Wednesday, November 30, 2016

UNFC အနေနဲ့ အင်အားကို ပြန်စုစည်းသင့်


၁။ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သင့်
အခု NLD အစိုးရနဲ့ မြန်မာလက်နက်ကိုင်တို့ ပူးပေါင်းသွားကြတယ်။ လွှတ်တော်မှာလည်းပဲ အထူးအဆိုအနေနဲ့ တင်သွင်းခဲ့ပြီး ဆွေးနွေးဖို့ လွှတ်တော်က လက်ခံလိုက်ပါတယ်။ ဒါဟာ စစ်ရေးအရမဟုတ်တော့ဘူး၊ နိုင်ငံရေးအရလည်း မြောက်ပိုင်းမဟာမိတ်တွေကို ဖိအားပေးနေခြင်းဖြစ်တယ်။ ဒါကို သိရှိရင် UNFC အနေနဲ့ စစ်ရေးအရနဲ့ နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရမှာ ဖြစ်တယ်။ အဖွဲ့ငယ်များ၊ အဖွဲ့ကြီးများဆိုပြီး မခွဲခြားပေမဲ့ အဖွဲ့အစည်းအားလုံးဟာ မြောက်ပိုင်းမှာ ဖြစ်ပျက်နေတာကို တာဝန်ခံသင့်ပါတယ်။ မြောက်ပိုင်းမဟာမိတ်(၄)ဖွဲ့ကို အထီးကျန်ဆန်စွာနဲ့ ပစ်ထားလို့ မရပါ။ MNDAA, AA, TNLA တို့လည်းပဲ UNFC ကနေ နုတ်ထွက်ဖို့ တင်ခဲ့တဲ့ လျှောက်လွှာကို ပြန်ရုပ်သိမ်းသင့်ပါတယ်။ ဘာဖြစ်လဲဆိုတော့ သူတို့နဲ့အတူ KIA လည်း ဝင်တိုက်ခဲ့ပါပြီ။ အဲ့လိုပဲ AA နဲ့ ANC ဟာ မဖြစ်မနေ ပူးပေါင်းရမှာ ဖြစ်ပြီး UNFC မှာ FUA အနေဖြင့် ရပ်တည်သင့်ပါတယ်။ တကယ်လို့ ပေါ်လစီပိုင်းအရ ပြုပြင်ပြောင်းလဲလိုက်လို့ UWSP က ဝင်လာဖို့ရှိရင် ညှိရမှာပဲ။ WNO နဲ့ ပေါင်းလိုက်ရုံပဲ။
၂။ ထိုးစစ်မရပ်ပါက နိုင်ငံရေးဆွေးနွေးပွဲကို ရပ်ဆိုင်းသင့်
NCCT လက်ထက်တုန်းက မြန်မာလက်နက်ကိုင်များက ထိုးစစ်ဆင်တိုင်း NCA ဆွေးနွေးမှုကို ရပ်တန့်ခြင်းနဲ့ တုံ့ပြန်ခဲ့ပါတယ်။ ဒီတစ်ခါ မြန်မာလက်နက်ကိုင်များက တကယ်လို့ ထိုးစစ်ကို မရပ်တန့်ရင် DPN အနေနဲ့ NPRC နဲ့ ဆွေးနွေးနေခြင်းကို ယာယီဆိုင်းငံ့ထားသင့်ပါတယ်။ မြောက်ပိုင်းမဟာမိတ်တွေကို စစ်ရေးအရ မကူညီနိုင်ခဲ့ရင် မြန်မာလွှတ်တော်က နိုင်ငံရေးအရ မြန်မာလက်နက်ကိုင်များကို အကူအညီပေးနေသလို DPN ကလည်း မြောက်ပိုင်းမဟာမိတ်တွေကို နိုင်ငံရေးအရ အထောက်အကူ ပေးသင့်ပါတယ်။ တပ်ပေါင်းစုအနေနဲ့ ဘုံရပ်တည်ချက်တစ်ခုခု ရှိကိုရှိရပါ့မယ်။ စစ်ရေးမှာ အကြပ်အတည်း ဖြစ်နေလို့ နိုင်ငံရေးအရ ဆွေးနွေးဖို့ အချိန်မပေးနိုင်သေးကြောင်း၊ မိမိတို့အရေးကို လွှတ်တော်မှာ ဆွေးနွေးနေဆဲဖြစ်တာမို့လို့ လွှတ်တော်ရဲ့ သဘောထားကို အခြေခံပြီးမှ တစ်စုံတစ်ရာကို အကြောင်းပြန်မှာ ဖြစ်ကြောင်း NRPC ကို အကြောင်းကြားသင့်ပါတယ်။
