Wednesday, April 23, 2014

ONE Kachin ဆိုသည်မှာ ( ဘာသာပြန်ဆောင်းပါး ) Kachin တွေရဲ့သမိုင်းပါ.



============================
(by- Hpunggan)
ကချင်မျိုးနွယ်စုဝင်များ ဖြစ်ကြသော ဂျိန်းဖော့၊ လချိဒ်၊ လောဝ်ဝေါ်၊ လီဆူ၊ ရ၀မ်နှင့် ဇိုင်ဝါး လူမျိုးစုတို့သည် ရှေးပဝေသဏီ အချိန်ကာလမှစ၍ တူညီသော နောက်ခံသမိုင်းကြောင်းဖြင့် နေထိုင်ခဲ့ကြသည့် ညီရင်းအစ်ကို မောင်ရင်းနှမများ ဖြစ်ကြသည်။ ယခုအခါ ကချင်မျိုးနွယ်စုဝင်များ၏ ဘာသာစကား (Dialect) အမျိုးအစားစုံလင်ကွဲပြားမှုကို အကြောင်းပြကာ တိုင်းတစ်ပါးသား လူမျိုးခြားများမှ ကချင်လူမျိုးကို မျိုးနွယ်စုအမည်များဖြင့် အစိတ်စိတ် အမွှာမွှာ ခွဲခြားရန် ကြိုးစားနေကြသည်။

အချိန်ကာလကြာမြင့်စွာ တစ်နေရာမှ အခြားတစ်နေရာသို့ ရွှေ့ပြောင်းအခြေချ နေထိုင်ခဲ့ကြသည့် အတွက် နေရာဒေသအပေါ်မူတည်၍ လေယူလေသိမ်း၊ စကားလုံးနှင့် ဝေါဟာရ ကြွယ်ဝမှုတို့တွင် အထိုက်အလျောက် ကွဲပြားမှုများရှိသော်လည်း ကချင်မျိုးနွယ်စုဝင်များသည် ယဉ်ကျေးမှု ဓလေ့ထုံးတမ်း၊ ဆင်ယင်ထုံးဖွဲ့မှု နှင့် ရွှေ့ပြောင်း အခြေချနေထိုင်ခြင်းတို့၌ တူညီကြသည့်အလျောက် မျိုးနွယ်စုတစ်ခုနှင့် တစ်ခု ခွဲခြားမရနိုင်ဘဲ တစ်ခုတည်းသော လူမျိုးအဖြစ် စည်းလုံးညီညွတ်စွာ နေထိုင်လျက်ရှိပါသည်။

ကချင်မျိုးနွယ်စုဝင်များသည် မိမိတို့၏ ရွှေ့ပြောင်းနေထိုင်မှုသမိုင်းတွင် အထင်ကရ ဒေသ များဖြစ်သည့် မလိခူးမဂျွယ် (Mali Hku Majoi)၊ ကျိုင်ခူးမဂျွယ် (Chyai Hku Majoi)၊ ခရန်ခူးမဂျွယ် (Hkrang Hku Majoi) စသည့် ဒေသများ၌ အခြေချနေထိုင်ခဲ့ကြပြီး မြောက်အရပ်မှ တောင်ဘက်အရပ်သို့ ဆက်လက် ရွှေ့ပြောင်းနေထိုင်ကြသည်။ ဤသို့ အရှေ့၊ အနောက်နှင့် မြောက်ဘက်မှ တောင်ဘက်သို့ ရွှေ့ပြောင်းနေထိုင်ခဲ့ကြသည့်အတွက် ဘာသာစကားအရ အရပ်လေးမျက်နှာကို ခေါ်ဝေါ်ရာ၌ပင် အရှေ့(Sinpraw)၊ အနောက်(Sinna)၊ မြောက်(Dingdung)၊ တောင်(Dingda) ဟူ၍ အစဉ်လိုက် သတ်မှတ် ခေါ်ဆိုကြပါသည်။

