Sunday, February 22, 2015

ဂျပန်သတင်းထောက် ကင်မရာနဲ့ အမှုမှန်ဖော်ထုတ်ရေး မိသားစုဝင် ဆက်တောင်းဆို

6,427 Views

*****************************************
APF ဓာတ်ပုံ သတင်းထောက် နာဂအိ ခန်းဂျီစံ မြန်မာပြည်မှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့တာ (၅)နှစ်ရှိသွားပါပြီ။
၂ဝဝ၇ ရွှေဝါရောင်တော်လှန်ရေးမှာ သေဆုံးခဲ့သူ နဂအိ ခန်းဂျီစံရဲ့ ညီမဖြစ်သူ နိုရီကို အိုဝဝစံက မွေးရာဇာတိဖြစ်တဲ့ အီမဘာရီမှာ စက်တင်ဘာ (၂၇) ရက်နေ့က ပြုလုပ်တဲ့  ၇ နှစ်မြောက် အောက်မေ့ဖွယ် ဆုတောင်းပွဲမှာ ကင်မရာ ပြန်ရရေးနဲ့ အမှုမှန်ဖော်ထုတ်ရေးကို ထပ်မံ တောင်းဆိုလိုက်ပါတယ်။
သူ့အနေနဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက တဆင့် တောင်းဆိုနေတာ (၇)နှစ်ရှိ လာပါပြီ။
ဂျပန်အစိုးရ တာဝန်ရှိသူတွေက သူတို့အနေနဲ့ မြန်မာအစိုးရကို အမြဲ တောင်းဆိုနေပါတယ်၊
ဆက်လက် ဆောင်ရွက်နေပါတယ်၊ မြန်မာနိုင်ငံမှာလဲ ဒီမိုကရေစီပြောင်းလဲမှုတွေ ရှိလာနေပါပြီဆိုတဲ့ အကြောင်းပြန်ချက်ကိုပဲ ရနေတာ အားမလို အားမရ စိတ်ပျက်လာပါပြီလို့လည်း နိုရီကို စံက ပြောဆိုခဲ့ပါတယ်။
နိုင်ငံတကာစစ်ပွဲတွေကို လိုက်လံသတင်းယူတဲ့ အတွေ့အကြုံရှိသူ ဂျပန် အခြေစိုက် APF သတင်းထောက် နဂအိခန်းဂျီ စံ(၅၀နှစ်)ဟာ၂ဝဝ၇ စက်တင်ဘာ (၂၇)ရက်နေ့က ရန်ကုန်မြို့ ဆူးလေဘုရားနားမှာ ရွှေဝါရောင် တော်လှန်ရေး လှုပ်ရှားမှုကို သတင်းယူရင်း သေနတ်ထိမှန် ဒဏ်ရာတွေနဲ့ ကွယ်လွန်ခဲ့ပါတယ်။ အရေးအခင်းကို အကြမ်းဖက်ဖြိုခွင်းမှုမှာ အသတ်ခံရတဲ့ တဦးတည်းသော နိုင်ငံခြားသားလည်း ဖြစ်ပါတယ်။ သတင်းရိုက်ယူနေစဉ် ကိုင်ထားတဲ့  တိတ်ခွေ အပါအ၀င် ကင်မရာကို ဂျပန်အစိုးရကတဆင့် မိသားစုနဲ့ APF သတင်းဌာနက အစဉ်တဆက် တောင်းဆိုနေခဲ့တာလဲ ဖြစ်ပါတယ်။
သေဆုံးသူ နာဂအိရဲ့ ညီမဖြစ်သူ နိုရီကိုက အီရတ်နဲ့ ဆီရီးယားနယ်စပ်တွေမှာ သတင်းထောက်တွေ အသတ်ခံနေရတာကို သတင်းထဲမှာ တွေ့ရတဲ့အခါ သူ့အကို ကို ပိုမိုအောက်မေ့မိတယ်လို့ ဆိုပါတယ်။ အကိုဖြစ်သူရဲ့ သတင်းသမားပီသစွာ မြန်မာနိုင်ငံကို ဒီမိုကရေစီရရှိစေချင်တဲ့စိတ်၊ ရဟန်းပြည်သူတွေ အဖိနှိပ် ခံနေရပုံကို နိုင်ငံတကာ သိစေချင်တဲ့ စေတနာကို မိမိအနေနဲ့ ဆက်လက် ဖော်ဆောင်သွားမယ်လို့လည်း ပြောကြားခဲ့ပါတယ်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာအစိုးရကို တွေ့ဆုံတိုင်း ကင်မရာ ပြန်ပေးရေးနဲ့  အမှုမှန်ဖော်ထုတ်ပေးဖို့ တောင်းဆိုနေခဲ့တာကို ဂျပန် နိုင်ငံခြာရေး ၀န်ကြီးဌာန အင်တာနက်သတင်း စာမျက်နာမှာ အမြဲဖော်ပြလေ့ရှိပါတယ်။ APF သတင်းဌာန အကြီးအကဲ ယာမဂျီ တိုယု စံ ကတော့ ဒီမိုကရေစီ ဖော်ဆောင်နေ ပါတယ်ဆိုတဲ့  မြန်မာအစိုးရ အနေနဲ့ ဂျပန်အစိုးရ တောင်းဆိုနေတာကို လစ်လျူရှု တာဝန်မယူတဲ့အပေါ် ဝေဖန်ရင်း သူ့အနေနဲ့လည်း အမှုမှန် ဖော်ထုတ်ပေးရေးနဲ့ ကင်မရာပြန်ပေးဖို့ကို မြန်မာနိုင်ငံအထိ သွားရောက် တောင်းဆိုမယ်လို့ ဒီဗီဘီကို ပြောကြားခဲ့ပါတယ်။
နဂအိခန်းဂျီ စံအသက်ခံရမှုနဲ့ ပတ်သက်ပြီး ဂျပန်အစိုးရက မြန်မာနိုင်ငံရဲ့  အိုဒီအေ အထောက်အပံ့ကို နှစ်အတော်ကြာ ရပ်ဆိုင်းခဲ့ပါသေးတယ်။ နာဂအိခန်းဂျီ စံ လဲကျသေဆုံးနေပုံပါတဲ့ ရွှေဝါရောင်တော်လှန်ရေးကို အကြမ်းဖက်ဖြိုခွင်းမှုမြင်ကွင်းနဲ့ Reuters သတင်းထောက် Adrees Latif ဟာလည်း ပူလစ်ဇာ ဓာတ်ပုံဆု ရရှိခဲ့ပါတယ်။
DVB Burmese
------------------------------
ဂျကန်ဂျီ နာဂအိ
Kenji Nagai
長井 健司မွေးသက္ကရာဇ် August 27, 1957
Imabari, Ehime, Japan
ကွယ်လွန် September 27, 2007 (aged 50)
Yangon, Burma
အလုပ်အကိုင် Photojournalist
ကန်ဂျီ နာဂအိ ခေါ် Kenji Nagai (長井 健司 Nagai Kenji?, August 27, 1957 – September 27, 2007) သည် ဂျပန်လူမျိုး ဓါတ်ပုံသတင်းထောက် တစ်ယောက်ဖြစ်ပြီး ကမ္ဘာတစ်ဝန်းရှိ ပဋိပက္ခ ဖြစ်ပွားနေသော ဒေသများ နှင့် အန္တရာယ်များသော ဒေသများ တွင် အလုပ်လုပ်ကိုင်ခဲ့သူဖြစ်သည်။ ၂၀ဝ၇ ရွှေဝါရောင် တော်လှန်ရေး တွင် အစိုးရစစ်တပ် ၏ ပစ်သတ်ခြင်း ခံရသူဖြစ်သည်။ဒဏ်ရာများဖြင့် လဲကျသွားသော်လည်း ဓါတ်ပုံကို ဆက်လက်ရိုက်ကူးနေဆဲဖြစ်ပြီး နောက်ပိုင်းတွင် ရရှိသော ဝမ်းပိုက် သေနတ်ဒဏ်ရာဖြင့် ကွယ်လွန်ခဲ့သည်။ သူသည် ထိုအရေးအခင်းအတွင်း အသတ်ခံရသည့် တစ်ဦးတည်းသော နိုင်ငံခြားသားဖြစ်သည်။
နာဂအိ သည် ဂျပန်ရှိ အီမာဘာရီ တွင် ကြီးပြင်းခဲ့ပြီး အီမာဘာရီ နီရှီ အထက်တန်းကျောင်းမှ အောင်မြင်ခဲ့သည်။ ထို့နောက် တိုကျို ခဲအိဇိုင်း တက္ကသိုလ် (東京経済大学) တွင် တက်ရောက်ခဲ့သည်။ ထိုမှ ဘွဲ့ရရှိပြီးနောက် အမေရိကန် နိုင်ငံတွင် တစ်နှစ်ကြာ ပညာသင်ကြားခဲ့သေးသည်။ ဂျပန်သို့ ပြန်လည်ရောက်ရှိသော အခါ တကိုယ်တော် ဂျာနယ်လစ် မလုပ်ခင် အချိန်ပိုင်း အလုပ်ဝင်လုပ်ခဲ့သေးသည်။ တိုကျိုရှိ အေအက်ဖ်ပီ သတင်းဌာန သို့ အလုပ်ဝင်သောအခါ အရှေ့အလယ်ပိုင်းဒေသရှိ အန္တရာယ်များသော ဒေသများသို့ သတင်းယူရန် စေလွတ်ခြင်းခံရသည်။ ၁၉၉၇ မှ သေဆုံးချိန်ထိ အာဖဂန်နစ္စတန်၊ ကမ်ဘောဒီးယား၊ ပါလက်စတိုင်း နှင့် အီရတ် တွင် စစ်သတင်းများ ရယူခဲ့သည်။
