Sunday, November 27, 2016

ပြည်ထောင်စုလို့ ပြောရင်

 U Ravika's photo.
U Ravika a
ပြည်ထောင်စုလို့ ပြောရင်
ပြည်ထောင်စုလို့ ပြောရင် စစ်မှန်တဲ့ ပြည်ထောင်စု ဖြစ်ရမယ်။
စစ်မှန်တဲ့ ပြည်ထောင်စုဆိုတာ နေရာတကာမှာ ဗဟိုအစိုးရက ဝင်စွက်ဖက်နေလို့ မရပါ။
လက်နက်ကိုင်များဆိုရင် ဝေးစွ။
ပြည်နယ်နယ်နိမိတ်ရှိရမယ်။ အဲ့ပြည်နယ်နယ်နမိတ်ထဲမှာ လိုအပ်တဲ့အရည်အချင်းနဲ့ လုံလောက်တဲ့ လူဦးရေရှိပါက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိုလည်း ပေးရမယ်။ တကယ်လို့ ပြည်နယ်တစ်ခုက ထုထည်ကြီးမားပြီး ပြည်နယ်ငယ်များနဲ့ ဖွဲ့စည်းဖို့ လိုအပ်ရင်လည်း ဖွဲ့စည်းခွင့် ရှိရမှာ ဖြစ်တယ်။
ဗဟိုအစိုးရအာဏာနဲ့ ပြည်နယ်အစိုးရများရဲ့ အာဏာဟာ မျှတနေရမယ်။
ဗဟိုအစိုးရမှာ လုံးဝအာဏာရှိပြီး ပြည်နယ်မှာ လုံးဝနီးပါး အာဏာမရှိတဲ့ အခုလိုမျိုးဖွဲ့စည်းပုံမဟုတ်ဘူး။ ဦးနုခေတ်ကလို ဗဟိုအစိုးရမှာ အာဏာများပြီး ပြည်နယ်မှာ အာဏာသိပ်နည်းနေရင်လည်း ပြည်ထောင်စုမဟုတ်ဘူး။ တကယ်လို့ အဲ့ဗဟိုအစိုးရကို လူမျိုးတစ်မျိုး၊ စစ်တပ်တစ်တပ်က အာဏာသိမ်းထားခဲ့ရင်လည်း ဒါဟာ တပြည်ထောင်စနစ်သာ ဖြစ်တယ်။
မိမိတို့တိုင်းရင်းသားတွေ တောင်းဆိုနေတာဟာ ပြည်နယ်အားလုံးရဲ့ လုံးဝသီးခြားလွတ်လပ်ရေးမဟုတ်ပါ။ ဗဟိုအစိုးရမှာ အာဏာနည်းနည်းပဲ ထားပြီး ပြည်နယ်အစိုးရတွေက ဗဟိုအစိုးရကို ဗီလိန်လုပ်နိုင်တဲ့ အခွင့်အရေးမျိုးလည်း မဟုတ်ပါ။
၁။ ကိုယ့်ပြည်နယ်မှာ ကိုယ်ပိုင်ပြဌာန်းခွင့် ရှိချင်တယ်။
၂။ ပြည်နယ်စောင့်တပ် ထားရှိချင်တယ်။
၃။ ဗဟိုအစိုးရမှာ လွှဲအပ်ထားတဲ့ အာဏာမှတစ်ပါး ကြွင်းကျန်တဲ့ အာဏာများကို လွတ်လွတ်လပ်လုပ် ကျင့်သုံးချင်တယ်။
ဒီလောက်ပါပဲ။ ဗဟိုအစိုးရမှာလည်း မျှတတယ်။ ပြည်နယ်အစိုးရတွေမှာလည်း မျှတတယ်။ ဗဟိုအစိုးရက ပြည်နယ်တွေကို ညီတူညီမျှ အာဏာပေးသနားထားတာကို ပြောတာမဟုတ်ဘူး။ ပြည်နယ်အစိုးရတွေနဲ့ ဗဟိုအစိုးရကြားမှာ မျှတတဲ့ အာဏာခွဲဝေမှု လိုအပ်တယ်လို့ ပြောလိုတာ ဖြစ်တယ်။ ဒါဟာ ဗမာကိုလည်း မနာစေပါဘူး။ အခြားလူမျိုးတွေလည်း မနာပါဘူး။ ဘယ်သူ့ကိုမှ မနစ်နာစေတဲ့ အာဏာခွဲဝေနည်းပါ။ ဒီနည်းကို ဖက်ဒရယ်နည်းလို့ ခေါ်ပါတယ်။
ဒါကြောင့် -
၁။ ဗမာပြည်နယ်ကို ဖွဲ့စည်းပါ။
၂။ ပြည်ထောင်စုအသိုက်အဝန်းမှာ နေပါ။
၃။ သူတစ်ပါးထက် ပိုမယူပါနဲ့။ မျှတတဲ့စိတ်ကို မွေးမြူပါ။
၎။ ပြည်ထောင်စုကနေ မခွဲထွက်ပါနဲ့။ အေးအတူပူအမျှ အတူတကွ နေထိုင်ကြတာပေါ့။
ဒီလောက်ပါပဲ။ မပင်ပန်းပါဘူး။ အချင်းချင်း စစ်ခင်းစရာလည်း အကြောင်းမရှိပါဘူး။ ပဋိပက္ခဖြစ်ပွားစရာလည်း မရှိပါဘူး။ အမုန်းပွားစရာလည်း မရှိတော့ပါဘူး။ ကိုယ့်ပြည်နယ်နဲ့ကိုယ် နှစ်ပရိစ္ဆေဒနှစ်ပေါင်းများစွာ ပြည်ထောင်စုတစ်ခုမှာ အတူနေရင်းနဲ့ တူညီမှုတွေ စုဖွဲ့လာတဲ့အခါကျမှ ဒါဟာ " ပြည်ထောင်စုအမွေအနှစ်" ဖြစ်တယ်လို့ နောင်လာနောင်သားတွေ အလိုအလျောက် လက်ခံလာကြတာကိုပဲ အကောင်အထည်ဖော်သင့်ပါတယ်။