Thursday, April 24, 2014

တစ်ခါက ... တိုင်းရင်းသား တပ်မတော်ခေါင်းဆောင်များ ( စစ်တက္ကသိုလ်သမိုင်း)



(Written by: စိုးမြင့်မိုး (ဘူမိ))

ယနေ့ မြန်မာ့တပ်မတော်ရဲ့ ထိပ်ပိုင်းခေါင်းဆောင် နေရာများတွင် ပြည်ထောင်စုဖွား တိုင်းရင်းသားများကို မတွေ့ရတာ တော်တော်ကြာသွားပါပြီ။ တိတိကျကျ ဆိုရလျှင် ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် မတွေ့ရသလောက် ရှားပါးသွားသည်။

၁၉၄၅ ခုနှစ် စက်တင်ဘာ ၇ ရက်တွင် သီရိလင်္ကာနိုင်ငံ၊ ကန္နီမြို့၌ ဗမာ့မျိုးချစ် တပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနှင့် မဟာမိတ်တပ်များ၏ အရှေ့တောင်အာရှ ဒေသဆိုင်ရာ စစ်သေနာပတိချုပ် မောင့်ဘက်တန်တို့သည် မြန်မာ့တပ်မတော် ပြန်လည်ဖွဲ့စည်းရေးဆိုင်ရာ သဘောတူညီချက် ကန္နီစာချုပ်ကို ချုပ်ဆိုခဲ့ကြသည်။ ဤစာချုပ်အရ ဗမာ့မျိုးချစ် တပ်မတော်မှ တပ်ဖွဲ့ဝင်များကို (၃)၊ (၄)၊ (၅) ဗမာ့သေနတ်ကိုင် တပ်ရင်းအဖြစ် ဖွဲ့စည်းပြီး တိုင်းရင်းသား လူမျိုးစုများနှင့် ဖွဲ့စည်းထားသော တပ်ရင်းများနှင့်ပေါင်းကာ မြန်မာ့တပ်မတော်ကို စတင်ခဲ့ကြသည်။

ပြည်တွင်းသောင်းကျန်းမှုများ မစတင်မီ တပ်မတော်တွင် တိုက်ခိုက်ရေးတပ်ရင်း ၁၅ ရင်းရှိခဲ့သည်။ ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် လွတ်လပ်ရေးရရှိပြီး မရှေးမနှောင်းမှာပင် စတင်ခဲ့သည့် ပြည်တွင်းသောင်းကျန်းမှုနှင့် ၁၉၅ဝ ပြည့်နှစ်က စတင်ခဲ့သည့် ပြည်ပကျူးကျော်သူ တရုတ်ဖြူ (ကူမင်တန်)များကို ဗမာနှင့် တိုင်းရင်းသား တပ်မတော်အရာရှိ စစ်သည်များသည် အတူတကွ သက်စွန့်ကြိုးပမ်း တိုက်ခိုက်နှိမ်နင်း ခဲ့ကြသည်။

ထို့ကြောင့်လည်း မြန်မာ့တပ်မတော် သမိုင်းတွင် ရဲစွမ်းသတ္တိဆိုင်ရာ အဆင့်မြင့်ဆုံးဖြစ်သည့် အောင်ဆန်းသူရိယဘွဲ့ ချီးမြှင့်ပေးခဲ့ရာ စုစုပေါင်းခြောက်ဦး ရရှိခဲ့သည်။ ယင်းခြောက်ဦးထဲတွင် ဗမာတပ်ဖွဲ့ဝင်များရော တိုင်းရင်းသား တပ်ဖွဲ့ဝင်များပါ ပါဝင်ခဲ့ကြသည်။

ဥပမာ-အရာရှိ အဆင့်၌ ဗမာလူမျိုး ဗိုလ်မှူးအေးချို (ကြည်း ၅၁၈ဝ) “ကျဆုံး” နှင့် ချင်းလူမျိုး ဗိုလ်ကြီးတိုက်ချွန်း (ကြည်း ၇၂၈၈) “ကွယ်လွန်” တို့ရရှိခဲ့ကြပြီး အခြားအဆင့်၌ ဗမာလူမျိုး တပ်သားလှသောင်း (ကပ ၈၈၈၆၅) “ကျဆုံး” နှင့် ကရင်လူမျိုး တပ်သားစောမြင့် (ကပ ဝဝ၆ဝ၃) “ကျဆုံး” တို့ ရရှိခဲ့ကြသည်။ ထို့အတူ တပ်မတော်၏ အဆင့်မြင့် တာဝန်များကိုလည်း ဗမာနှင့် တိုင်းရင်းသား တပ်မတော် အရာရှိများသည် အတူတကွ ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသည်။

