Saturday, February 14, 2015

ဘောလုံးနောက်ကို လိုက်မပြေးဘူး ဘောလုံးကို ကစားကြမယ်



တိုင်းရင်းသားများနဲ့ အတိုက်အခံများရဲ့ အားနည်းချက်တစ်ခုမှာ စစ်အုပ်စုတို့ ပစ်ပေးတဲ့ ဘောလုံးနောက်ကို ပြေးခြင်းဖြစ်တယ်။ ကိုယ်ပိုင်ဟန်နဲ့ ဘောလုံးကို ကစားတတ်အောင် လေ့ကျင့်ရပါ့မယ်။ Reactive ဖြစ်ရုံနဲ့ မပြီးဘူး။ Proactive ဖြစ်ဖို့လည်း လိုတယ်။
ဥပမာကို ပြောမယ်။ ဖက်ဆစ်တို့က စစ်မျက်နှာအားလုံးကို ဖွင့်ထားတယ်။ အဓိကကို ပြောရရင်
(၁) ဖွဲ့စည်းပုံကို ရွေးကောက်ပွဲပြီးမှ ပြင်နိုင်မယ်။ ဒါဟာ NLD အတွက်ပါ။
(၂) ကျောင်းသားသပိတ် ဒဂုံကို မဝင်ရ။ ဒါဟာ ကျောင်းသားများအတွက်ပါ။
(၃) ကိုးကန့်ဟာ မြန်မာတိုင်းရင်းသားမဟုတ်။ ဒါဟာ UNFC အတွက်ပါ။
ဖက်ဆစ်တို့က နေရာတိုင်းမှာ ကျော့ကွင်းထောင်ထားတယ်။ ပထမဆုံး NLD နဲ့ ပတ်သက်ပြီး ဆွေးနွေးကြည့်မယ်။ NLD ရဲ့ နိုင်ငံရေးအခင်းအကျင်းအရ တွေ့ဆုံဆွေးနွေးရေးယဉ်ကျေးမှုတစ်ခုကို ဇွဲကောင်းကောင်းနဲ့ လုပ်ချင်တယ်။ ဒါကြောင့် ဖိအားပေးတဲ့နည်းကို မသုံးဘူး။ ဒါ လေ့လာလို့ ရပါတယ်။ ဒါကို သိလို့လည်း ဖက်ဆစ်တို့က (၅)နှစ်အချိန်ဟာ ပုဒ်မ ၅၉ (စ)နဲ့ ပုဒ်မ ၄၃၆ ကို ပြင်ဖို့တောင် မလုံလောက်အောင် အချိန်ဆွဲခဲ့ပါတယ်။ ရွေးကောက်ပွဲကို ဝင်၊ ပြီးမှ ဖွဲ့စည်းပုံကို ပြင်ကြမယ်ဆိုတဲ့ ဗျူဟာကို သုံးတယ်။ ဒါဟာ ဘောလုံးကို မိမိခြေထောက်မှာပဲ ထားပြီး ပိုင်ဆိုင်မှုများများ ရထားအောင် ကစားချင်လို့ ဖြစ်တယ်။ NLD က ရွေးကောက်ပွဲမှာ ဘယ်လောက်အနိုင်ရမလဲ တွက်ချက်ပြီး USDP တို့က အပေးအယူ လုပ်ကြဖို့ပါပဲ။ ဒီပွဲကိုတော့ အရှုံးကြီး မရှုံးအောင် သူတို့ ထိန်းကန်ပါလိမ့်မယ်။
နောက်တစ်ခုကျတော့ သူတို့က တစ်မျိုးကစားတယ်။ ကျောင်းသားသပိတ်ပါ။ ကျောင်းသားသပိတ်ကျတော့ ဘောလုံးကို ပေးတယ်။ ဒါပေမဲ့ သူတို့ကွင်းထဲမှာတော့ Long ball တွေ၊ Passed ball တွေ ကစားတာကို မကြိုက်ဘူး။ ပွဲကို ကြည့်ကောင်းအောင် လုပ်ထားတယ်။ ပွဲက မျှတသလို ပုံဖော်ထားတယ်။ ဒါပေမဲ့ ဂိုးအသွင်းမခံဘူး။ ဂိုးအသွင်းမခံရင် သူတို့က ဘယ်တော့မှ မရှုံးဘူး။ ဒီပွဲကိုတော့ သရေပွဲ ကန်ချင်တယ်။ ရအောင်လည်း ကန်ကြမှာပါ။