ကချင်မျိုးနွယ်စုဝင်များ၏ ဘိုးဘေးများဖြစ်ကြသည့် ရှေးဦးကချင်လူမျိုး(Proto Kachins)များသည် မွန်ဂိုဒေသ(Mongolia)တွင် စစ်တိုက်ကာ နေထိုင်ခဲ့ကြသူများ ဖြစ်သည်။ ၎င်းခေတ်ကို Xiongnu (匈奴) ခေတ်ဟု ခေါ်သည်။ တရုတ်ပြည်ရှိ မဟာတံတိုင်းကြီးကို မဆောက်လုပ်မီ ခေတ်ကာလ ဖြစ်သည်။ ထိုခေတ်ကာလတွင် ပြောဆိုခဲ့သည့် စကားအချို့ကို ရ၀မ်(နုန်)လူမျိုးများ ယနေ့တိုင်အောင် သုံးစွဲပြောဆို နေကြဆဲဖြစ်သည်။

ရှေးဦးကချင်လူမျိုးများသည် တိဘက်ကုန်းမြင့်ဒေသ (Tibetan Plateau)၊ ချင်းဟိုင် (Qinghai -青海) ရေအိုင်နှင့် ချန်း(ခေါ်)ယန်စီ (Yangtze - 长江) မြစ်ဖျား ဒေသများတွင် နေထိုင်ခဲ့ကြပြီး ဆားချက်ကာ အသက်မွေး ၀မ်းကျောင်းပြုခဲ့ကြသည်။ လီဆူ၊ တိဘက်နှင့် ဂျိန်းဖော့လူမျိုးများသည် ဆားချက်လုပ်သည့် လူမျိုးများဖြစ်ကာ ချန်းမြစ်ဖျားဒေသမှ စတင်၍ ရွှေ့ပြောင်းနေထိုင်သွားကြသည့် လူမျိုးများဖြစ်ကြောင်း တရုတ်နိုင်ငံ၊ ယူနန် (Yunnan) ပြည်နယ်၊ တလီ (Dali) မြို့ရှိ ရှေးဟောင်း သုသေသနပြတိုက်တွင် ပြသထားသည်။ ကချင်မျိုးနွယ်စုတို့၏ သမိုင်းနောက်ခံတူညီမှုကို ဖော်ညွှန်းသည့် ထင်ရှားသော သက်သေ အထောက်အထား တစ်ခုပင်ဖြစ်သည်။
ရွှေ့ပြောင်းနေထိုင်သည့် အချိန်ကာလတစ်လျှောက်တွင် မိမိတို့၏ လူမျိုးစုများ ရောက်ရှိနေထိုင်ရာ ဒေသရှိ အသုံးအဆောင်၊ အလှအပအဆင်တန်ဆာများကို သုံးစွဲခဲ့ကြရသည့်အတွက် ဘာသာစကား၊ ရိုးရာဝတ်စုံနှင့် ဆင်ရင်ထုံးဖွဲ့မှုတွင် ကွာခြားမှု အနည်းအကျဉ်းရှိခဲ့သည်။ ဂျိန်းဖော့ရိုးရာဝတ်စုံပင်လျှင် ဗန်းမော်ဝတ်စုံ၊ ခခူးဝတ်စုံစသဖြင့် နေရာဒေသကိုလိုက်၍ ကွဲပြားသည်။ သို့သော် အထက်တွင် ဆိုခဲ့သည့်အတိုင်း တူညီသော ရိုးရာဓလေ့ ထုံးတမ်းများနှင့် ရွှေ့ပြောင်းအခြေချမှုသမိုင်းတို့က ကချင်မျိုးနွယ်စုများကို ပိုင်းခြားခွဲထုတ်၍ မရအောင် အခိုင်အမာ သက်သေခံလျက် ရှိပါသည်။

ထိမ်းမြားလက်ထပ်မှုကိစ္စတွင် ကချင်မျိုးနွယ်စုဝင်များအားလုံး၌ စနစ်တစ်ခုတည်းသာ ရှိသည်။ မည်သည့်မျိုးနွယ်စု၊ မည်သည့်မိသားစုတွင် ပါဝင်သည်ဖြစ်စေ၊ ညီအစ်ကိုမျိုးနွယ် (Hpu Nau) - ယောက္ခမမျိုးနွယ်(Mayu) - သားမက်မျိုးနွယ် (Dama) ဖိုခနောက်ဆိုင် တော်စပ်ပုံစနစ်အရ ဤခေါင်းစဉ် သုံးခုအောက်တွင်သာ ရှိသည့်အတွက် ကချင်အားလုံးမှာ ဆွေမျိုးအရင်းအချာများသာ ဖြစ်ကြသည်။ ဤစနစ်သည် မည်မျှဝေးကွာနေသူများပင် ဖြစ်ပါစေ၊ တစ်သွေးတစ်သား တစ်စိတ်တစ်ဝမ်းတည်း ဖြစ်အောင် ရစ်နှောင်ထားသည့် တွဲလက်များပင် ဖြစ်ပါသည်။

