Friday, April 4, 2014

ရဲကျော်သူရဆိုသူ စစ်လော်ဘီ သုံးတဲ့ အချက်အလက်တွေကို စိစစ်ကြည့် ပါ။

ရဲကျော်သူရဆိုသူ အောက်ကြေးသမားအတွက်

ရဲကျော်သူရဆိုသူက သူ့ကိုယ်သူ စစ်လော်ဘီလို့ ဝန်မခံဘဲ စစ်တပ်အားပေးပဲ ရေးနေသူ ဖြစ်တယ်။ သူ့ရေးသမျှပို့စ်တွေထဲမှာ Like (၇၀၅)ခု (အများဆုံး)ရတဲ့ ပို့စ်တစ်ခုကို ဒီမှာ ဝေဖန်ချင်ပါတယ်။ သူက မွန်ပြည်သစ်ခေါင်းဆောင် နိုင်ရွှေကျင်ကိုပါ ကိုးကားထားလို့ မွန်လူမျိုးတစ်ဦးအနေနဲ့ သူ သုံးတဲ့ အချက်အလက်တွေကို စိစစ်ကြည့်တာပါ။

၁။ သူက "ဟုတ်ကဲ့၊ အမေရိကန်သမိုင်းဟာ လွတ်လပ်မှုကိုအာသာငမ်းငမ်းနဲ့နယ်မြေသစ်ရှာဖွေကြတဲ့ ဥရောပတစ်ခွင်က သူပုန် စိတ်ရှိသူတွေရဲ့ စွန့်စားမှုတွေနဲ့စတင်ခဲ့ကြတာပါ"လို့ ဖော်ပြခဲ့ပါတယ်။ ဒါ မှားပါတယ်။ သူက သြစတြေးလျာသမိုင်းနဲ့ မှားသွားပုံ ရတယ်။ ဥရောပမှာ ဘာသာရေးနှိပ်ကွက်မှုကြောင့် အမေရိကန်ကို ရွေ့ပြောင်းလာကြရသူတွေက ပိုများကြောင်း သမိုင်းလေ့လာသူတိုင်း သိပါတယ်။

၂။ "အမေရိကန်မှာ မြန်မာနိုင်ငံလိုအမျိုးသားရေးစိတ်ပြင်းထန်တဲ့ တိုင်းရင်းသားတွေမရှိပါဘူး။ အားလုံးဟာ အမေရိကန် လို့ပဲ ခံယူထားကြသူတွေပါ"လို့ ဆက်ရေးတယ်။ ဒါလည်း မှားတယ်။ ရက်အင်ဒီယန်းတွေဟာ ရရာလက်နက်နဲ့ လူဖြူတွေကို ခုခံခဲ့ကြတဲ့ သမိုင်းကို သူ မသိရှာဘူး။ အခုထိ သူတို့က အခွန်မဆောင်ကြဘူး။ ဒါ သူတို့နိုင်ငံပါလေ။ နောက်ပြီး အမေရိကန်လို့ ခံယူကြတာက ဒီနာမည်က လူမျိုးကို ကိုယ်စားပြုတဲ့ နာမည်မဟုတ်ဘူး။ ဒေသကို ကိုယ်စားပြုတဲ့ နာမည်ပါ။ မြန်မာဆိုတဲ့ နာမည်နဲ့ မတူပါဘူး။ သုဝဏ္ဏဘူမိလို နာမည်မျိုးနဲ့ တူတယ်။