တိုင်းရင်းသား ကာချုပ်နှင့် ဒု-ကာချုပ်

လွတ်လပ်ရေးရပြီးစ မြန်မာ့တပ်မတော်၌ ပထမဦးဆုံး ကာကွယ်ရေးဦးစီးချုပ်မှာ ကရင်လူမျိုး ဗိုလ်ချုပ်စမစ်ဒွန်း (ကြည်း ၅၁ဝ၆) ဖြစ်သည်။ ပထမဦးဆုံး ဒုတိယကာကွယ်ရေး ဦးစီးချုပ် (ကြည်း)မှာလည်း ကရင်လူမျိုး ဗိုလ်မှူးချုပ်စောကြာဒိုး (ကြည်း ၅၁ဝ၇) ဖြစ်သည်။

ဗြိတိန်နိုင်ငံ ဘုရင့်စစ်တက္ကသိုလ်(Sandhurst) ကျောင်းဆင်းတစ်ဦးဖြစ်သည်။ ၁၉၉ဝ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့သည်။

တိုင်းရင်းသား ဒု-ကာချုပ်(လေ) များ

၁၉၄၇ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်တွင် စတင်ပေါ်ပေါက်လာခဲ့သည့် မြန်မာ့တပ်မတော် (လေ)၏ ပထမဦးဆုံး ဒုတိယကာကွယ်ရေး ဦးစီးချုပ် (လေ) မှာ ကရင်လူမျိုး ဒု-ဗိုလ်မှူးကြီးစောရှီးရှိုး (လေ ၁ဝ၂ဝ) ဖြစ်သည်။

မဆလခေတ်တွင် ၁၉၇၄ ခုနှစ်မှ ၁၉၈ဝ ပြည့်နှစ်အထိ ခြောက်နှစ်ကြာ ဒုတိယကာကွယ်ရေး ဦးစီးချုပ် (လေ) တာဝန်ကို ထမ်းဆောင်ခဲ့သည့် ဗိုလ်ချုပ်သူရစောဖြူ (လေ ၁ဝ၄၇) သည် ရခိုင်လူမျိုးဖြစ်သည်။ တိုက်လေယာဉ်အုပ်များကို ခေါင်းဆောင်၍ ပြည်ပကျူးကျော်သူ တရုတ်ဖြူ (ကူမင်တန်) များကို စွန့်စားတိုက်ခိုက် နှိမ်နင်းခဲ့သောကြောင့် သူရဘွဲ့တံဆိပ် ချီးမြှင့်ခြင်း ခံခဲ့ရသည်။

တိုင်းရင်းသား စစ်တိုင်းမှူးများ

၁၉၄၇ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၏ ပထမဦးဆုံးတိုင်းမှူးမှာ ဗိုလ်မှူးချုပ်နေဝင်း (ကြည်း ၃၅ဝ၂) ‘နောင်- ဗိုလ်ချုပ်ကြီးနေဝင်းနှင့် မဆလပါတီဥက္ကဋ္ဌကြီး’ ဖြစ်သည်။ ဒုတိယ မြောက်တိုင်းမှူးမှာ ကချင်လူမျိုး ဗိုလ်မှူးချုပ်လဇွန်တန် (ကြည်း ၅၁၈၁) ဖြစ်သည်။

မဆလခေတ် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၏ (၁၃) ဦးမြောက် စစ်တိုင်းမှူးမှာ ကချင်လူမျိုး ဗိုလ်မှူးချုပ် အယ်လ်ကွန်ဖန် (ကြည်း ၅၉၉၇) ဖြစ်သည်။ ၁၉၈၅ ခုနှစ် အောက်တိုဘာ ၁၆ ရက်တွင် လုပ်ကြံခံရ၍ ကွယ်လွန်ခဲ့သည်။ စတီရီယိုတေးသံရှင် ဦးသောင်းထိုက် (အားကစား ဒု-ဝန်ကြီး) + ဒေါ်အယ်လ်ခွန်းရီ တို့၏ ဖခင်ဖြစ်သည်။