ကချင်မျိုးနွယ်စုဝင်များ၏ တူညီသည့် အခြားအကြောင်းအရာတစ်ခုကို ညွှန်းဆိုရလျှင် ကချင်မျိုးနွယ်စုများသည် ဖခင်၏မျိုးနွယ်ကို လိုက်၍ အမည်မှည့်ဆိုသောစနစ်ကို အသုံးပြုသည်။ မိခင်၏ မျိုးနွယ်ဖြင့် အမည်မှည့်ဆိုခြင်း မရှိဘဲ၊ ဖခင်၏ မျိုးနွယ်ကိုလိုက်၏ အမည်မှည့်ခေါ်သည့် စနစ် (Patrilineal) ဖြစ်သည်။ ဖခင်သည် လဖိုင် (Lahpai) မျိုးနွယ်ဖြစ်ပါက သား၊ သမီးများသည်လည်း လဖိုင်မျိုးနွယ် ဖြစ်ကြပြီး မိခင်ဘက်မှ မျိုးနွယ်ကို ယောက္ခမမျိုးနွယ်အဖြစ် အလွန်ရိုသေတန်ဖိုးထားကြသည်။ တစ်ဘက်မှလဲ သားမက်မျိုးနွယ်ကို များစွာအားကိုးအားထားပြုကာ ပုံမှန်ဝင်ထွက်သွားလာကြသည်။ ဥပမာဆိုရလျှင် ဖခင်ဖြစ်သူ လောဝ်ဝေါ်ဖြစ်ပါက သားသမီးများသည်လည်း ဖခင်၏ မျိုးနွယ်အမည် ဆက်ခံကာ လောဝ်ဝေါ်လူမျိုးပင် ဖြစ်သည်။ မိမိတို့ ကချင်လူမျိုးတို့၏ ယဉ်ကျေးမှု ဓလေ့ထုံးစံကို စိုးစဉ်းမျှ သိရှိနားလည်ခြင်းမရှိပဲ ဂျိန်းဖော့လူမျိုးကြီးဝါဒဟုဆိုကာ မရှက်မရှိ ၀ါဒဖြန့်နေကြသည့် တိုင်းတစ်ပါးသား လူမျိုးခြားတို့၏ ကလိန်စေ့ငြမ်းဆင် လုပ်ဇာတ်များကို နားမယောင်ဖို့ လိုသည်။ မြန်မာနိုင်ငံမှ တိုင်းရင်းသား လူမျိုးများအနက် ကချင်လူမျိုး၌သာ ဤကဲ့သို့သော မျိုးနွယ်အမည် မှည့်ခေါ်သည့်စနစ်(Family Name System) ရှိခြင်းမှာလည်း ကချင်လူမျိုးတို့၏ ထင်ရှားသည့် ၀ိသေသလက္ခဏာပင် ဖြစ်သည်။ ကမ္ဘာပေါ်ရှိ တရုတ်၊ ကိုးရီးယားစသည့် လူမျိုးအချို့တွင်လည်း မျိုးနွယ်အမည် မှည့်ခေါ်ကြသည်။

ကချင်လူမျိုးများ၏ အထင်ရှားဆုံးနှင့် အရေးကြီးဆုံး ယဉ်ကျေးမှု အမှတ်လက္ခဏာမှာ မနောတိုင် (Manau Shadung) နှင့် မနောအက (Manau) ပင် ဖြစ်သည်။ ကချင်မျိုးနွယ်စု ၆ ခုလုံး မနောအက ကကြသည်။ ကမ္ဘာပေါ်တွင် ကချင်လူမျိုး (မျိုးနွယ်စု ၆ စု) မှလွှဲ၍ မည်သည့်လူမျိုးမျှ မနောအကကို မကချေ။

