Saturday, November 5, 2016

စိတ္တဇရောဂါ စွဲကပ်နေတဲ့ မြန်မာ့ခေါင်းဆောင်များ



By- U Ravika 
4/11/2016

"ဝ"က သူ့ဟာသူ နေနေတာ။
စစ်တပ်နဲ့ နွှယ်တဲ့ ပုဂ္ဂိုလ်တွေက နေမထိထိုင်မသာ ဖြစ်နေကြရှာတယ်။
အရင်တုန်းက ရှင်စောပုဆိုတဲ့ မွန်ဘုရင်မက ရာမညတိုင်း ဟံသာဝတီနေပြည်တော်ကနေ ဒဂုံဆံတော်ရှင်ကို အစောင့်အရှောက်အနည်းငယ်နဲ့ ဘုရားဖူးသွားလေ့ရှိသတဲ့။
အင်းဝဘုရင်က "အစောင့်အရှောက်နည်းနည်းနဲ့ ဘုရားဖူးသွားခြင်းမှာ ငါ့ကိုယ်တော်မြတ်ကို မထီမဲ့မြင် ပြုရာရောက်တယ်မလား မောင်မင်းတို့"ဆိုတော့ ငပေါတွေက "မှန်ကြောင်းပါဘုရား"သံတော်ဦးတင်လိုက်ကြတယ်။ ဒီတော့ ဗဂိုးရိုးမကို မှောင်ရိပ်ခိုပြီး ရှင်စောပုကို အင်းဝဖမ်းခေါ်သွားခဲ့သတဲ့။
ဒီမှာ ပြောလိုတာက မြန်မာခေါင်းဆောင်တွေဟာ စိတ္တဇတစ်မျိုးများ စွဲကပ်နေသလားလို့ပါ။ ကိုယ်နဲ့မဆိုင်တဲ့ကိစ္စမှာ ကိုယ်နဲ့ဆိုင်သလိုလို၊ ကိုယ့်ပစ္စည်းမဟုတ်တာကို ကိုယ်နဲ့ဆိုင်သလိုလို၊ ဓားပြတိုက်လို့ ရတဲ့ နယ်မြေတွေကို မရှက်မကြောက် မြန်မာပိုင်လိုလို လုပ်ပစ်တတ်ကြပါတယ်။
အခုလည်း "ဝ" တွေက သူ့နယ်မြေနဲ့သူ နေနေတာပါ။ တရုတ်နိုင်ငံနဲ့ နယ်စပ်ချင်းထိစပ်နေတော့ တရုတ်တွေနဲ့ သင့်တင့်အောင် ပေါင်းရမှာပဲ။ တရုတ်ငွေကို မကိုင်ရင်လည်း ဖြစ်နိုင်တဲ့ဒေသမှ မဟုတ်တာပဲ။ တရုတ်လုပ်ပစ္စည်းတွေကို ဝယ်ယူသုံးစွဲရတာကလည်း ဓမ္မတာပါပဲ။ တရုတ်ဘာသာကို ကျွမ်းကျင်မှလည်း ကုန်သွယ်ရေးမှာ ပိုအဆင်ပြေတော့မပေါ့။ ပြည်မက ဗမာတွေတောင်မှ တရုတ်စာနဲ့စကားကို ပိုက်ဆံပေးသင်ယူနေကြရတဲ့အချိန်မလား။
ဒီတော့ "ဝ " တွေကို ပြည်မက စစ်တပ်၊ စစ်ခွေး၊ စစ်တပ်ဘက်ပါတဲ့ ဒီမိုအချို့ဟာ မနာလိုဝန်တိုနေကြပါတယ်။ တရုတ်ကို ကပ်ပြီး အသက်ဆက်ဖူးတဲ့ သူတို့အဖြစ်ကို မေ့ကုန်ကြတယ်။ အရင်က စစ်တပ်ဟာ တရုတ်နဲ့ကိုးကန့်တွေကို အထူးအခွင့်အရေး ပေးခဲ့ကြတယ်။ မှတ်ပုံတင်တွေကိုလည်း ထုတ်ပေးခဲ့ကြတယ်။ မန္တလေးမြို့ရဲ့ အချက်အချာနေရာတွေကို တရုတ်လက်ထဲ ထိုးအပ်ခဲ့ကြတယ်။ သယံဇာတတွေနဲ့ ပတ်သက်ပြီးတော့လည်း တရုတ်ကို ဈေးချိုချိုနဲ့ ရောင်းခဲ့ကြတယ်။ တရုတ်စီမံကိန်းမှာဆိုရင် တိုင်းရင်းသားတွေအပေါ် ဆရာကြီးလုပ်နေတဲ့ ဗမာတွေက ကျေးကျွန်သဖွယ် အောက်ကျို့ခဲ့ရပါတယ်။
ဝတွေက ဒီလိုမျိုး မဟုတ်ဘူး။
သူတို့က တရုတ်အစိုးရနဲ့ တည်တည်ငြိမ်ငြိမ် ဆက်ဆံနိုင်ကြတယ်။
ကုန်ဖလှယ်တဲ့နေရာမှာလည်းပဲ ပစ္စည်းမှန်ဈေးမှန်ပဲ။
စိတ်ရင်းစေတနာမှန်နဲ့မို့ ဝနဲ့တရုတ်တွေဟာ အင်မတန်မှ အဆင်ပြေကြပါတယ်။
ဒါကို ပြည်မအစိုးရက မနာလိုမရှုစိမ့်ပါ။
ဗမာတွေရဲ့ လက်အောက်ကို မရောက်ရှိသေးလို့ နေမထိထိုင်မသာ ဖြစ်နေကြတာကို တွေ့မြင်နေရတယ်။
ဗမာအစိုးရနဲ့ ဗမာ့တပ်မတော်တို့ဟာ ဒီစိတ်ထားကို မပြင်နိုင်ခဲ့ရင် အနှေးနဲ့အမြန် လူမျိုးပေါင်းစုံရဲ့ တိုက်ခိုက်ခြင်းကို ခံရနိုင်ပါတယ်။