၃။ "ကမ္ဘာ့ အင်အားကြီးနိုင်ငံ နှစ်နိုင်ငံကြားမှာ နှစ်ပေါင်း ၂၀၀၀ ကျော် နိုင်ငံတစ်ခုအဖြစ်ရပ်တည်လာတာ အဲဒီ အမျိုး၊ ဘာသာ၊ သာသနာချစ်စိတ်နဲ့ရပ်တည်လာခဲ့တာပါ။ ဗုဒ္ဓဘာသာမဟုတ်တဲ့ တခြားတိုင်းရင်းသားတွေ ကျေနပ်အောင်၊ သူပုန်မထအောင် ကျွန်တော်တို့အားလုံးက ခရစ်ယာန်ဘာသာပြောင်းပေးရမှာလား။ မြန်မာကျပ်ငွေမှာ အမေရိကန် ဒေါ်လာလို "ကျွန်ုပ်တို့ယုံကြည်သော ဘုရားသခင်၏နာမတော်ဖြင့်" ဆိုတဲ့စာသားထည့်သွင်းရိုက်နှိပ်ပေး ရမှာလား"လို့ သူက ဒေါက်တာဆလိုင်လျန်းမုန်ကို မေးထားပါတယ်။ ဒေါက်တာအစား ဖြေပါရစေ။ နှစ်ပေါင်း(၂၀၀၀)ဆိုတာ မွန်နဲ့ ပျူသမိုင်းပါ။ ဒီကမ္ဘာမှာ ဗမာလူမျိုးတစ်မျိုးထဲ အမျိုးကို ချစ်တတ်ကြတာ မဟုတ်ဘူး။ အားလုံးက ခရစ်ယာန်ဘာသာဝင်အဖြစ် ခံယူရအောင် ဒေါက်တာက တိုက်တွန်းမသွားပါဘူး။ ပိုက်ဆံရိုက်တဲ့အခါမှာ In God We Trust လည်း ရိုက်ပေးစရာ မလိုပါ။ တိရစ္ဆာန်ပုံကို ထုတ်ပြီး ဗိုလ်ချုပ်အောင်ဆန်းပုံ ပြန်ထည့်ပေးပါခင်ဗျား။

၎။ "ရှစ်ပြည်ထောင်မူနဲ့ဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကိုတင်ပြမယ်လို့ ဇက်ရဲလက်ရဲပြောလာကြသလို အခုလည်း သတိပေးသလိုလို ခြိမ်းခြောက်သလိုလိုနဲ့ ကျွန်တော်တို့တန်ဖိုးထားတဲ့ အမျိုးသားရေး ဂုဏ်သိက္ခာတွေကို ထိပါး ပြောဆိုလာကြတာတွေ့ရပါတယ်" သူက ရေးပါတယ်။ ရှစ်ပြည်ထောင်မူကို တောင်းဆိုခြင်းမှာ ဗမာပြည်နယ်နဲ့အတူ အေးအတူပူအမျှ နေလိုခြင်းမျှသာ ဖြစ်လို့ ဘယ်သူရဲ့ အမျိုးသားရေးဂုဏ်သိက္ခာကိုမှ မခြိမ်းခြောက်ပါ။ ဗမာပြည်နယ် ဖွဲ့စည်းပါလို့ ပြောမိလို့ ဗမာတွေကို ခြိမ်းခြောက်တယ်လို့ မယူဆစေချင်ပါ။

၅။ "အပေးအယူ အလျှော့အတင်းလုပ်တာ (compromise) တို့ ညှိနှိုင်းတာ (negotiation) တို့ဆိုတာ တစ်ဖက်တည်း တောင်းဆိုချင်တာ တောင်းဆိုတာကို ဆိုလိုတာမဟုတ်ပါ"လို့ သူက ရှင်းပြပါတယ်။ တိုင်းရင်းသားလူမျိုးများဟာ ဗမာလူမျိုးတွေဆီက ကိုယ်ပိုင်ပြဌာန်းခွင့်ကို တောင်းဆိုနေတာ မဟုတ်ဘူး။ ပင်လုံစာချုပ်အရ တောင်းဆိုနေတာ ဖြစ်တယ်။ ဒီစာချုပ်ဟာ ပြည်ထောင်စုကို မွေးဖွားစေခဲ့တဲ့ စာချုပ် ဖြစ်လို့ Compromise လည်း မလုပ်ရဘူး။ Negotiation လည်း လုပ်ထားပြီသားပါ။ အားလုံးကို မောင်ပိုင်စီးထားပြီးမှာ ရော့ပတ္တမြား ရော့နဂါး လာပြောနေလို့ မဖြစ်ဘူး။ ဒါဟာ မတရားရာရောက်တယ်။

၆။ "ချွင်းချက်တချို့ရှိကောင်းရှိပေမဲ့ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် စတဲ့နိုင်ငံတွေမှာလည်း နိုင်ငံအလိုက် အများစုရှိတဲ့ လူမျိုးနဲ့ အဲဒီလူမျိုးကိုးကွယ်တဲ့ ဘာသာတရားက လွှမ်းမိုးကြီးစိုးတာပါပဲ။ ဒါကို မကျေနပ်လို့ လက်နက် ကိုင် ပုန်ကန်တဲ့သူအချို့လည်း အဲဒီနိုင်ငံတချို့မှာရှိပါတယ်။ နို့ပေတဲ့ လက်နက်ကိုင်ပုန်ကန်တိုင်းတော့ သက်ဆိုင်ရာ အစိုးရတွေက ပုန်ကန်တဲ့သူတွေအလိုကျ အကုန်လိုက်လျောတာတော့မဟုတ်ဘူးခင်ဗျ" ဒါက သူ့သဘောထားအမှန်က တဖြည်းဖြည်း ပေါ်လာတယ်။ အပေါ်က compromise နဲ့ negotiation ကို လူအထင်ကြီးအောင် ပြောပြီး ဒီမှာကျတော့ ခင်ဗျားတို့ ကြိုက်သလောက် တောင်းပါ၊ ကျုပ်တို့ ပေးချင်သလောက်ပဲ ပေးမယ်လို့ ဆိုချင်ပုံ ရတယ်။ ဒါက စစ်သားစိတ်ပါပဲ။