မနောအကနှင့် သက်ဆိုင်သည့် ကချင်လူမျိုးများ၏ ဒဏ္ဍာရီပုံပြင်တွင် ငှက်မျိုးပေါင်းစုံတို့မှ မနောအကကို စုပေါင်းကာ ကခြင်းလည်း ပါဝင်သည်။ ဂျပန်၊ ကိုးရီးယားလူမျိုးတို့၏ ဒဏ္ဍာရီပုံပြင်များတွင်လည်း ငှက်များ ကခုန်သည့် အကြောင်းအရာများ ပါဝင်သကဲ့သို့ အာရှတိုက်မှ တိုင်းပြည်အချို့တွင် ငှက်များ ကခုန်ပျော်မြူးသည့် အကြောင်းအရာနှင့် ဆက်စပ်နေသည့် ပုံပြင်မူကွဲ အမျိုးမျိုးရှိသော်လည်း မနောအကယဉ်ကျေးမှုကို လက်တွေ့ကျင့်သုံးကာ ကသည့် လူမျိုးမှာ ကချင်လူမျိုးသာ ဖြစ်သည့်အတွက် ဤပုံပြင်အမျိုးမျိုး၏ မူရင်းဇစ်မြစ်မှာ ကချင်လူမျိုးတို့၏ မနောအက ပုံပြင်ပင်ဖြစ်ကြောင်း သက်သေသာဓက ထင်ရှားလျက် ရှိပေသည်။ ငှက်များ ကခုန်နေသည့် ပုံသဏ္ဍာန် ကြေးရုပ်တုကို တရုတ်နိုင်ငံ၊ စီချွမ် (Sichuan -四川) ပြည်နယ်ရှိ Sanxingdui (三星堆) ရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် တူးဖော်ရရှိခဲ့သည်။ မနောအက ပုံပြင်၏ အခိုင်မာဆုံးသော သက်သေတစ်ခုပင် ဖြစ်သည်။

မနောတိုင်တွင် အသုံးပြုသည့် အမှတ်အသားများ၊ လက္ခဏာသင်္ကေတများ၊ ပုံသဏ္ဍာန် (Pattern) များမှာ တရုတ်ပြည်ရှိ မဟာတံတိုင်းကြီး မဆောက်လုပ်မီ အချိန်ကာလမှ စတင်အသုံးပြုခဲ့သည့် လက္ခဏာ ပုံသဏ္ဍာန်များ ဖြစ်သည်။ ယနေ့ကာလတွင် ကချင်လူမျိုးများ သုံးစွဲဝတ်ဆင်နေသည့် ၀တ်စားဆင်ယင်ထုံးဖွဲ့မှုသည်လည်း ဘီစီ ၁၉၀၀ နှစ်ကာလများမှ ဆင်ယင်ထုံးဖွဲ့မှု ပုံစံများဖြစ်သည်။ ကချင်လူမျိုးများ၏ ခေတ်အဆက်ဆက် ၀တ်စားဆင်ယင်ထုံးဖွဲ့မှုများကို တရုတ်နိုင်ငံ၊ စီချွမ် (Sichuan - 四川) ပြည်နယ်ရှိ ရှေးဟောင်းသုတေသန ပြတိုက်တွင် ပြသထားသည်။

ကချင်လူမျိုးများ ကိုင်ဆောင်အသုံးပြုလေ့ရှိသော လက်နက်တစ်မျိုးဖြစ်သည့် လေး (Bow) ကို Xiongnu (匈奴) ခေတ်မှ စတင်ကာ ပြုလုပ်သုံးစွဲခဲ့ကြကြောင်း အထောက်အထားများကို တွေ့ရှိရသည်။ လေးလက်နက်ပြုလုပ်ရာတွင် ပိုးစာပင် (Morus) ၏ ပင်မကြောရိုး သစ်သားကိုသာ သုံးစွဲပြုလုပ်ခဲ့ကြသည်။ ဤကဲ့သို့ ပိုးစာပင်၏ ကြောရိုးသစ်သားကို ထုတ်ယူကာ လေးလက်နက်ပြုလုပ်သည့် နည်းလမ်းကို ယနေ့တိုင်အောင် သုံးစွဲနေကြဆဲ ဖြစ်သည်။ ရှေးကာလ ဘိုးဘွားတို့၏ လက်ထက်မှစတင် သုံးစွဲခဲ့သည့် နည်းလမ်းကို ယနေ့ခေတ်ကာလတိုင်အောင် ဆက်လက်သုံးစွဲနေကြခြင်း ဖြစ်သည်။