နာဂအိ သည် မြန်မာပြည်သို့ ဘုန်းတော်ကြီးများဦးဆောင်သော ဆန္ဒပြပွဲကို ဖြိုခွဲမှုမတိုင်ခင် နှစ်ရက်အလိုတွင် ရောက်ရှိလာခဲ့သည်။ ထိုအရေးအခင်းသည် လောင်စာဆီ ဈေးနှုန်းများတက်လာခြင်းမှ အစပြုခဲ့ပြီး၊ နောက်ပိုင်းတွင် ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ ဦးဆောင်သော လူထုဆန္ဒပြပွဲကြီး အသွင်ပြောင်းလာခဲ့သည်။ The Times သတင်းစာ အဆိုအရ၊ လုပ်ဖော်ကိုင်ဖက် တစ်ဦးပြောသည်မှာ နာဂအိ သည် မည်သူမျှမသွားချင်သော နေရာ သို့ သွားရောက် သတင်းယူခဲ့ခြင်းဖြစ်သည် ဟု ဆိုသည်။
နာဂအိ သည် စက်တင်ဘာ ၂၅ တွင် သတင်းယူရန် မြန်မာပြည်သို့ ရောက်ရှိခဲ့ပြီး စက်တင်ဘာ ၂၇ တွင် အရေးအခင်းအား ဆူးလေ ဘုရားမှ အနည်းငယ်ဝေးသော ထရိတ်ဒါး ဟော်တယ်အနီးတွင် ဓါတ်ပုံရိုက်ကူးနေခဲ့သည်။ စစ်သားများက ဆန္ဒပြသူများကို ပစ်ခတ်သော အခါ နာဂအိ သေဆုံးခဲ့ပြီး အခြား နိုင်ငံခြား သတင်းထောက် တစ်ယောက်လည်း ဒဏ်ရာရရှိခဲ့သည်။
ကနဦးသတင်းများအရ နာဂအိ သည် မှားယွင်းစွာ ပစ်ခတ်သော ကျည်အရ သို့ ရှေ့တည့်တည့်မှ ပစ်ခတ်သော ကျည်အရ ထိမှန်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုကြသည်။
မှားယွင်းစွာ ပစ်ခတ်သော ကျည်အရ ဆိုသည်မှာ မြန်မာအစိုးရ၏ နာဂအိ သေဆုံးမှု အပေါ်သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
သို့သော်၊ ဂျပန်သတင်းဌာန များမှ ထုတ်လွင့်သော ရုပ်သံအရ မြန်မာစစ်သားတစ်ဦးက နာဂအိ အား မြေပြင်ပေါ်တွန်းလဲ ခဲ့ပြီးမှ အနီးကပ် ပစ်သတ်ခဲ့ခြင်းဖြစ်သည်။
Adrees Latif ၏ ဓါတ်ပုံအရ စစ်သားတစ်ယောက်သည် ဒဏ်ရာရ၍ လဲကျနေပြီး ဓါတ်ပုံဆက်ရိုက်နေသော နာဂအိ အပေါ်မိုး လျှက်ရှိသည်။ ထိုပုံသည် နောက်တစ်နေ့ ၂၈ စက်တင်ဘာ ၂၀ဝ၇ ထုတ် နယူးယောက်တိုင်း သတင်းစာ မျက်နှာဖုံးတွင် ပါလာခဲ့သည်။ ဆက်ရိုက်သော ပုံများအရ ထိုစစ်သားသည် နာဂအိ ၏ ခန္ဓာကိုယ်ပေါ်မှ ဆက်လျှောက်သွားခဲ့သည်။ လေ့လာမှုများအရ ၎င်းစစ်သားသည် ထိုအချိန်တွင် ရန်ကုန်၌ တာဝန်ယူရသော တမခ ခေါ် ခြေမြန်တပ်မ ၆၆ မှ ဖြစ်နိုင်သည်။မြန်မာနိုင်ငံရှိ ဂျပန်သံရုံးတွင်၊ ဆရာဝန်တစ်ယောက်က ကျည်လမ်းကြောင်း ကို သုံးသပ်သည်မှာ ကျည်သည် ဝမ်းပိုက်၏ ညာအောက်ပိုင်းမှ ဝင်ရောက်ခဲ့ပြီး နှလုံးကို ဖောက်ထွင်းသွားခဲ့ကာ နောက်ဖက်မှ ထွက်သွားသည် ဟု ဆိုသည်။