၇။ "ဟို ဒေါက်တာ အေးမောင်ဆိုတဲ့ပုဂ္ဂိုလ်ကလည်း နိုင်ငံနာမည်ပါပြောင်းပစ်လိုက်ပါလားဆိုပြီး တလောက ပြောသေးတယ်။ ဗမာ (သို့) မြန်မာဆိုတဲ့ နာမည်ဟာ သူတို့အတွက် အတော်နားခါးနေပုံရပါတယ်။ အခုလည်း အမျိုး၊ ဘာသာ၊ သာသနာဆိုတဲ့ စကားကို အတော်မြင်ပြင်းကပ်နေပုံရပါတယ်" လို့ ဆိုပြန်တယ်။ မြန်မာနဲ့ ပတ်သက်ပြီး အမှတ်(၂)မှာ ဖော်ပြခဲ့ပါပြီ။ ရဲကျော်သူရ ပြောသလို ဒေါက်တာအေးမောင်တို့က အမျိုး၊ ဘာသာ၊ သာသနာဆိုတဲ့ စကားလုံးကို အမြင်ကပ်နေတာ မဟုတ်လောက်ဘူး။ ရခိုင်တို့က ဦးဝီရသူပရိသတ် ဖြစ်နေတယ်ဆိုကတည်းက ဒါ ထင်ရှားနေပြီ။ တိုင်းရင်းသားတွေက ဗမာတွေကို မုန်းတီးနေကြတယ်လို့ စွပ်စွဲရင်းနဲ့ ရှိသမျှ တိုင်းရင်းသားခေါင်းဆောင်တွေကို မှိုချိုးမျှစ်ချိုး ပြောပြောသွားတာ အတော့်ကို စုံနေပြီ။