ကချင်လူမျိုးများ၏ တူညီသော အခြားဝိသေသလက္ခဏာတစ်ရပ်မှာ လက်နက်ကိရိယာများကို သွန်းလုပ်ခြင်းပင် ဖြစ်သည်။ ကျောက်စိုင်ကျောက်ခဲများမှ သံကို အရည်ပျော်ရယူကာ လက်နက်ကိရိယာများကို သွန်းလုပ်ကြသည်။ မိမိတို့ ကိုင်ဆောင်အသုံးပြုသည့် လှံ၊ ဓား စသည်တို့ကို ကိုယ်တိုင် သွန်းလုပ်ကြသည်။ အဖျားချွန်သည့် ဓားလက်နက်ကို သုံးစွဲလေ့ သိပ်မရှိ။ အဖျားဘက်တွင် ပြားကာ အနံကျယ်သွားသည့် ဓားများကို ပိုမို သွန်းလုပ် သုံးစွဲကြသည်။

ရိုးရာနတ်ကိုးကွယ်မှုကို အခြေခံသည့် ဓားလှေကားတက်သည့် ဓလေ့ထုံးစံ(Knife-ladder Climbing)သည်လည်း ကချင်မျိုးနွယ်စုဝင်များ၏ တူညီမှုတစ်ခုဖြစ်သည်။ နတ်ဝင်စားသည်နှင့် တပြိုင်နက် အလွန်ထက်သော ဓားများကို လှေကားထစ်အဖြစ် ပြုလုပ်ထားသော လှေကားပေါ်သို့ ပြေးတက်ခြင်း ဖြစ်သည်။ တရုတ်နိုင်ငံ၊ ကူမင်း(Kunming -昆明)ဒေသမှ လီဆူလူမျိုးများသည် ဓားလှေကားတက်သည့် ဓလေ့ထုံးစံကို ယနေ့တိုင်အောင် ကျင့်သုံးနေဆဲ ဖြစ်သည်။ ကချင်မျိုးနွယ်စုဝင်များအားလုံးသည် ဓားလှေကားတက်ခြင်း ဓလေ့ကို ပြုလုပ်ခဲ့ကြကာ ဤအချက်သည်လည်း ငြင်းဆိုမရနိုင်သည့် တူညီချက်တစ်ခုပင် ဖြစ်သည်။

ကချင်လူမျိုးတို့၏ ရိုးရာတူရိယာတစ်မျိုးဖြစ်သည့် ကျောက်စိမ်း Htu-Ren (Single-hole stone flute)ကိုလည်း တရုတ်နိုင်ငံတွင် တူးဖော်တွေ့ရှိခဲ့သည်။ ၎င်း Htu-ren တူရိယာမှာ လွန်ခဲ့သည့် သက်တမ်းအားဖြင့် နှစ်ပေါင်း (၇၀၀၀)ကျော် ကြာမြင့်ကြောင်းလည်း စစ်ဆေးတွေ့ရှိရသည်။ Htu-ren တီးမှုတ်သည့် သမိုင်းသာဓကများကို အခြေခံကာ ဤ Htu-ren တူရိယာသည် ရှေးခေတ်ကချင်လူမျိုးများ၏ အသုံးအဆာင်တူရိယာဖြစ်ကြောင်း ရှေးဟောင်းသုတေသနပညာရှင် Duwa Manam Tawng (Li Xiangqian)မှ တင်ပြ အတည်ပြုချက်ရယူနိုင်ခဲ့သည်။ ရှာဖွေတွေ့ရှိမှုနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံပိုင် ရုပ်မြင်သံကြား(CCTV-4)မှ Duwa Manam Tawng ကို မေးမြန်း တင်ဆက်ခဲ့သည်။ ကချင်လူမျိုးများသည် လွန်ခဲ့သည့် နှစ်ပေါင်း(၇၀၀၀)ကျော်မှစ၍ ကျောက်စိမ်းကို ထွင်းဖောက်ကာ ဂီတတူရိယာ ပြုလုပ်သုံးစွဲနိုင်ခဲ့ကြောင်းကို ဤရှာဖွေတွေ့ရှိမှုက သက်သေထူလျက် ရှိသည်။

