အရှိကို အရှိအတိုင်း မြင်ခြင်း ဆိုတာ လောကပါလ တရား ဖြစ်ပါတယ်။ရှိခြင်းတရား ကို ငြင်းပယ်ပြီး မဟုတ်မမှန်တရားက နိုင်နေတယ် ဆိုရင် အဲဒီ လူ့အဖွဲ့အစည်းနဲ့ ထူထောင်ထားတဲ့ နိုင်ငံဟာလဲ အလိုလို တခုပြီးတခု ယိုယွင်းလာတာပါပဲ။အရင်တုန်းကတော့ ဘာဖြစ်ဖြစ် ဗမာ စစ်ခေါင်းဆောင်များကို အပစ်ပုံချစမြဲပါ။ အခုတော့ စစ်ခေါင်းဆောင်တွေသာ မကပဲ မြန်မာပြည်သား တော်တော်များများကလဲ ရှိခြင်းတရားကို ငြင်းပယ်တဲ့ နေရာမှာ တော်တော်လေး အသားကျနေပြီပဲ၊ ဆိုတာ သိလိုက်ရပါတယ်။
ဗုဒ္ဓ တရားတော်မှာ ကံ၊ ကံ၏အကျိုး ဆိုတာ ရှိပါတယ်။ ကံ ဆိုတာ အလုပ်၊ ကိုယ်လုပ်လို့ ကိုယ့်ဆီပြန်လာတယ်၊ ဆိုတဲ့ သဘောတရားပါ။ အဲဒါကို ၀တ်လည်တယ် ဆိုပြီး လွယ်လွယ် ပြောတတ်ကြပါတယ်။
ခရစ်တော်ဟောခဲ့တဲ့ တရားမှာလဲ “ကိုယ်စိုက်သည့်အတိုင်း ရိတ်ရမယ်” ဆိုတဲ့ တရားတော် ရှိပါတယ်။ အဲဒါလဲ ၀တ်လည်တာနဲ့ အတူတူပါ။ဒီတော့ တခု ဆင်ခြင် ကြည့်ရအောင်ပါ။
ရိုဟင်ဂျာ နဲ့ ပတ်သက်လာရင် ရခိုင်လူမျိုး အပါအ၀င် မြန်မာ ဗုဒ္ဓဘာသာဝင် တော်တော်များများက ခါးခါးသီးသီး ဖြစ်တတ်ကြပါတယ်။ ကိုယ့် လူမျိုး၊ ကိုယ့် ဘာသာ တရား နဲ့ မတူလို့ လွတ်လွတ်လပ်လပ် မုန်းလို့ ရပေမယ့်၊ တရား ဥပဒေ နဲ့ ဆန့်ကျင်တဲ့ လုပ်ရပ်တွေကို လွယ်လွယ်တွေး၊ လွယ်လွယ်ကိုယ့်ဖက်ကချည်း အမှန်ဆွဲယူလို့ မရပါဘူး။
သန်းခေါင် စာရင်း ကောက်ဖို့ ဆော်သြတဲ့ ယူအန်အဖွဲ့ဝင်တွေနဲ့ လူဝင်မှု ကြီးကြပ်ရေး ၀န်ကြီး ဦးခင်ရီ တရားဝင် ပြောတာက မြန်မာပြည် နယ်နိမိတ်အတွင်း နေထိုင်သူ မည်သည့် လူမျိုးမဆို ကိုယ့် လူမျိုးနာမည်ကို ကိုယ် လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် ရှိတယ်။ ဆိုပြီး ပြောထားတာ ရှိပါတယ်။ အဲဒီလို ပြောထားလို့လဲ ကချင်လူမျိုးဆိုရင် မရှိတဲ့ လူမျိုးနာမည်တွေတောင် ကွတ်နံပါတ်တွေ ဘုန်းဗောလအော ထွက်လာပါတော့တယ်။