၈။ "ခင်ဗျားတို့နားခါးလည်း မတတ်နိုင်ပါဘူးခင်ဗျား၊ "ဒီကိစ္စက ကျွန်တော်တို့ဘိုးဘွားတွေကိုပဲ အပြစ်ပြောတော့မယ်။" ဆိုတဲ့ မွန်ခေါင်းဆောင်ကြီး နိုင်ရွှေကျင် ထိုင်းသတင်းထောက်ကို ပြောခဲ့ဖူးတဲ့ စကားလိုပဲ ခင်ဗျားတို့ ဘိုးဘွားတွေ ကိုသာအပြစ်တင်ပါတော့။
ကျွန်တော်တို့ ဘိုးဘေးတွေကတော့ တာဝန်ကျေပါတယ်။ ဒီကနေ့ ခင်ဗျားတို့နားခါးနေတဲ့ မြန်မာဆိုတဲ့နာမည်နဲ့ တိုင်းနိုင်ငံတစ်ခုဖြစ်လာအောင် ကျွန်တော်တို့ နှစ်ပဲတစ်ပြားနဲ့ အလကားရလာတာမဟုတ်ပါဘူး။ သမိုင်း အဆက် ဆက် ကျွန်တော်တို့ ဘိုးဘေးတွေရဲ့ အသက်ပေါင်းများစွာပေးပြီးမှ ဒီနိုင်ငံဖြစ်လာတာပါ။ ခင်ဗျားတို့ ဘိုးဘေးတွေလည်း ဗမာတွေစစ်တိုက်တာကိုငုံ့ခံလာကြတာမဟုတ်ပါဘူး။ အပြန်အလှန်တိုက်ကြတာပါပဲ။ ခင်ဗျားတို့ မနိုင်လို့ ဒီစကားမျိုးတွေပြောတာပါ။ မနိုင်ခဲ့လို့ရမ်းတာပါ။ ခင်ဗျားတို့နိုင်ခဲ့ရင် ဒီစကားမပြောပါဘူး။ ပဒေသ ရာဇ်ခေတ်မှာ အပြန်အလှန် စစ်တိုက်ကြတာခြင်းအတူတူ ဘယ်သူကရက်စက်တယ်ဆိုတာ မရှိပါဘူး။ အနိုင်နဲ့ အရှုံး ပဲ ရှိပါတယ်"လို့ သူက ကောက်ချက်ဆွဲသွားတယ်။ ဒီတစ်ခါ နိုင်ရွှေကျင်ကို အသုံးချသွားတယ်။ မွန်ဘိုးဘွားတွေက ဗမာတွေကို စစ်ရှုံးခဲ့တာ ဟုတ်တယ်။ ဒါပေမဲ့ အဲဒီဘိုးဘွားတွေက မြောင်းမြသား ရဲကျော်သူရနဲ့ ငပုတော်သား သမ္မတသိန်းစိန်တို့ရဲ့ ဘိုးဘွားတွေလည်း ဟုတ်တယ်ဆိုတာ မမေ့ဖို့ လိုတယ်။ ဗမာစစ်တိုက်လို့ မွန်တို့ ငုံ့မခံခဲ့ကြတာကို သူက အပြစ်မြင်သေးတယ်။ စစ်ပွဲဆိုတာ အနိုင်နဲ့ အရှုံးပဲ ရှိလို့ နိုင်အောင် တိုက်ဖို့ပဲ လိုတယ်။ ခင်ဗျားတို့ စစ်ရှုံးလို့ ရမ်းသမ်းပြောနေတောပါလို့ စွပ်စွဲတယ်။ ဒီစိတ်ဓာတ်ဟာ အင်မတန်ကြောက်စရာကောင်းတယ်။ ဒီဗမာတွေက ကုသိုလ်နဲ့အကုသိုလ်ဆိုတာ မယုံတော့ဘူး။ အနိုင်နဲ့အရှုံးပဲ သူတို့စိတ်ထဲ ရှိတော့တယ်။ ဒီလိုဆိုရင် အင်္ဂလိပ်က မြန်မာပြည်ကို ပြန်သိမ်းခဲ့ရင် ရဲကျော်သူရ ဘာပြောမလဲ။ အမေရိကန်က ဗမာပြည်ကို လာသိမ်းခဲ့ရင်ကော ဗမာတွေ ငုံ့ခံကြရမှာလား။ တရုတ်က ဗမာပြည်ကို သိမ်းပြီး တရုတ်လူမျိုး သန်းတစ်ရာလောက် လာချပေးထားရင်ကော ဗမာတို့က ငုံ့ခံနေရမှာလား။ Like လုပ်ပေးတဲ့ လူပေါင်း(၇၀၀)ကျော်ကိုလည်း တစ်ခါထဲနဲ့ မေးလိုက်တော့မယ်။ အင်အားကြီးသူ နိုင်စတမ်းဆိုရင် တိရစ္ဆာန်ဝါဒပဲ ဖြစ်တယ်လို့ ဒီမှာ ပြောချင်တယ်။

၉။ "မြန်မာတွေဟာ တော်တန်ရုံ ပျက်ရယ်ပြု စော်ကားတာကို သည်းခံလေ့ရှိသလို ခြိမ်းခြောက်ရုံနဲ့ ကြောက်တတ်တဲ့ လူမျိုးမဟုတ်ပါဘူး။ အနှစ် ၂၀၀၀ ကျော်စစ်တိုက်လာတဲ့လူမျိုးဟာ စစ်နဲ့ရင်းနှီးကျွမ်းဝင်ပြီးသားပါ။ စစ်တိုက်တယ် ဆိုတာ ဗမာတွေပျော်မွေ့တဲ့အရာတစ်ခုပါ။ သိပ်ထူးဆန်းတဲ့ အရာမဟုတ်ပါဘူး။ ကိုယ့်အခွင့်အရေးကိုယ်တောင်းတာကို လက်ခံပါတယ်။ မရမ်းပါနဲ့၊ မစော်ကားပါနဲ့။ ဘယ်အရာမဆို အတိုင်းအတာ ရှိပါတယ်။ ငြိမ်းချမ်းရေးအပစ်အခတ်ရပ်စဲရေးကို ခက်ခက်ခဲခဲတည်ဆောက်နေရ တဲ့အချိန်မှာ ငြိမ်းချမ်းရေးကို အထောက်အကူဖြစ်စေမယ့် စကားမျိုးကိုသာပြောဆိုသင့်ပါတယ်။ လိုချင်တာမရရင် တိုင်းပြည်ဘာဖြစ်သွားမယ် ညာဖြစ်သွားမယ်လည်း မခြိမ်းခြောက်ပါနဲ့။ ကြောက်လို့ပြောနေတာ မဟုတ်ပါ။ စစ်ဖြစ်တာရော ဆင်းရဲတာရော ဗမာတွေအတွက် ရိုးနေပါပြီ။ ဒီ့ထက်ထူးပြီး ဘယ်လိုဒုက္ခတွေပဲ လာလာ အဆင်သင့်ပါပဲ"လို့ သူက ဆိုပါတယ်။ တိုင်းရင်းသားတွေက ဗမာကို မခြိမ်းခြောက်နဲ့ ပြောပြီး သူက တရုတ်လေသံနဲ့ ထောင်ဂဏန်းအောက်ကို မရောက်ဘူး။ နှစ်ပေါင်း(၂၀၀၀)စစ်ရေးအမြင်နဲ့ တိုင်းရင်းသားတွေကို ခြိမ်းခြောက်သွားပုံမှာ ပညာသားသိပ်မပါဘူး။ အပစ်ရပ်ချင်ရင် စစ်တပ်က မပစ်ပါနဲ့၊ အပစ်ရပ်ပါတယ်။ ဒါကိုတောင် ရဲကျော်သူရဆိုသူက မသိလေရော့သလား။

