Thursday, February 19, 2015

လက်ရှိသိန်းစိန်နဲ့ မင်းအောင်လှိုင်တို့ရဲ့ ရွှေ့ကွက်ဟာ တဖြည်းဖြည်းနဲ့ ထောင့်နားကပ်သွားနေတာကို တွေ့ရမှာ ဖြစ်တယ်။

 · 
ဘယ်သူက စိတ်ကူးယဉ်နေကြသလဲ
သိန်းစိန်နဲ့ မင်းအောင်လှိုင်တို့က ဖွဲ့စည်းပုံကို မပြင်ဘဲ ပေကပ်ကပ် လုပ်နေလို့ နိုင်ငံရေးနဲ့ စစ်ရေးအရ အဝိုင်းခံနေရတယ်။ သူတို့ကို ဝိုင်းထားတာက UNFC နဲ့ NLD ပါပဲ။ ဒီ(၂)ဖွဲ့က ဖွဲ့စည်းပုံကို ဒီမိုကရေစီရေးနဲ့ အမျိုးသားတန်းတူရေးရအောင် ပြင်ချင်တယ်။ သိန်းစိန်နဲ့ မင်းအောင်လှိုင်တို့က တစ်မတ်သားဒီမိုကရေစီနဲ့ တစ်မတ်သားဖက်ဒရယ်လောက်ပဲ ပေးချင်ပုံရတယ်။
အခု ကိုးကန့်ကို ဖက်ဒရယ်တပ် ဝင်တိုက်တဲ့အထိ သူတို့က စောင့်နေခဲ့ကြတယ်။ တပ်ရင်းတစ်ခု ပြုတ်အောင် အသေခံခိုင်းလိုက်တယ်။ ဒီစစ်သားအလောင်းကနေ သူတို့ရဲ့ image ကို ပေါလစ်ပြန်သုတ်တယ်။ ပြောင်ပြောင်လေး ဖြစ်လာတယ်။ အခု သိန်းစိန်က လောက်ကိုင်ဒေသအုပ်ချုပ်ရေးကို မင်းအောင်လှိုင်လက် ထည့်ပေးတယ်။ မင်းအောင်လှိုင်က ဗိုလ်မှူးကြီး စောမြင့်ဦးကို စစ်အုပ်ချုပ်ရေးအာဏာ လွှဲပေးတယ်။ လွှတ်တော်ကတော့ ထုံးစံအတိုင်း ဦးအောင်သောင်းကို ထောက်ခံခဲ့သလို အခုလည်းပဲ သိန်းစိန်နဲ့ မင်းအောင်လှိုင်တို့ကို ထောက်ခံလိုက်တယ်။
ဒီမှာ သတိထားဖွယ်တစ်ခုမှာ စစ်အုပ်ချုပ်ရေးကို လွှတ်တော်ကနေ အတည်ပြုချက် ရယူစရာ မလိုဘူးဆိုတာပဲ ဖြစ်တယ်။ စစ်တပ်က စစ်တိုက်တဲ့အခါမှာပဲဖြစ်ဖြစ်၊ စစ်ကျေညာတဲ့အခါမှာပဲဖြစ်ဖြစ်၊ စစ်အုပ်ချုပ်ရေး လုပ်တဲ့အခါမှာပဲဖြစ်ဖြစ် လွှတ်တော်ရဲ့ သဘောတူညီချက်ကို ရယူစရာ မလိုဘူး။ ဒါပေမဲ့ စစ်တပ်ရဲ့ လုပ်ရပ်နဲ့ စစ်ခရိုနီများရဲ့ လုပ်ရပ်ကိုသာ အမြဲတမ်း ထောက်ခံပေးရပါတယ်။ ဒါကြောင့် လက်ရှိလွှတ်တော်ဆိုတာ မင်းအောင်လှိုင်ရဲ့ ခြယ်လှယ်မှုအောက်က နယ်ရုပ်မျှသာ ဖြစ်တယ်။
မြန်မာ့နိုင်ငံသမိုင်းကို ကိုးကန့်သမိုင်းတစ်ခုလောက်နဲ့ဆိုရင် 7 Days ဂျာနယ်မှာ ပါတဲ့ မင်းအောင်လှိုင်ရဲ့ အင်တာဗျူးဟာ ဖတ်မှတ်ချင်စရာပါပဲ။ မိမိရေးခဲ့ဖူးပါတယ်။ ပြည်တွင်းအခြေစိုက် စာနယ်ဇင်းအတော်များများဟာ စစ်တပ်နဲ့ ခရိုနီဒဏ်ကို မခံနိုင်ပါဘူး။ ဒီထဲမှာ အမျိုးသားရေးစိတ်ဓာတ် နည်းနည်းပြင်ထန်းတဲ့ အယ်ဒီတာအချို့ဆိုရင် စစ်တပ်ဘက်ကို ယိမ်းသွားဖို့ မခက်ပါဘူး။ ဒါကို အခုမှ မိမိဝေဖန်ခဲ့တာ မဟုတ်ဘဲ ဟို ၂၀၁၂ ခုနှစ်ကတည်းက ဝေဖန်နေခဲ့တာ ဖြစ်တယ်။
