Sunday, February 15, 2015

ကျေညာချက်တွေ တစခန်းထတဲ့ခေတ်

 · 

(သီတဂူကျေညာချက်)
ကျေညာချက်တွေက အမျိုးမျိုးပဲ ထွက်နေပါတယ်။ မျက်စိလည်လောက်အောင်ပဲ များနေပါတယ်။ လောလောဆယ် သီတဂူဆရာတော်ရဲ့ ကျေညာချက်အသစ် ထွက်ရှိနေပါပြီ။ ဝီရသူရဲ့ မျိုးချစ်တရားက ဆေးမတိုးတော့လို့ ထင်တယ်၊ သီတဂူရေအလှူတော်နဲ့ ပက်ဖျန်းဖို့ ကြိုးစားရှာတယ်။
ကျောင်းသားတွေက ငြိမ်းချမ်းစွာနဲ့ ဆန္ဒပြနေကြတာပါ။ လမ်းတလျှောက်မှာလည်း ပြည်သူတို့ရဲ့ ထောက်ခံမှုကို အထူးရရှိနေပါတယ်။ အစိုးရက ဒဂုံကို အဝင်မခံလို့ ဒဂုံသူဒဂုံသားတွေက အတွင်းကနေ ဖောက်ဖို့တောင် အဆင်သင့် ဖြစ်နေပါပြီ။
ဆရာတော်သတိမထားမိတာ တစ်ခု ရှိတယ်။ မိဘရင်ခွင်ထက် တိုင်းပြည်အုပ်ချုပ် မင်းလုပ်သူတို့ရဲ့ ရင်ခွင်က ပိုကျယ်ပြောပါတယ်။ သိန်းစိန်တို့မှာ မိခင်စိတ် ရှိဖို့ ဆုံးမသြဝါဒ ပေးသင့်ပါတယ်။ မိခင်စိတ်နဲ့အတူ
(၁) ဒဂုံကို ဝင်နိုင်အောင် ကူညီပေးပါ။ ကျောင်းသားတွေကို ရန်သူလို့ သဘောမထားရင် သူတို့သွားလေရာမှာ ဘေးမသီရန်မခ ရှိနေကြဖို့ လိုအပ်တဲ့ လုံခြုံရေးတွေ ပေးပါ။
(၂) ဆွေးနွေးရုံနဲ့ တင်းတိမ်လို့ မရပါ။ လွှတ်တော်မှာ ဥပဒေပြဌာန်းနိုင်တဲ့အထိ စောင့်ကြည့်ရမှာ ဖြစ်တယ်။ ဒီမိုကရေစီပညာရေးနဲ့ ကျောင်းသားသမဂ္ဂကို လွတ်လွတ်လပ်လပ် ဆောင်ရွက်ခွင့် ရှိကြောင်း သေချာမှသာ သပိတ်ကို လှန်သင့်ပါတယ်။ မသေချာဘဲ သပိတ်ကို လှန်ခဲ့ရင် ဖြစ်လာသမျှကို ဆရာတော်က တာဝန်ယူနိုင်မှာလား။
(၃) ဒဂုံမှာ သပိတ်စစ်ကြောင်းတွေအားလုံး စုမိတဲ့အခါ အစိုးရက ရိုးရိုးသားသားနဲ့ သူတို့တောင်းဆိုတာကို မြန်မြန်ဆန်ဆန် တိတိကျကျ ဆောင်ရွက်ပေးကြမယ်ဆိုရင် ကြွေးကြော်သံတွေအစား လက်ခုပ်တီးသံတွေ ကြားရဖို့ ရှိပါတယ်။ ကြွေးကြော်စေမလား၊ လက်ခုပ်တီးစေမလား အစိုးရမှာ ရွေးချယ်ပိုင်ခွင့် ရှိပါတယ်။ ဒီကျောင်းသားတွေဟာ နိုင်ငံတော်အာဏာကို လုဖို့ မဟုတ်ပါဘူး။ အစိုးရကို ဖြုတ်ချဖို့လည်း မဟုတ်ပါဘူး။ အစိုးရကို အကူအညီ တောင်းနေသူများသာ ဖြစ်ပါတယ်။ ဒါကို ဆရာတော် နားလည်ပေးစေလိုပါတယ်။
ကျောင်းသားလူငယ်တွေကို မျှမျှတတ ဆက်ဆံကြဖို့ အစိုးရကိုလည်း ကျေညာချက်တစ်စောင် ထုတ်ပေးဖို့ ဝန်မလေးသင့်ပါဘူး။ ဆရာတော် ထုတ်ပေးမယ်လို့ မျှော်လင့်မိပါတယ်။