အစိုးရ စစ်သားက နာဂအိ၏ ကင်မရာကို သိမ်းယူသွားခဲ့ပုံများ အောက်တိုဘာ ၈ ရက်တွင် ဂျပန်သတင်းဌာနများမှ ထွက်ပေါ်လာခဲ့သေးသည်။
နာဂအိ အပစ်ခံရပုံ ကို ရိုက်ကူးထားသော Adrees Latif ၏ ဓါတ်ပုံသည် ၂၀ဝ၈ ခုနှစ် ကြားဖြတ်သတင်းဓါတ်ပုံ ပူလစ်ဇာဆု ကို ဆွတ်ခူးရရှိခဲ့သည်။
စက်တင်ဘာ ၂၈ တွင် ဂျပန်နိုင်ငံခြားရေး ဝန်ကြီး မာဆာဟီကို ကိုမူရာ သည် နာဂအိ အသတ်ခံရမှု အပေါ် မြန်မာအစိုးရကို ကန့်ကွက်သော ဆန္ဒပြပွဲတစ်ခုကို တက်ရောက်ခဲ့သည်။ ထိုအတောအတွင်း ကုလသမဂ္ဂရုံးချုပ်တွင် မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်းနှင့် တွေ့ဆုံခဲ့သည်။ အစည်းအဝေးတွင် ဦးဉာဏ်ဝင်းက နာဂအိ သေဆုံးမှု အပေါ်တောင်းပန်ခဲ့သည်။ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ယာဘူနာက မီတိုဂျီ သည် ထိုကိစ္စအတွက် မြန်မာနိုင်ငံသို့ စက်တင်ဘာ ၃၀ တွင် သွားရောက်ခဲ့သည်။
မြန်မာနိုင်ငံခြားရေးဝန်ကြီး က တရားဝင် တောင်းပန်ခဲ့သော်လည်း အောက်တိုဘာ ၁၃ ရက်နေ့ထုတ် အစိုးရ သတင်းစာ ကြေးမုံ တွင် အခြား အမြင် တမျိုးဖြင့် ဆောင်းပါးတစ်ပုဒ် ဖေါ်ပြခဲ့သေးသည်။ ထိုဆောင်းပါးတွင် နာဂအိသည် တိုင်းပြည်အတွင်း သို့ သတင်းထောက် ဗီဇာ ဖြင့် ဝင်ရောက် ရမည့် အစား အလည်အပတ် ဗီဇာ ဖြင့်သာ ဝင်ရောက်ခဲ့သူ ဖြစ်ပြီး တရားဝင် ခွင့်ပြုချက်မရှိဘဲ သတင်းထောက်အလုပ်ကို လုပ်ကိုင်ခဲ့သူ ဖြစ်သည်ဟု ဖေါ်ပြထားသည်။ အခင်းဖြစ်ပွားသော အချိန်သည် စစ်အုပ်ချုပ်ရေး ဥပဒေ ထုတ်ပြန်ထားသော အချိန်ဖြစ်ပြီး စစ်သားက အာရှသား ရုပ်ရည်ဖြစ်သော မြန်မာနှင့် ဂျပန် ကို ရုတ်တရက် ခွဲမရခဲ့ခြင်းကြောင့် ဖြစ်သည်ဟု လည်း ဖေါ်ပြထားသည်။
မြန်မာသတင်းသမဂ္ဂ က နာဂအိ အမှတ်တရ ဆု ချီးမြှင့်ခဲ့သည်။ ဆု ကို မြန်မာနိုင်ငံ၏ အဖြစ်မှန်များကို ရေးသားတင်ပြနိုင်သူများကို ချီးမြှင့်မည် ဟု ဆိုသည်။ ပထမဆုံး ဆု ကို ၂၀ဝ၉ တွင် ပေးခဲ့ပြီး မြန်မာ အမျိုးသမီး သတင်းထောက် အိမ့်ခိုင်ဦးက ရရှိခဲ့သည်။
ဂျပန်သတင်းထောက် ကင်မရာနဲ့  အမှုမှန်ဖော်ထုတ်ရေး မိသားစုဝင် ဆက်တောင်းဆို