Friday, February 13, 2015

Mr.han ဟန်ယောင်ဝေ နားလည်ဖို့ ကောင်းပြီ

· 

မိမိက EBO ကိုလည်း မတိုက်ခိုက်ဘူး၊ PI ကိုလည်း မတိုက်ခိုက်ဘူး၊ ဒါပေမဲ့ UPWC နောက် ကောက်ကောက်ပါအောင် ရပ်တည်တာမျိုးကို မလိုလားဘူး။ ဦးအောင်မင်းတို့က UNFC နဲ့ မဆွေးနွေးလိုဘဲ တစ်ဖွဲ့ချင်း တွေ့ဖို့ အကြောင်းပြန်ခဲ့ခြင်းမှာ ဟန်ယောင်ဝေတို့ ပယောဂ မကင်းဘူး။ အခု ကိုးကန့်မှာ ပြဿနာ ဖြစ်တော့ အစိုးရတပ်က ဗမာလူမျိုးကိုပဲ အကာအကွယ် ပေးဖို့ အစီအစဉ် ရေးဆွဲထားတာ တွေ့ရတယ်။ ကိုးကန့်တွေကို အန္တရာယ်ကင်းအောင် ဘာအစီအစဉ်မှ လုပ်မထားဘူး။ ဒါပေမဲ့ MRTV မှာတော့ ရပ်ရွာအေးချမ်းသာယာရေးနဲ့ ပြည်သူ့အသက်အိုးအိမ်လုံခြုံရေးအတွက် တပ်မတော်က အသက်ကို အပ်နှံထားပြီးသားလို့ ကျေညာပါတယ်။
ဒီအချိန်မှာ ကိုးကန့်ကို တိုင်းရင်းသားမဟုတ်ဘူးလို့ ပြောပြီး နိုင်ငံခြားတပ်နဲ့ တိုက်နေရသလိုမျိုး ရေးကြတယ်။ တရုတ်တပ်မတော်နဲ့များ တိုက်ခိုက်နေရရင် လောက်ကိုင်ကို ကယ်ဖို့ သမိန်ဗရမ်း မရှိဘူး။ စီးချင်းထိုးပြီး အနိုင်အရှုံး ဆုံးဖြတ်တဲ့ခေတ်လည်း မဟုတ်တော့ဘူး။ ဒါကို ဟန်ယောင်ဝေ သိဖို့ လိုတယ်။ ပထမဆုံးသမ္မတရဲ့ ရင်သွေးမို့လို့ လေးစားပါတယ်။ ဒါပေမဲ့ ဒီအချိန်မှာ ပရိုဂျက်နိုင်ငံရေး လုပ်ရမဲ့အချိန် မဟုတ်တော့ဘူး။ အားလုံးက စုပေါင်းပြီး အတူတကွ တိုက်ပွဲ ဝင်ရမဲ့အချိန် ဖြစ်တယ်။ အခု တိုက်ပွဲဟာ ကိုးကန့်နဲ့ အစိုးရတပ်ကြား ဖြစ်နေတဲ့ တိုက်ပွဲ မဟုတ်ဘူး။ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်နဲ့ မြန်မာ့တပ်မတော် ဖြစ်နေတဲ့ တိုက်ပွဲပါ။
အလားတူ ပြောရရင် မြန်မာ့အသံက "တောက်တောက်ပြောင်ပြောင် ဝတ်ဆင်ထားတာ တွေ့ရှိရတဲ့အတွက် ခရီးဝေးကနေ လာရောက်တိုက်ခိုက်တာ မဟုတ်ဘူးဆိုပဲ။ ဒါဟာ လက်ရှိတိုက်ပွဲမှာ ဒေသခံတို့က ဖုန်းကြားရှင်ကို ထောက်ခံကြောင်း အထောက်အထားပါ။ အမှန်မှာ ဘယ်တိုင်းရင်းသားကမှ မြန်မာ့တပ်မတော်ကို မထောက်ခံကြပါဘူး။ ကပြားအချို့နဲ့ အစိုးရနဲ့ မကင်းရာမကင်းကြောင်းအချို့သာ မြန်မာ့တပ်မတော်ကို မလွဲမရှောင်သာ ထောက်ခံကြတာ ဖြစ်တယ်။ အမျိုးသားသစ္စာဖောက်အချို့ပဲ ထောက်ခံကြတယ်ဆိုတဲ့သဘောပါ။ ဟန်ယောင်ဝေက အဲဒီအစားထဲက မဟုတ်ဘူးလို့ ယူဆပါတယ်။
လောက်ကိုင်ကို အစိုးရတပ်က ထိန်းချုပ်ထားတာ ၂၀၀၉ ခုနှစ်ကတည်းကပါ။ တကယ်လို့ မြန်မာ့တပ်မတော်က နည်းမှန်လမ်းမှန်နဲ့ အုပ်ချုပ်ခဲ့မယ်ဆိုရင် လူထုက မြန်မာ့တပ်မတော်ကို ထောက်ခံစရာ ရှိပါတယ်။ ဒါပေမဲ့ ထုံးစံအတိုင်းပါပဲ။ အညာဒေသကိုတောင် ကောင်းကောင်း မအုပ်ချုပ်တဲ့ ဒီတပ်ဟာ တိုင်းရင်းသားတို့ဒေသကို ချမ်းသာပေမယ်လို့ ဟန်ယောင်ဝေ ထင်ပါသလား။ ဒီတပ်ကို မြန်မာ့တပ်မတော်လို့တောင် ခေါ်လို့ မဖြစ်တဲ့ အချက်တွေ အများကြီး ရှိတယ်။ လက်ကိုင်တုတ်တပ်မတော်အဆင့်လောက်ပဲ ရှိတာပါ။ အပစ်ရပ်ကို လွယ်လွယ်နဲ့ ချုပ်ဆိုလိုက်ရင် ဆီပုလင်းသာ ဆောင်ထားပေတော့။
အခု UNFC ကျေညာချက်ထုတ်တာ ဘာဆန်းသလဲ။
"ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကို ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးများအာမခံချက် အပြည့်အဝ ရှိသည့် အမျိုးသားပြည်နယ်များကို အခြေခံ၍ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန် သဘောတူကြသည်။ အဆိုပါသဘောတူညီချက်နှင့်အညီ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူညချက်ကို ဆက်လက်အကောင်အထည်ဖော်ကြိုးပမ်းသွားကြရန် အခိုင်အမာ သန္နိဋ္ဌာန်ပြုကြသည်"
ဒါကိုတောင် အစိုးရက သဘောမတူရင် အပစ်ရပ်လက်မှတ်သွားထိုးလို့ မဖြစ်ဘူး။ ဟန်ယောင်ဝေအနေနဲ့ EBO ရပ်တည်ရေးအတွက် UWPC နဲ့ ပေါင်းပြီး အဖတ်ဆယ်မနေတော့ဘဲ UNFC နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းလိုတယ်။