နောက်ဆုံးပွဲကျတော့ အနိုင်ကန်ဖို့ပါပဲ။ အမှန်မတော့ NCCT ဆိုတာ ပွဲကြပ်တစ်ခုပေါ့။ ဒါပေမဲ့ အစိုးရက NCCT ဂိုးပေါက်ရှေ့မှာ Long balls တွေ ပေးတယ်။ UNFC နဲ့ Non-UNFC တွေ ဖရိုဖရဲ ဖြစ်ကုန်တယ်။ ဒီထဲမှာ KNU က ရှေ့တန်း တက်ပြီး ဂိုးသွင်းချင်တယ်။ ထိုးဖောက်လို့ ရတယ်လို့ ဖက်ဆစ်တို့က ဖွင့်ပေးထားတာကိုး။ အခု ကိုးကန့်မှာ တိုက်ပွဲ ဖြစ်တော့ ဖက်ဆစ်တို့က ကိုးကန့်ဟာ တိုင်းရင်းသားမဟုတ်ဘဲ တရုတ်တွေ ဖြစ်ကြောင်း၊ တိုင်းရင်းသားတွေကို စစ်ရာဇဝတ်မှုများ ကျူးလွန်အောင် မျှားခေါ်ပြီး ပြစ်ဒဏ်ဘောများများ ပေးအောင် ဒိုင်လူကြီးကို ပြေးကပ်ဖို့ စဉ်းစားနေကြပါပြီ။ ညစ်နိုင်သမျှ ညစ်ပြီး ဒီပွဲကို နိုင်အောင် ဖက်ဆစ်တို့ ကန်ကြပါလိမ့်မယ်။
ဒါဖြင့်ရင် NLD ၊ ကျောင်းသားတွေနဲ့ UNFC တို့က ဘယ်လိုတုံ့ပြန်သင့်ပါသလဲ။ မိမိအမြင်ကို ပြောကြည့်ပါ့မယ်။
(၁) NLD ဟာ ဒီအတိုင်းပဲ ဆက်သွားပါ။ ရွေးကောက်ပွဲကို နိုင်အောင် ဝင်ပါ။ ထိပ်တိုက်တွေ့မဲ့ကိစ္စ မှန်သမျှကို ရှောင်ရှားပါ။ ဒါပေမဲ့ ဖွဲ့စည်းပုံကို မပြင်ရင် အထွေထွေသပိတ်ကို ဆင်နွှဲမယ်ဆိုတဲ့ ရာဇသံကို ပြတ်ပြတ်သားသား ပေးထားပါ။ ပွဲကို အနိုင်မကန်သေးဘဲ ဒုတိယအကျော့ပြန်ကန်ပါ။
(၂) ကျောင်းသားတွေအနေနဲ့လည်း မဟာဒဂုံကို မဝင်ရဆိုတော့ ဝင်ရင် ဖက်ဆစ်တို့က တစ်ခုခု လုပ်ပါလိမ့်မယ်။ ဒါပေမဲ့ အခြားတဖက်မှာ ကျောင်းသားတွေရဲ့ တောင်းဆိုချက်ကို မူအရ လက်ခံထားပြီးပြီဆိုလို့ ကျောင်းသားတွေဘက်ကလည်း ကတိအချို့ကို စောင့်ထိန်းရပါ့မယ်။ ဒါကြောင့် စစ်ကြောင်းများကို တိုးချဲ့ပြီး မဟာဒဂုံမြို့တော်ကို ဝိုင်းထားကြပါ။ ဒါဟာ မဟာဗျူဟာအရ ပိုတောင် ကောင်းပါသေးတယ်။ ဖက်ဆစ်တို့ ပေးထားတဲ့ ကတိကို ဖက်ဆစ်တို့ မစောင့်စည်းတာနဲ့ မဟာဒဂုံကို ဝင်ဖို့ပါပဲ။