၃။ ပြည်တွင်းမှာ မဆွေးနွေးသင့်တော့
DPN အနေနဲ့ UNFC ကို ဦးထိပ်ထားပြီး နိုင်ငံရေးမူဘောင်ကို ပြန်လည်ညှိနှိုင်းနေရတာ ဖြစ်တယ်။ ဒီညှိနှိုင်းမှုကို ဇင်းမယ်မှာပဲ လုပ်သင့်ပါတယ်။ နောက်ပြီး UPDJC ကနေ ပြည်ထောင်စုညီလာခံကို ကျင်းပရတာ ဖြစ်လို့ NLD အစိုးရက လုပ်ပေးသလို မဖြစ်စေသင့်တော့ပါဘူး။ စာတမ်းဖတ်ကြားတဲ့ တိုင်းရင်းသားခေါင်းဆောင်အချို့ကို ဗမာတွေ ပြက်ရယ်ပြုခဲ့ကြတယ်။ ဒီအဖြစ်မျိုးကို နောက် လက်သင့်ခံလို့ မရတော့ပါဘူး။ ဒါကြောင့် ကမ္ဘောဒီယားမှာပဲ ဖြစ်ဖြစ်၊ လာအိုနိုင်ငံမှာပဲဖြစ်ဖြစ်၊ တရုတ်နိုင်ငံမှာပဲဖြစ်ဖြစ် ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် လုပ်သင့်ပါတယ်။ ကြားခံနိုင်ငံရှိရသလို ကြားခံပုဂ္ဂိုလ်လည်း ထားရှိသင့်ပါတယ်။ အခု UNFC နဲ့ မြန်မာလက်နက်ကိုင်များကြား ဆက်ဆံရေးနွေးထွေးမှု သိပ်မရှိတော့လို့ ပြည်တွင်းဝင်ဖို့အတွက် လုံခြုံရေးအရ သိပ်ပြီးတော့ Favor မဖြစ်တော့ပါ။
၄။ အင်အားကို ပြန်စုစည်းလိုက်ပါ
အခု မူတူတို့က ပြည်တွင်းဝင်တော့ ညိုအုန်းမြင့်တို့၊ ရဲမိုးတို့ သွားကန်တော့ကြတယ်။ အမှန်မှာ CNF နဲ့ PNLO တို့ NCA လက်မှတ်ထိုးဖြစ်အောင် အဓိကပံ့ပိုးခဲ့တဲ့ ပုဂ္ဂိုလ်တွေထဲမှာ ဒီပုဂ္ဂိုလ်တွေ ပါဝင်တယ်။ KNU, CNF, ALP, PNLO တို့ ဘာကြောင့် UNFC ကနေ ထွက်သွားကြသလဲ ပြန်စိစစ်ကြပါ။ KNU က ဘာပြောခဲ့လဲဆိုတော့ UNFC ရဲ့ ဖက်ဒရယ်မူဟာ ကရင်အမျိုးသားတို့ရဲ့ Sovereignty ကို ထိခိုက်စေတယ်ဆိုလို့ နုတ်ထွက်ခဲ့တာပါ။ အခု UPDJC မှာ ပါဝင်ပြီး မြန်မာလက်နက်ကိုင်တွေကို ခစားနေရတဲ့အခြေအနေ ဖြစ်တယ်။ ဒါကို သင်ခန်းစာယူတတ်ဖို့ လိုပါတယ်။ မူတူစေးဖိုးတို့ရဲ့ ဒုက္ခနဲ့ စာရင် မြောက်ပိုင်းမှာ စစ်တိုက်နေရခြင်းက ဂုဏ်သိက္ခာရှိပါသေးတယ်။ အခု ဖြစ်နိုင်ရင် CNF, PNLO စတဲ့ အဖွဲ့အစည်းတွေနဲ့လည်း အဆက်အသွယ် မပြတ်သင့်ပါ။ အင်အားကို ပြန်စုစည်းပါ။ တိုင်းရင်းသားအချင်းချင်းညီညွတ်ဖို့အရေးမှာ ဘယ်တော့မှ ဇွဲမလျှော့ကြပါနဲ့။
LikeShow more reactions
Comment