မဆလခေတ်တွင် ၁၉၇၉ ခုနှစ်မှ ၁၉၈၃ ခုနှစ်အထိ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူမှာ ချင်းလူမျိုး ဗိုလ်မှူးချုပ် ဂျီတောင်ဇာခိုင် (ကြည်း ၅၈၄၁) ဖြစ်သည်။ ၁၉၈၃ နောက်ပိုင်းတွင် ဗိုလ်ချုပ်အဆင့်သို့ တိုးမြှင့်ခံရပြီး စစ်ထောက်ချုပ်တာဝန်ကို ထမ်းဆောင်ခဲ့သည်။

တိုင်းရင်းသား D.S.A ကျောင်းအုပ်ကြီး

စစ်တက္ကသိုလ် (D.S.A) ၏ တတိယမြောက် ကျောင်းအုပ်ကြီးမှာ ကချင်အမျိုးသား ဗိုလ်မှူးကြီး သီရိပျံချီအယ်လ်ခွန်နောင် (ကြည်း ၅၁၈၉)ဖြစ်သည်။ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး တာဝန်ကို (၉-၁ဝ-၁၉၅၇) မှ (၃၁-၁ဝ-၁၉၆၈)ထိ ၁၁ နှစ်တာမျှ ထမ်းဆောင်ခဲ့ရာ သက်တမ်းအရှည်ဆုံး ကျောင်းအုပ်ကြီး ဖြစ်သည်။ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်နှင့် ပြည်ထောင်စု လွှတ်တော်နာယကကြီး သူရဦးရွှေမန်းတို့ ဗိုလ်လောင်းသင်တန်း တက်ရောက်စဉ်ကာလက အုပ်ချုပ်ခဲ့သည့် ဆရာကြီးဖြစ်သည်။

ဒုတိယကမ္ဘာစစ်တွင် ဂျပန်တပ်များ၏ အတွင်းပိုင်းသို့ လေထီးဖြင့်ဆင်းသက်ပြီး ပြောက်ကျားစစ် ဆင်နွှဲခဲ့သဖြင့် Military Cross သူရဲကောင်းတံဆိပ် ချီးမြှင့်ခံခဲ့ရသည်။ သီရိပျံချီဘွဲ့တံဆိပ်၊ နိုင်ငံ့ဂုဏ်ရည် (ပထမဆင့်) ဘွဲ့တံဆိပ်နှင့် ခရစ်တော် အမှုတော်၌ သစ္စာရှိစွာ ထမ်းဆောင်ခဲ့သည့် အတွက် ၁၉၇၇ ခုနှစ် ကချင်နှစ်ခြင်း ခရစ်ယာန် ရာပြည့်ပွဲတော်တွင် Kang Ka U Dang ဘွဲ့တံဆိပ်များ ချီးမြှင့်ခြင်းခံရသည်။

ယခုအခါ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီးရာထူးသည် စစ်တိုင်းမှူး ခန့်အပ်ခံရရေးအတွက် အရေးပါသောနေရာ ဖြစ်လာခဲ့ပြီ။

ဒု-တိုင်းမှူးရာထူးနှင့် ချင်းတိုင်းရင်းသားများ

မဆလခေတ်တွင် ဒုတိယတိုင်းမှူး ရာထူးနေရာ တော်တော်များများတွင် ချင်းတိုင်းရင်းသား တပ်မတော် အရာရှိများ တာဝန်ထမ်းဆောင် ခဲ့သည်ကို တွေ့ရှိရ၏။