ကချင်ရိုးရာအထိမ်းအမှတ် လက္ခဏာများ ပါဝင်သည့် ရှေးဟောင်းပစ္စည်းများသည် တူးဖော်တွေ့ရှိရသမျှ ရှေးဟောင်းပစ္စည်းများအနက် သက်တမ်းအရင့်ဆုံးစာရင်းတွင် ပါဝင်သည်ဖြစ်ရာ ကချင်လူမျိုးတို့အတွက် ဂုဏ်ယူဝံ့ကြွားစရာပင် ဖြစ်သည်။ တစ်ချိန်က ကချင်လူမျိုးများကို အရိုင်းအစိုင်းများ (Aborigines) အဖြစ် အထင်အမြင်သေးခဲ့သူများပင်လျှင် မိမိတို့၏ အမှားကို သဘောပေါက်ကာ ယခုအခါ ကချင်လူမျိုးများအပါ် အထင်မသေးဝံ့တော့ဘဲ တလေးတစား ဆက်ဆံလာကြရသည်။ ဤသို့ သက်တမ်းအရင့်ဆုံး ရှေးဟောင်းပစ္စည်းများကို တူးဖော်တွေ့ရှိသည့်အတွက် တရုတ်နိုင်ငံကလဲ မိမိနိုင်ငံတွင် တူးဖော်တွေ့ရှိသည့် ရှေးဟောင်းပစ္စည်းအဖြစ် တမြတ်တနိုးတန်းဖိုးထားကာ ကမ္ဘာအနှံ့မှ ကချင်လူမျိုးများ တွေ့ဆုံကြသည့် ကမ္ဘာလုံးဆိုင်ရာ မန်ရှီ(Mangshi) မနောပွဲကြီးတွင် အသိအမှတ်ပြု၊ မှတ်တမ်းတင်ခဲ့သည်။ ကချင်လူမျိုး အားလုံးအတွက် အလွန်ဂုဏ်ယူစရာ ကိစ္စရပ်ကြီးပင် ဖြစ်ပေသည်။

(‘ကချင်တွေကို စာသင်မယ့်အစား ခွေးကို စာသင်ပေးတာကမှ ပိုတတ်အုံးမယ်’ဟု ကချင်လူမျိုးများအား လာရောက်သာသနာပြုသည့် ခရစ်ယာန်သာသနာပြုဆရာများအား ဗမာဘုရင် မင်းတုန်းမင်းမှ ပြောဆိုကာ ကချင်လူမျိုးကို စော်ကားခဲ့ဖူးသည်။)

ကချင်လူမျိုးတို့သည် စစ်ရေးစစ်ရာတွင် တစ်ဘက်ကမ်းခတ် ကျွမ်းကျင်သူများ ဖြစ်ကြောင်းကိုလဲ သမိုင်းမှတ်တမ်းများက သက်သေခံလျက်ရှိသည်။ ကချင်ဒေသသို့ ကျူးကျော်ဝင်ရောက် လာသော အင်္ဂလိပ်တပ်များကို ရှေးဦးစွာခုခံတိုက်ခိုက်ခဲ့သူမှာ လီဆူမျိုးနွယ်စုဝင် တော်လှန်ရေးခေါင်းဆောင် Leme Ta Hpa ဆိုသူဖြစ်သည်။ ချီဆွေ၊ ဆော်လော်ဒေသမှ တော်လှန်ရေးခေါင်းဆောင်မှာ Langlaw Myaw Hkawng Dai ဆိုသူဖြစ်ပြီး အင်္ဂလိပ်တပ်များကို အကြိမ်ကြိမ်တွန်းလှန်တိုက်ထုတ်နိုင်ခဲ့အတွက် နောက်ဆုံးတွင် အင်္ဂလိပ်တပ်မှ စစ်ပြေငြိမ်းရေးအတွက် ပန်ကြားခြင်းခံခဲ့ရသူဖြစ်သည်။ ကချင်လူမျိုး တော်လှန်ရေးခေါင်းဆောင်များ၏ ပြည်ပအကူအညီမယူဘဲ ကိုယ့်အားကိုယ်ကိုးပြီး နယ်ချဲ့ဆန့်ကျင်ခဲ့ ပုံများမှာ အောက်ပြည် အောက်သားတို့အတွက် စံနမူနာယူစရာ ကောင်းလှသည်။