အခု သိန်းစိန်အစိုးရရော မင်းအောင်လှိုင်ပါ သတင်းအချက်အလက်ကို ပါးပါးလေးနဲ့ ပြောပြီး ပြည်သူတို့ကို လှည့်စားဖို့ ကြံစည်နေကြတယ်။ သူတို့က ကျောင်းသားသပိတ်ကို ဖြိုခွဲဖို့ လုပ်ချင်တယ်။ ဒါပေမဲ့ ကျောင်းသားတွေက ထိပ်တိုက်မတွေ့ဘဲ လွှတ်တော်ဆောင်ရွက်မှုနဲ့ စာမေးပွဲအတွက် တစ်လ စောင့်ကြည့်မယ်လို့ ဆုံးဖြတ်ချက်ချလိုက်တော့ ဆွဲထားတဲ့ မောင်းကို မဖြုတ်ရဘဲ တစ်လလောက် နေလိုက်ရမယ်။ တကယ်လို့ ရန်ကုန်မှာ လူထုအုံကြွမှု ဖြစ်ခဲ့ရင် အခု ကိုးကန့်လိုပဲ စစ်အုပ်ချုပ်ရေး ကျေညာအုံးမှာ ဖြစ်တယ်။ ဒီ ၂၀၀၈ ခု ဥပဒေကို လက်ခံရင်လည်း စစ်ကျွန် ဖြစ်စေရမယ်။ ဒီ ၂၀၀၈ ဥပဒေကို လက်မခံရင်လည်း စစ်တပ်ကျွန် ဖြစ်ရမယ်။ ဒီအကွက်ကို မာစတာမိုင်း သန်းရွှေက ရိုက်ထားပြီသားပါ။ ၂၀၀၈ ခုဥပဒေ ရှိနေရင် ဒီဝင်္ကဘာကနေ ထွက်နိုင်မှာမဟုတ်ဘူး။
ဒါပေမဲ့ လက်ရှိသိန်းစိန်နဲ့ မင်းအောင်လှိုင်တို့ရဲ့ ရွှေ့ကွက်ဟာ တဖြည်းဖြည်းနဲ့ ထောင့်နားကပ်သွားနေတာကို တွေ့ရမှာ ဖြစ်တယ်။ သူတို့က
(၁) စစ်မှန်တဲ့ ဖက်ဒရယ်မူကို လက်မခံချင်ကြဘူး။
(၂) စစ်မှန်တဲ့ ဒီမိုကရေစီနစ်ကိုလည်း လက်မခံလိုကြဘူး။
ဒါပေမဲ့ သူတို့(၂)ဦးက သူတို့မှာ ရှိတဲ့ အရင်းအမြစ်ကို အသုံးချပြီး စာနယ်ဇင်းအချို့နဲ့ ပူးပေါင်းကား နှစ်ပေါင်း (၅၀)ကျော် ကြာခဲ့ပြီး သံချေးတက်နေတဲ့ စစ်ကျွန်ဝါဒကို ၂၀၀၈ ဥပဒေနဲ့ ပြောင်ပြောင်လက်လက် ဖြစ်သွားအောင် သုတ်ဖို့ ကြိုးစားကြတယ်။ အခု တိုင်းရင်းသားတွေရော အတိုက်အခံတွေပါ မသိမသာနဲ့ ဝိုင်းသုတ်ပေးကြပါတယ်။ ဒီအတိုင်း သွားရင်
(၁) စစ်တပ်က အောင်မြင်စွာနဲ့ စစ်တန်းလျားကို ပြန်မယ်၊
(၂) စစ်မှန်တဲ့ ဒီမိုကရေစီစနစ်နဲ့ စစ်မှန်တဲ့ ပြည်ထောင်စုစနစ်ကို လက်ခံမယ်လို့
ဘယ်သူက တပ်အပ်သေချာ ပြောရဲသလဲ။ ဖက်ဒရယ်တပ်မတော်ဆိုတာ စိတ်ကူးယဉ်တာပါလို့ မင်းအောင်လှိုင်က ပြောပါတယ်။ ဟုတ်တာပေါ့။ မင်းအောင်လှိုင်နဲ့ ၂၀၀၈ ဥပဒေ ရှိနေရင် ဒါဟာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ၂၀၀၈ ခု ဥပဒေအောက်မှာ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်နဲ့ စစ်မှန်တဲ့ ပြည်ထောင်စုကို ထူထောင်ကြမယ်လို့ ကတိကဝတ်ပြုကြတဲ့ပုဂ္ဂိုလ်များဟာ နေ့ခင်းကြောင်တောင်မှာ အိပ်မက်မက်ကြသူများ ဖြစ်ကြပါတယ်။ အိပ်ရာက နိုးတဲ့အချိန်မှာ ဗိုက်တစ်လုံးနဲ့ ကျန်မနေဖို့က အရေးကြီးတယ်။ မုဒိမ်းတပ်မတော်နဲ့ ပတ်သက်သူအားလုံးကို ရည်ညွှန်းတာပါ။