ဗိုလ်မှူးကြီး ဗန်ကူးလ် (ကြည်း ၃၆၆၆) သည် နတခနှင့် နမခ တို့တွင် ဒု-တိုင်းမှူးအဖြစ် လည်းကောင်း၊ ဗိုလ်မှူးကြီး ခင်ဇာမုံ (ကြည်း ၅ဝဝ၇) သည် ရတခနှင့် နတခတို့ တွင် ဒု-တိုင်းမှူး အဖြစ်လည်းကောင်း၊ ဗိုလ်မှူးကြီး ဆွင်ခိုဝင်း (ကြည်း ၆၆၆၁) သည် နပခ ဒု-တိုင်းမှူးအဖြစ် လည်းကောင်း၊ ဗိုလ်မှူးကြီး ဇမုန်းသည် ရတခ ဒု-တိုင်းမှူးအဖြစ် လည်းကောင်း အသီးသီး တာဝန်ထမ်းဆောင် ခဲ့ကြသည်။ နအဖခေတ် နှောင်းပိုင်းတွင် တိုင်းရင်းသားထဲမှ ရှားရှားပါးပါး ဒုတိယတိုင်းမှူး ရာထူးကို ထမ်းဆောင်ခဲ့သူမှာ ချင်းအမျိုးသား ဗိုလ်မှူးချုပ် ဟုန်းငိုင်း (ကြည်း ၁၅၄၅ဝ) ဖြစ်သည်။ သူသည် ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ် (ကရခ) ၌ ဒုတိယတိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ယခုအခါ ချင်းပြည်နယ်ဝန်ကြီးချုပ် တာဝန်ကို ထမ်းဆောင်လျက်ရှိသည်။

ဖွဲ့စည်းပုံကြီးမားသည့် ယနေ့တပ်မတော်

ယခုအခါ နိုင်ငံတော်ကို ကောင်းစွာကာကွယ် နိုင်ရေးအတွက် အင်အားတောင့်တင်း ပြီး စွမ်းရည်ထက်မြက်သည့် ခေတ်မီတပ်မတော်ကြီးကို တည်ဆောက်လျက် ရှိသည်နှင့်အညီ တပ်မတော်၏ ဖွဲ့စည်းပုံမှာ ကြီးမားလာခဲ့သည်။

ယနေ့တပ်မတော်တွင် ဗိုလ်ချုပ်မှူးကြီးအဆင့် (၁) ဦး၊ ဒုတိယဗိုလ်ချုပ်မှူးကြီး အဆင့် (၁) ဦး၊ ဗိုလ်ချုပ်ကြီးအဆင့် (၃)ဦး၊ ဒုတိယဗိုလ်ချုပ်ကြီးအဆင့် (၁၅) ဦ ခန့်၊ ဗိုလ်ချုပ်အဆင့် (၄ဝ) ခန့်တို့ ဦးဆောင်၍ နိုင်ငံတော် တာဝန်များကို ထမ်းဆောင်လျက်ရှိသည်။ ဖော်ပြပါ တပ်မတော်၏ ထိပ်သီးအဆင့်ခေါင်းဆောင် အယောက် (၆ဝ) ထဲတွင် တိုင်းရင်းသားလူမျိုးဟု ထင်ရှားစွာ သိနိုင်သည့် အမည်နာမ မှည့်ခေါ်ထားသည့် တပ်မတော်အရာရှိကြီး တစ်ဦးတစ်ယောက်မျှ ပါဝင်သည်ကို မတွေ့ရချေ။

ဘာပဲပြောပြော တပ်မတော်ရဲ့ ထိပ်ပိုင်းခေါင်းဆောင် ရာထူးများတွင် တစ်ခါက ပြည်ထောင်စုဖွား တိုင်းရင်းသား တပ်မတော် အရာရှိများ နေရာရရှိခဲ့သည့် အစဉ်အလာကောင်းများ ရှိခဲ့သည်ကို အမှတ်ရရင်းဖြင့် ယခုလို (၆၇) နှစ်မြောက် ပြည်ထောင်စုနေ့ အခါသမယ၌ ဂုဏ်ပြုရေးသား လိုက်ရပါသည်။

ကျမ်းကိုး

၁။ တပ်မတော်ခေါင်းဆောင်များသမိုင်းအကျဉ်း (မြ၀င်း)

၂။ တပ်မတော်ရွှေရတုမဂ္ဂဇင်း

၃။ စစ်တက္ကသိုလ်သမိုင်း - ပထမပိုင်း

Like · ·