ဤကဲ့သို့ ကချင်ခေါင်းဆောင်များ၏ လက်ရုံးရည်၊ နှလုံးရည်ထက်မြက်မှုကြောင့် ကချင်ပြည်သူ လူထုမှာ နယ်ချဲ့အင်္ဂလိပ်တို့၏ ခေါင်းပုံဖြတ်အနိုင်ကျင့်မှုကို အောက်ပြည်မှ အခြားဒေသများကဲ့သို့ မခံရဘဲ၊ ကိုယ်ပိုင်အုပ်ချုပ်ပြဌာန်းခွင့်အပြည့်ဖြင့် အေးချမ်းစွာ နေထိုင်နိုင်ခဲ့ကြသည်။ ကချင်လူထုမှာ အင်္ဂလိပ်တို့ ရောက်ရှိအုပ်ချုပ်နေမှန်းပင် မသိရှိခဲ့ပေ။

ဖက်ဆစ်ဂျပန်တပ်များကို ဗမာ့လွတ်လပ်ရေးတပ် (BIA) က ပြည်တွင်းသို့ ကျူးကျော် ခေါ်ဝင်လာစဉ်ကလဲ ကချင် (ရ၀မ်) လူငယ်များနှင့် ခခူးဒေသမှ ကချင် (ဂျိန်းဖော့) လူငယ်များက Kachin Levies တပ်အဖြစ် ခုခံတွန်းလှန်ခဲ့ကြသည်။ Northern Kachin Levies တပ်များ၏ တိုက်ခိုက်မှုကြောင်း ပူတာအိုဒေသသို့ မ၀င်ရောက်နိုင်ဘဲ ပြန်ပြေးဆင်းလာသော ဂျပန်တပ်များကို မြစ်အရှေ့ခြမ်းမှ Kachin Rangers တပ်များက ထပ်မံ၍ နှိမ်နှင်းတိုက်ထုတ်ခဲ့ကြသည်။ ကချင်မျိုးနွယ်စုဝင်များ၏ စည်းလုံးညီညွတ်မှု ရလာဒ်ပင် ဖြစ်သည်။

ကချင်တပ်များ၏ တိုက်ခိုက်နှိမ်နင်းမှုကြောင့် တပ်ပျက်ကာ ကစဥ့်ကလျားဆုတ်ခွာလာသော ဂျပန်တပ်များကို ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော ဗမာ့လွတ်လပ်ရေးတပ် (BIA) က အခက်အခဲမရှိ တိုက်ခိုက်လိုက်နိုင်သည့်အတွက် ဗမာပြည်နှင့် ဗမာ့လွတ်လပ်ရေးတပ်၏ နေ့ထူးနေ့မြတ်အဖြစ် ယနေ့တိုင် တသသ ဖြစ်နေကြဆဲဖြစ်သည်။

ကချင်မြေပေါ်မှ ဖက်ဆစ်ဂျပန်များကို တိုက်ထုတ်လိုက်သည့်အထိမ်းအမှတ်အဖြစ် အောင်ပွဲခံ မနောပွဲ (Padang Manau) ကို ၁၉၄၅ ခုနှစ်၊ မတ်လ (၂၄-၂၆) တွင် ဗန်းမော်မြို့အနီး စင်လုံကဘာရွာတွင် Kachin Rangers တပ်က ဦးဆောင်၍ ချိမ့်ချိမ့်သဲ ကျင်းပခဲ့သည်။ နောက်တစ်ရက် မတ်လ (၂၇) ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော ဗမာ့လွတ်လပ်ရေးတပ်ကလဲ စစ်နိုင်နေသော ဖက်ဆစ်ဆန့်ကျင်ရေး မဟာမိတ်တပ်ပေါင်းစု ဘက်သို့ ပြေးကပ်ပြီး အချိန်မီဖက်ဆစ်ဆန့်ကျင်ရေး လုပ်ခဲ့ကြသည်ဖြစ်ရာ ဂျပန်တပ်များ လက်နက်ချသည်အထိ အချိန် ၂ လ၊ ၃ လခန့်သာ ဖက်ဆစ်တော်လှန်ရေးတွင် ပါဝင်ခဲ့သည်။