ဒါပေမယ့် ရိုဟင်ဂျာ နဲ့ ဂေါ်ရခါး ကို ကျတော့ သူတို့လိုချင်တဲ့ နာမည် မထည့်ရ၊ ဆိုပဲ။ (ဒီလို ရေးလိုက်တော့ ဒူဝါ က ကုလား ဖြစ်တော့မယ်။)
ဒီမှာ ထောက်ပြချင်တာက ဒီလို…
အရှေ့ အနောက်မညီ တဲ့ အစိုးရ စကား ကို ဗမာ ဗုဒ္ဓဘာသာဝင်တွေ အများပိုင်းက ကိုယ့် ဆန္ဒ နဲ့ ညီလို့ အကြိုက်တွေ့ပြီး အစိုးရ ရဲ့ လုပ်ရပ် ကို လက်ခံလိုက်တဲ့ သဘော တွေ့ရပါတယ်။ ဒီတော့ သူတို့ သမ္မတ ပါးစပ် က ထွက်တဲ့ ဥပဒေ ကို အသိအမှတ် ပြုပေးလိုက်တာပါပဲ။ ဒီလို သဘောတရား က ကိုယ့်ဘက်ကော ပြန်မလာနိုင်ဘူးလား။
စစ်အစိုးရ လက်ထက် မြန်မာပြည်သူ အားလုံး ခံခဲ့ရတာ ပါးစပ် ဥပဒေ တွေ ကြောင့် ပါ။ အဲဒီလို ပါးစပ် ဥပဒေ တွေကို မခံစားနိုင်တော့လို့ နည်းမျိုးစုံ တော်လှန်ခဲ့ကြတယ်။
မြန်မာပြည်မှာ ဂေါ်ရခါး ရှိတယ် ဆိုတာလဲ သမိုင်း သက်သေရှိ၊ ရိုဟင်ဂျာ ရှိတယ် ဆိုတာလဲ သမိုင်းရှိတာပါပဲ၊ ဘယ်လိုမှ ငြင်းပယ်လို့ မရပါ။ သူတို့ ရှိခြင်းကို ငြင်းပယ်ခြင်းသည်၊ မြန်မာပြည်မှာ ဆင်းရဲသား မရှိဘူး၊ မြန်မာပြည်မှာ လျှပ်စစ်မီး ပိုလျှံလို့ ရောင်းရတယ်၊ မြန်မာပြည်မှာ ထမင်းငတ်လို့ သေတဲ့လူမရှိ၊ မြန်မာ့တပ်မတော်မှာ မဒိမ်းမှုမရှိ၊ မြန်မာပြည်မှာ ပြည့်တန်ဆာ မရှိ၊ မြန်မာပြည်မှာ အိစ်ရောဂါသည်မရှိ ဆိုတဲ့ အစိုးရ ရဲ့ခေါက်ရိုးကျိုးနေတဲ့ လိမ်လည်စကားတွေနဲ့ တထပ်ထဲ ပါ။ တိုင်းရင်းသားတွေရဲ့ ရပိုင်ခွင့်ကို ငြင်းပယ် ထားခြင်းသည်လဲ ရှိခြင်းတရားကို ငြင်းနေတာပါပဲ။
ကိုယ် က ရှိခြင်းတရား ငြင်းပယ်ခြင်းကို မှန်တယ် ထင်ရင် ကိုယ့်ကိုလဲ တခြားတစ်ယောက်ယောက်က ပြန်ပြီး ငြင်းပယ်နိုင်တယ် ဆိုတဲ့ သဘောပါ။
ရှိခြင်းတရား ငြင်းပယ်ခြင်းကို အမှန်တရား လို့ ထင်ရင် စစ်အစိုးရရဲ့ ခေတ်အဆက်ဆက် ငြင်းပယ်ခြင်းခံခဲ့ရတဲ့ ကာလတွေကို အသိအမှတ်ပြုပေး တာနဲ့ အတူတူ ပါ။
ဒီတော့ စဉ်းစားပါ ရွှေမြန်မာ တွေရယ်။ ရွှေခေတ်၊ စိန်ခေတ်ကနေ ထွက်ပါတော့။