(၃) တိုင်းရင်းသားတွေကျတော့ အကြပ်တွေ့နေပါတယ်။ နိုင်ရာကနေ ရှုံးချင်နေပါတယ်။ ဒါလည်းပဲ ဟန်ယောင်ဝေရဲ့ တစ်ကိုယ်တော်လှုပ်ရှားမှုများကြောင့် ဖြစ်တယ်။ သူက ဘယ်သူမှ မခန့်ဘဲ ဒိုင်း ဝင်လုပ်နေသူပါ။ ဖက်ဆစ်တို့က သူ့ကို အသုံးချပြီး ဒီပွဲကို အနိုင်ကန်ပါလိမ့်မယ်။ သူဝီစီက ဖက်ဆစ်တို့ ပြစ်မှုကျူးလွန်ရင် အသံမထွက်ဘူး။ UNFC ဘက်ဆိုရင် တရွှီးရွှီးပါပဲ။ နောက်ပြီး UWSA, RCSS, နဲ့ KNU တို့ရဲ့ ရပ်တည်ချက်ကြောင့် အခြားတိုင်းရင်းသားလူမျိုးများ အကျဉ်းအကြပ်ထဲ ရောက်နေခဲ့ရပါတယ်။ ကစားကွက်က ကြပ်နေတယ်။ အခု ကိုးကန့်တိုက်ပွဲဖြစ်တော့ ကိုးကန့်ဆိုတာ တိုင်းရင်းသားဟုတ်မဟုတ်တောင် မသေချာဘူး။ ဒါဟာ ကိုးကန့်ကို တရားမဝင် ဘောလုံးဝင်ကန်နေတာလို့ ဖက်ဆစ်တို့က စွတ်စွဲနေပါပြီ။ UNFC အနေနဲ့ အလုပ်မဖြစ်ဘူးလို့ ယူဆခဲ့ရင် ညစ်ပွဲများတဲ့ ဒီကွင်းမှာ မကန်ကြဖို့ ဆုံးဖြတ်ကြရပါလိမ့်မယ်။ အကောင်းဆုံးကတော့ NCCT ကနေ နုတ်ထွက်လိုက်ဖို့ပါပဲ။
ဒီလို လှုပ်ရှုားကြရင် ဖက်ဆစ်တို့က
(၁) NLD ကို ဖြိုဖို့ ခက်သွားတယ်။
(၂) ကျောင်းသားတွေကို အရေးဖို့ ခက်သွားတယ်။
(၃) UNFC နဲ့ FUA ကို အနိုင်ယူလို့ မရတော့ဘူး။
ဒီလိုဆိုရင် ဖက်ဆစ်တို့က နောက်တစ်မျိုး ကြံပါ့မယ်။
(၁) ၂၀၁၅-ခုနှစ်နောက်ပိုင်းမှာ NLD ကို အစိုးရဖွဲ့ခွင့် ပေးပါလိမ့်မယ်။
(၂) ဖက်ဆစ်တို့က နောက်ကွယ်ကနေ ကြိုးကိုင်ပြီး ကျောင်းသားများကို သင်းကွပ်ပါ့ဿယ်။
(၃) NLD အစိုးရအမည်ခံပြီး UNFC ကို နာနာတီးပါလိမ့်မယ်။

ဒါပေမဲ့ ကျောင်းသားများနဲ့ UNFC တို့ဟာ NLD အစိုးရနဲ့ ပူးပေါင်းနိုင်ခဲ့ရင် အခုန ဖက်ဆစ်တို့ရဲ့ ယုတ်မာပက်စက်တဲ့အကြံဟာ သဲထဲရေသွန်ပမာ ထိရောက်မှု မရှိတော့ဘူး။ ဒါပေမဲ့ ဒါကို NLD က ဘယ်လိုသဘောထားမလဲအပေါ်မှာ မူတည်တယ်။ NLD အစိုးရ ဖြစ်လာခဲ့ရင် ဒီအင်အားစုတွေအပေါ်မှာ ချိန်ခွင်လျှာ ဘယ်လိုညှိမလဲ။ ဒါ အရေးကြီးတယ်။