နယ်ချဲ့တပ်များ ကျူးကျော်လာချိန်တွင် ကချင်ဒေသကို ကချင်မျိုးနွယ်စုများ လက်တွဲပြီး ခုခံကာကွယ်ခဲ့ကြသည့်အတွက် အိန္ဒိယမှတဆင့် ဥရောပသို့ ချီတက်ရန် ရည်မှန်းထားသော ဂျပန်တို့၏ အကြံအစည် ပျက်ပြားခဲ့ပြီး ကချင်လူထု၏ သွေးစည်းမှုနှင့် ကချင်တပ်များ၏ စွမ်းရည်မှာ ကမ္ဘာ့ငြိမ်းချမ်းရေးတွင် အရေးကြီးသော အကြောင်းတစ်ချက်ဖြစ်လာခဲ့သည်။ ဖက်ဆစ်ဂျပန်များအား ကချင်လူမျိုးများသာ တားဆီးတွန်းလှန်နိုင်ခဲ့ခြင်းမရှိခဲ့ပါက ဖက်ဆစ်နှင့် နာဇီတို့ ပေါင်းမိသွားကာ ကမ္ဘာ့သမိုင်းသည်လည်း တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားနိုင်သည်။ ကချင်မျိုးနွယ်စုများ၏ သွေးစည်း ညီညွတ်မှုဖြင့် ကမ္ဘာ့သမိုင်းကို ပြောင်းလဲနိုင်ခဲ့သည်ဟု ဆိုရပေမည်။

ဤသို့ ကချင်မျိုးနွယ်စုတို့သည် ဘာသာစကားနှင့် နေထိုင်ရာဒေသကွဲပြားကြသော်လည်း တစ်ခုတည်းသော ရာဇ၀င်၊ တစ်ခုတည်းသော ရွှေ့ပြောင်းနေထိုင်မှုသမိုင်း၊ တစ်ခုတည်းသော ယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာတို့ဖြင့် သွေးရောယှက်တင်နေထိုင်ကာ ထူးခြားသောဝိသေသများဖြင့် ပြည့်စုံသည့် လူမျိုးတစ်ရပ်အဖြစ် ခိုင်ခိုင်မာမာ ရပ်တည်လျက်ရှိပါသည်။ အစစအရာရာ ကွဲပြားသော လူမျိုးများကို လက်နက်ပြပြီး လူမျိုးတစ်ခုတည်းဖြစ်သယောင် ဟန်ဆောင်ပန်ဆောင် အရှက်မရှိ စုစည်းထားခြင်း မျိုးမဟုတ်ဘဲ အမှန်တရားနှင့် ညီအစ်ကိုရင်းတို့၏ ချစ်ခြင်းမေတ္တာအပေါ် အခြေခံသည့် လူမျိုးတစ်ရပ် ဖြစ်ပါသည်။

တိုင်းတစ်ပါးသား လူမျိုးခြားတို့၏ ယုတ်မာကောက်ကျစ် သွေးခွဲသပ်လျှိုမှုကို လိမ္မာပါးနပ်စွာ ရှောင်တိမ်းပြီး ကချင်မျိုးနွယ်စုဝင်အချင်းချင်း၏ သွေးစည်ချစ်ကြည်မှုကို တည်ဆောက်လျက် မိမိကိုယ်ကို ကချင် ဟု ဂုဏ်ယူဝံ့ကြွားစွာ ဖွင့်ဆိုမွက်ဟရမည့်အချိန် ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

[One Kachin Magazine 2013 တွင်ဖော်ပြပြီးဖြစ်သော Chyu Rum Ai Wunpawng Myu Sha Ni (Shing N Rai) One Kachin ဆောင်းပါးကို ဘာသာပြန်ဆို ဖြည့်စွက်ရေးသားထားခြင်း ဖြစ်ပါသည်။]