြစ်နေတဲ့ တော်လှန်ရေး စစ်ပွဲကြောင့်လဲ ဖြစ်နိုင်သလို မျိုးရိုးဗီဇ ကြောင့်လဲ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကချင်တွေဟာ စကားပြောရင် တိုတိုတုတ်တုတ် ပြောလေ့ရှိပြီး စကား တန်ဆာပလာ သိပ်မပြောတတ်ပေ။ နောက်ပြီး၊ လွတ်လပ်ခြင်းဟာလဲ ကချင်လူမျိုးများ အတွက် အရေးအကြီးဆုံးဖြစ်တယ်တဲ့။ လွတ်လပ်ခွင့်မရှိရင် ဒူဝါကြီးတွေကိုတောင် ရွာသားတွေ တော်လှန်တဲ့ သမိုင်းအထောက်အထား တောင်ပေါ်က "Hkin Du Yang" ဆိုတဲ့ ရွာလေးမှာ အခုထိ ကျောက်တိုင်ရှိပါတယ်။ စကားပြောကောင်းတဲ့ လူတွေကို ယုံလွယ်ပေမယ့် မဟုတ်တာ လုပ်လို့ကတော့ သိသိခြင်း တုံ့ပြန်တတ်ပါသတဲ့။ ဒါကြောင့်လားတော့မသိ၊ ကချင်ယောက်ျား လေးတွေက စကားသိပ်မပြောတတ်လို့ ကချင် အမျိုးသမီးတွေ တပါးအမျိုးသား ယောက်ျား တွေနဲ့ ပါပါသွားတယ် လို့ လူငယ်တွေ ပြောတတ်ကြပါတယ်။

နောက်ပြီး၊ ကချင်လူမျိုးများ အခက်ကြုံ တဲ့ အထဲမှာ၊ ဗုဒ္ဓဘုန်းကြီးများ၊ သီလရှင်များ နဲ့ ထိတွေ့ ဆက်ဆံ တဲ့အခါဖြစ်ပါတယ်။

ကျနော့ ညီမလေး (အရင်းမဟုတ်) တစ်ယောက် ပြောပြတာ ဖေါက်သည် ချချင်ပါတယ်။ သူတို့ ကျောင်းသူ၊ ကျောင်းသားအဖွဲ့ ပုဂံ၊ ညောင်ဦးဘက် ကို ခရီးသွာတုန်းက အဖြစ်အပျက်လေးပါ။ ရှေးဟောင်း စေတီ တစ်ဆူမှာ ၀င်လေ့လာတော့၊ အားလုံးလဲ ကိုယ့် အာရုံနဲ့ ကိုယ် ဆိုတော့ ဘယ်သူဘယ်ရောက်နေမှန်းလည်း မသိကြဘူး။ ဒီတော့ သူ တစ်ယောက်ထဲ ဘုန်းကြီးတွေ စံတဲ့ နေရာ ရောက်သွားတယ်။ မိန်းကလေးများ မသွားရတဲ့ နေရာမှန်းလဲ မသိ ဆိုတော့ ၀င်သွားတာပေါ့။ အဲမှာ ပါးနပ်တဲ့ ဘုန်းကြီး တစ်ပါးက တကာမလေး က တိုင်းရင်းသူ ထင်တယ်။ ဆိုပြီး စပြောလာရာက အဖွဲ့ကျသွားပြီး၊ ရောက်တတ်ရာရာပြောရာက အနီးအနား က သိသင့် သိထိုက်တာလေး တွေကို အဲဒီ ဘုန်းကြီးကပဲ အစအဆုံး ရှင်းပြရှာတာတဲ့၊ တောက်လျှောက် ဘယ်လို အသုံးအနှု/ တွေနဲ့ပြောလာလဲတော့ မသိ၊ ပြန်ခါနီးတော့ ဘုန်}wကီးကို ယဉ်ယဉ်ကျေးကျေးနဲ့ နှုတ်ဆက် ချင်တာနဲ့ "ပြန်ပါတော့မယ် ရှင့်.." လို့ပြောမယ့်အစား 'ပြန်လွန်တော်မူပြီ ဘုန်းဘုန်း...' လို့ ပြောထားလိုက် သတဲ့။

