Saturday, February 14, 2015

တိုင်းရင်းသားတွေ တာဝန်ယူရမှာပေါ့


ကိုးကန့်နဲ့ ပတ်သက်တဲ့အဖွဲ့အစည်းတွေ တာဝန်ယူရမယ်လို့ ကာချုပ်က ပြောတယ်။ တာဝန်ယူရဲလို့ စစ်ကို တိုက်နေကြတာပေါ့။ ခင်ဗျားတို့လည်း တာဝန်ယူတတ်ဖို့ လိုပါလိမ့်မယ်။ နှစ်ပေါင်း(၆၀)ကျော်မှာ ခင်ဗျားတို့လုပ်ခဲ့သမျှ ဘာတစ်ခုမှ တာဝန်ယူခဲ့တာ မရှိဘူးလေ။
ဘာတဲ့။ ကိုးကန့်တွေက တရုတ်တွေ ဟုတ်သလား။ ဟန်တရုတ်တွေ သေချာတာပေါ့။ ဒီကိုးကန့်တွေကို လူရာသွင်းခဲ့တာ လွတ်လပ်ရေးရကတည်းက ဆိုပါတော့။ တိုင်းရင်းသား (၁၃၅)မျိုးလား၊ တိုင်းရင်းသား (၁၄၄)မျိုးလား ဘယ်နည်းနဲ့ပဲ ရေရေပါ။ ကိုးကန့်ပါတယ်မလား။
နောက် ဘာတဲ့။ တရုတ်ဘက်က လာတိုက်တာ ဟုတ်လား။ ဘုရားသုံးဆူ သိမ်းတုန်းကလည်း ခင်ဗျားတို့ကပဲ ထိုင်းဘက်ခြမ်းကနေ ဝင်တိုက်တာလေ။ ကချင်နဲ့ ပစ်တုန်းကလည်း တရုတ်နယ်မြေကို ဝင်သုံးတယ်လေ။ ကရင်နဲ့ တိုက်တော့လည်း ထိုင်းမြေကို သုံးခဲ့တာပဲလေ။ ဘယ်သူနဲ့ပဲတိုက်တိုက် ခင်ဗျားတို့က နောက်ကျောကနေ ဓားထိုးလေ့ ရှိခဲ့တာပဲ။
တစ်ခုတော့ ရှိတယ်။ သံတမန်ဟောင်းတွေ၊ စစ်အရာရှိဟောင်းတွေက လက်ရှိမြန်မာ့တပ်မတော်ရဲ့ စစ်ရေးတည်ဆောက်မှုတွေကို အားမလိုအားမရ ဖြစ်နေကြတယ်မလား။ ခင်ဗျားတို့ ဒီထက် စိတ်ပျက်စရာတွေ ရှိသေးတယ်။ မင်းအောင်လှိုင်တို့ ဝယ်ထားတဲ့ တရုတ်လက်နက်တွေနဲ့ အနောက်တိုင်းလက်နက်တွေဟာ ဟိုမှာ မသုံးလို့ အမှိုက်ပုံကနေ ကောက်လာတာပါ။ ရုရှားလေယာဉ်ဆို သံချေးတောင် တက်နေပြီ။
ထားပါတော့။ တရုတ်တပ်က ကူတိုက်တယ်ဆိုရင် တရုတ်ဖြူလက်ထက်တုန်းက ကုလသမဂ္ဂမှာ ဦးနုအရေးဆိုခဲ့သလို ဦးသိန်းစိန်လည်း အရေးဆိုလိုက်ပါလား။ တရုတ်တပ်တွေက နယ်နမိတ်ကို ကျော်ပြီး မြန်မာတို့ရဲ့ စစ်ဌာနချုပ်တစ်ခုကို တိုက်နေပါတယ်ဆိုပြီးတော့ အော်ကြပေါ့။ အဲဒီလို မအော်ဘဲ တိုင်းရင်းသားတွေ တာဝန်ယူရမယ်လို့ ပြောနေတာ အရှက်မရှိဘူး။
မကြာခင်က အရပ်သား(၄)ယောက်ကို အရှင်လတ်လတ် မီးရှို့သတ်ခဲ့တာကိုကော ဘယ်သူက တာဝန်ယူမှာလဲ။
ကချင်ဆရာမ(၂)ယောက်ကို မုဒိမ်းကျင့်ပြီး သတ်ဖြတ်ခဲ့တာကိုကော ဘယ်သူက တာဝန်ယူမှာလဲ။
ကလေးတစ်ယောက်မိခင်ကို ဖမ်းသွားပြီး ဒီကနေ့အထိ ပျောက်သွားတာကိုရော ဘယ်သူက တာဝန်ယူမှာလဲ။
လင်ရှေ့မှာ မယားကို မုဒိမ်းကျင့်ပြီး မယားရှေ့မှာ လင်ကို သတ်ပြတဲ့အဖြစ်တွေရော ဘယ်သူက တာဝန်ယူမှာလဲ။
ဗိုလ်လောင်းသင်တန်းကျောင်းပစ်ခတ်ခဲ့တာကိုရော ဘယ်သူက တာဝန်ယူမှာလဲ။
မြန်မာနိုင်ငံမှာ ခင်ဗျားတို့ ပြစ်မှုမကျူးလွန်ဖူးတဲ့နေရာမရှိဘူး။ အဲဒါကို ခင်ဗျားတို့ တာဝန်ယူရမယ်။
ခင်ဗျားတို့ကြောင့် ပြည်သူတွေ သွေးမြေကျခဲ့ရပေါင်းများပြီ။
ခင်ဗျားတို့ကြောင့် ကျောင်းသားတွေ သွေးမြေကျခဲ့ရပေါင်းများပြီ။
ခင်ဗျားတို့ကြောင့် ရဟန်းသံဃာတွေ သွေးမြေကျခဲ့ရပေါင်းများပြီ။
ခင်ဗျားတို့ကြောင့် မိသားစုတွေ ပျက်စီးခဲ့ရပေါင်းများပြီ။
ခင်ဗျားတို့ကြောင့် မြို့ရွာတွေ ပျက်ခဲ့ရပေါင်းများပြီ။
ခင်ဗျားတို့ကြောင့် ဘုန်းကြီးကျောင်းတွေ၊ ဘုရားရှိခိုးကျောင်းတွေ ပျက်ခဲ့ရပေါင်းများပြီ။

ဒါကို ခင်ဗျားတို့ တာဝန်ယူရမယ်။ လာလေ့လေ့ မင်းအောင်လှိုင် ခင်ဗျားတို့ကို တစက်ကလေးမှ မကြောက်ဘူး။