သူ့ဆောင်းပါးကို ဆက်ဖတ်သွားရင် ဘာသာခြားများကို ပုတ်ခတ်သွားတာကို တွေ့ရမှာ ဖြစ်တယ်။ နောက်ပြီး လူသတ်လို့ ဝမှ သံဝေဂရသလိုလိုနဲ့ ဗုဒ္ဓဘာသာတရားတော်ကို ကောက်နုတ်ဖော်ပြလိုက်တော့ ဗုဒ္ဓဘာသာပါ အချောင်နာမည်ပျက်ရတယ်။ အမေရိကန်ပြည်ထောင်စုဥပဒေကို ဒူရင်းသီးနဲ့ နှိုင်းပြီး သူက ဗမာတို့က ဒူးရင်းသီးနဲ့ မတည့်ပုံကိုလည်း သရုပ်ဖော်သွားပါတယ်။ အဓိပ္ပါယ်ကတော့ ပြည်ထောင်စုစနစ်ကို စစ်တပ်က မလိုလားဘူးလို့ သူက ပြောချင်တာပါ။

နောက်ဆုံး သူက "သမိုင်းဆိုတာ ပုံတူကူးချလို့ ရတဲ့အရာမှ မဟုတ်ာပဲ"လို့ ဆိုသွားပါတယ်။ ဒါပေမဲ့ သမိုင်းကို လိမ်လို့ရလို့ နေဝင်းက တပ်မတော်ရဲ့ ဒုတိယဖခင်ဖြစ်သွားပေါ့ကွ။ မင်းက ပထွေးကို အဖေမှတ်သွားတာပေါ့ဗျ။ မွန်သမိုင်း၊ ပျူသမိုင်း၊ ရခိုင်သမိုင်း၊ ရှမ်းသမိုင်း အစရှိသည်တို့ကို ဖျောက်ဖျက်ပြီး ခင်ဗျားက ဒီဆောင်းပါးမှာ ဗမာသမိုင်းကို နှစ်ပေါင်း(၂၀၀၀)အထိ ဆွဲဆန့်နိုင်ခဲ့တာပေါ့။ ကိုယ့်ရှုးကိုယ်ပတ်တဲ့ လူပါပဲ။

မိမိချေပတဲ့ စာဟာ Like ပေါင်း (၇၀၅)ခုအထိ ရဖို့ မမျှော်လင့်ပါဘူး။ ကျုပ်မှာ လခစားစစ်သားတစ်ယောက်မှ မရှိလို့ပါပဲ။ ဒီမျှပါပဲ။ ခင်ဗျားက မအားသလို ကျုပ်လည်း သိပ်မအားဘူးဗျ။ ကျုပ်လည်း ဘာမှ တတ်တာ မဟုတ်ဘူး။ တီးမိခေါက်မိသလောက် ချရေးတာ ဖြစ်တယ်။ ဘယ်ပါတီ၊ ဘယ်လူမျိုးအတွက်မှ မဲဆွယ်တာမျိုး မလုပ်ပါ။

အရှင်ရာဝိက
၀၄၊ ၀၄၊ ၂၀၁၄
33