နောက်ရှိပါသေးတယ်။ ကချင် လူငယ် တစ်သိုက်၊ မန်းလေးမှာခံလိုက်ရတဲ့ အဖြစ်ပါ။ လက်ဖက်ရည်ဆိုင် ထိုင်ကြတယ်။ အဲချိန်မှာ သီလရှင်တစ်ပါး အလှူ လာခံတယ်။ စကားပြောနေရင်း တန်းလန်း ဆိုတော့ သူများ ထိုင်ခုံ တွေမှာ ဘယ်လို အသုံးအနှုန်း နဲ့ ပြောလွတ်လိုက်တယ် မသိ၊ ကိုယ်အလေ့ ရောက်လာတယ်၊ တစ်ခုခု ပြောလိုက်ရင် ထွက်သွားမယ် ထင်လို့ "ခွင့်ပြုပါအုံး..." လို့ပြောပြီး စကားထပ် ပြောနေလိုက်တယ်.. အတန်ကြာတဲ့ထိ သီလရှင်လေးက ထွက်မသွားပဲ ရပ်စောင့်နေတယ်၊ စကားလုံး ပြန်ပြောင်းပြောလိုက်တယ်၊ "လေးစားပါတယ်..." အဲတော့လဲ မထွက်သွားဘူး... နောက်ဆုံးစကားတစ်ခွန်း.. "ရှိခိုးပါတယ်...." ဆိုတော့လဲ မသွားသေးဘူး... ဘေးလူတွေကလဲ ကွက်ကြည့်ကွက်ကြည့် ဖြစ်လာတာနဲ့... အကြွေလဲ မရှိတာကြောင့် ထောင်တန် တစ်ရွက် လှူလိုက်ရတယ်တဲ့ကွယ်။

ဗမာ စကားအသုံးအနှုန်း မတတ်တာ သာမန်အရပ်သားတွေမှာပဲ မဟုတ်ပါဘူး။ အရင်တုန်းက ပါတီစုံခေတ်မှာ ၀န်ကြီးအဖွဲ့များကို ကချင်ဝန်ကြီးကတော် တစ်ယောက် ကြိုဆိုပုံကလဲ အခုထိ ပြောစမှတ် ဖြစ်နေပါတယ်။ "၀န်ကြီးများ အခုလို လတ်လတ်ဆတ်ဆတ် ရောက်လာလို့ ၀မ်းသာတယ်" ဆိုသတဲ့။

ဈေးဝယ်တဲ့ အခါတွေမှာလဲ အထာမကျ တဲ့ အသုံးအနှုန်း အများကြီးရှိပါသေးတယ်။ ကချင်တွေက ထမင်းချက်တဲ့အခါ ဆန်ပွါး၊ အိုးတက် တာကို ကချင်လို "n-gu rawt ai" ဗမာ လို တိုက်ရိုက် အဓိပ္ပါယ် က "ဆန် ထ တယ်" ပေါ့။ ဒီတော့ ဆန်သွားဝယ်တဲ့ ကချင် အိမ်ရှင်မ တွေက များများ ပွါး တဲ့ ဆန်လိုချင်လို့ မေးပုံက၊ 'ဒီဆန် ထ လား' တဲ့။ ဆန်ရောင်းတဲ့ ကချင်နယ်ခံ ဈေးသည်များ ကတော့ နားလည်ကြပါတယ်။

ဗမာ စကား မတတ်လို့ (နားလည်တယ် ပြန်မပြောတတ်) ပေါ်တာ လွတ်လာတဲ့ ကချင် တစ်ယောက်တော့ ရှိခဲ့ဘူးပါတယ်။ သူက လောင်ဝေါ်လူမျိုးပါ။ တနေ့ ပေါ်တာဆွဲတဲ့ထဲပါသွားတယ်။ မဆိုင်းမတွ ဆန်အိတ်ထမ်းခိုင်း နားရက်မရှိ ဆိုတော့ အပေါ့အပါးသွားမဲ့ အချိန်တောင် မရကြဘူးတဲ့။ ပစ္စည်းများပို့ပြီး အပြန်တနေရာမှာ သူလဲ အပေါ့အရမ်း ကို သွားချင်နေပြီ၊ ဘယ်လိုခွင့်တောင်းရမှန်းလဲမသိ၊ သူတို့အဖွဲ့ကို စောင့်တဲ့ စစ်သားတစ်ယောက် အပေါ့သွားနေတဲ့အချိန် သူလဲ ရောပြီး သွားလိုက်တယ်တဲ့၊ ဟိုစစ်သားက အရင်ပြီးလို့၊ "ဟေ့ကောင်... မြန်မြန်လုပ်လေ.... သူများသွားကုန်ပြီ.. လာ..." ဆိုပြီးခေါ်တော့၊ လောင်ဝေါ် စကားနဲ့ "လှီးနာရား" လို့ပြောလိုက်တယ်။ အဲမှာ ကိုကို စစ်သားက စိတ်မရှည်စွာနဲ့ ... "လီးနာရင် စောစောပြောပါလား... သွား..." ဆိုပြီး လစ်သွားမှ သူ့ဟာသူ လစ်ထွက်ခဲ့သတဲ့။ အမှန်ဆို လောင်ဝေါ် လို သူပြောလိုက်တာက "အခု လာနေပါပြီ" ဆို သတဲ့။

ဗမာ စကားအသုံးအနှုန်း မတတ်ခြင်းသည်၊ ကချင်လူမျိုးများ ဗမာလူမျိုးတွေနဲ့ အတူတူ မနေခဲ့မှန်းလဲ သိသာစေပါတယ်။ အရှေ့ဖက်မှာ တရုတ် (ဗုဒ္ဓဘာသာ)၊ အနောက်ဖက်မှာ India (Hinduism နဲ့ ဗုဒ္ဓဘာသာ)၊ တောင်ဖက်မှာ ဗမာ (ဗုဒ္ဓဘာသာ)၊ မြောက်ဖက်မှာ တိဘက် (ဗုဒ္ဓဘာသာ) ၀န်းရံထားတဲ့ ကချင်ဘိုးဘေးတွေဟာ ဗုဒ္ဓဘာသာ ၀င်များ မဟုတ်ခဲ့ခြင်းပင်လျှင် ရှေးယခင်ကတည်းကိုက သီးသန့် နေလာတဲ့ လူမျိုးများ ဖြစ်နေတာကို သက်သေပြနေပါတယ်။ ဒါကြောင့်လဲ ကချင်လူမျိုးများ ခုခံကာကွယ်နေရတာပါ။
အခုနောက်ပိုင်းတော့ ကချင်လူငယ်များလဲ ဗမာစကားသာ အဓိက ပြောလာပါပြီ၊ ကချင်စာပေလဲ မတတ်တော့ပါဘူး။ ကချင်စာပေ နဲ့ စကားကို KIO အုပ်ချုပ်နယ်ထဲမှာပဲ ရုံးသုံးစာနဲ့ ကျောင်းတွေမှာ တရားဝင် သင်ခွင့်ရှိတော့ KIO သာမရှိတော့ရင် ကြာလာတာနဲ့အမျှ ဗမာစကားပြောကချင်လူမျိုးများ ဖြစ်လာပြီး၊ ရာဇ၀င်ထဲမှာ ပြန်ရှာယူရမယ့် လူမျိုးများ ဖြစ်လာမှာပါ။ ဒါကြောင့်လဲ ဗမာစကား မတတ်တဲ့ ကချင်တွေကိုစစ်သားတွေ၊ အစိုးရ ၀န်ထမ်းတွေ ဆဲနေတဲ့အခါတိုင်း ဗမာမှုပြုတဲ့နေရာမှာ အနှောက်အယှက်ပေးတဲ့လူ လို့များ သတ်မှတ်လေသလား လို့တွေးမိပါတယ်။

စကား အသုံးအနှုန်း နဲ့ လူ့ကျင့်ဝတ် သိက္ခာ ဆိုသည်မှာ၊ ဝေခွဲရ တော်တော် ခက်ပါတယ်။ အ၀တ်အစား ကောင်းကောင်းမွန်မွန် ၀တ်စားထား၊ စကားကို ဝေေ၀လည်လည်ပြောပြီး လူလိမ်လူညာ လုပ်နေတဲ့ လူကြီးလူကောင်း ယောင်ဆောင် တဲ့ လူသတ်သမားများလဲ ဒီလောက မှာ အများကြီးပါ။ တခါတလေမှာ လူတစ်ယောက်ကို ရိုင်းတယ် လို့ လွယ်လွယ် သတ်မှတ်ပြီး အားမနာ ပါးမနာ တပါးသူ သိက္ခာ ကို မငှဲ့ပဲ ပြောတတ် သူသာလျှင် ရိုင်း နေတယ် ဆိုတာ သတိထားမိဟန်မတူ။ အားလုံးငြိမ်းချမ်းကြပါစေ။

kachinduwa@gmail.com