၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့က KIA/MNDAA/TNLA/AA
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၄ ဖွဲ့ ပါဝင်သည့် မြောက်ပိုင်းမဟာမိတ်တပ်
ပေါင်းစု ကရှမ်းပြည်မြောက်ပိုင်း နေရာတော်တော်များများတွင် စစ်ဆင်ရေး
တရပ်ပြု လုပ်ခဲ့သည်။ ၎င်းတို့ပြု လုပ်သည့် စစ်ဆင်ရေးနယ်မြေတွင် တရုတ်
မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွင် အချက်အခြာကျသည့် မူစယ်
၁၀၅ နယ်စပ်ကုန်သွယ်ရေးဇုံပါဝင်ပြီး အဆိုပါ ကုန်သွယ်ရေးလမ်းကြောင်း
လည်း ယာယီပိတ်ဆို့သွားပေရာ ပြည်တွင်းရော ပြည်ပမှပါ အထူးအာရုံစိုက်
မိသွားခဲ့ပေတော့သည်။

တကယ်တော့ အဆိုပါဒေသစစ်မြေပြင်ဖြစ်နေသည်မှာ ယခုမှမဟုတ်ပေ။
ဗမာပြည်လွတ်လပ်ရေး မရှေးမနှောင်းကာလကပင် စစ်မြေပြင်ဖြစ်နေသည့်
ဒေသဖြစ်သည်။ ယေဘူယျအားဖြင့် ထိုဒေသအားပုံဖေါ်ပြရလျင် လားရှိုး
သိန္နီ ကွတ်ခိုင် နန့်ဖတ်ကာ မူဆယ် နမ့်ခမ်း ကားလမ်း၏ မြောက်ဖက် အရှေ့ဖက် နှင့် အနောက်ဖက် တောင်ဖက်ခြမ်းဖြစ်သည်။

ဒေသ ၁။ လားရှိုး သိန္နီကားလမ်း သိန္နီ ကွန်လုံ ကားလမ်း နှင့် သံလွင်မြစ် ကြားရှိ မုန်းကျက် မုန်းယော်ဒေသ
ဒေသ ၂။ ကွန်လုံ ဟိုပန် ပန်လုံ ဒေသ
ဒေသ ၃။ ကွန်လုံ မြောက်ဘက် ချင်းရွှေဟော် လောက်ကိုင် ကိုးကန့်ဒေသ ( သံလွင်မြစ်နှင့် တရုတ်မြန်မာနယ်စပ်ကြား )
ဒေသ ၄။ ကွန်းလုံ သိန္နီ ကွတ်ခိုင် နန့်ဖတ်ကာ မူဆယ် ကားလမ်းနှင့် မြောက်ဖက်တရုတ်မြန်မာနယ်စပ် အရှေ့ဖက် သံလွင်မြစ်ကြား ( ကြူ ကုတ်
ပန်ဆိုင်း မုန်းပေါ်ဒေသ၊ မုန်းကိုး ဖေါင်းဆိုင်ဒေသ၊ မုန်းယား မုန်းဟောင်
ဒေသ၊ တာမိုးညဲဒေသ၊ မုန်းစီး နားလယ်ဒေသ )

ဒေသ ၅။ မြောက်ဖက် သိန္နီ ကွတ်ခိုင် နန့်ဖတ်ကာ မူဆယ် နမ့်ခမ်းကားလမ်း နှင့် တောင်ဖက် သီပေါ ကျောက်မဲ မိုးမိတ် အနောက်ဖက် ရွှေလီမြစ်ကြား
( နမ့်ဆမ် မန်တုန် ဒေသ ရွှေလီချိုင့်ဝှမ်းဂွင် )

ဟူ၍ လွယ်ကူစွာရှင်းလင်းကြည့်မြင်နိုင်ရန်အတွက် အကြမ်းပြင်း အားဖြင့် ဒေသ ၅ ခုအဖြစ်ပိုင်းခြားကြည့်မြင်နိုင်ပါသည်။
ဒေသအလိုက် တိုင်းရင်းသား လူမျိုးစုဖွဲ့မှု
ရှမ်းမြောက်ဒေသ တခုလုံးတွင် ရှမ်း ကချင် တအန်းပလောင် ကိုးကန့်
တရုတ်နှင့် အခြားတိုင်းရင်းသားအချို့ အပြင် တရုတ်ရွာအချို့လည်းရှိသည်။
ဒေသ ၁ တွင် ရှမ်း ကချင် တအန်းပလောင်နှင့် တရုတ်ရွာများရှိသည်။ လူဦး
ရေမထူးထပ်လှပေ။ ဒေသ ၂ တွင် ဝ လူမျိုးများ နှင့် ရှမ်းရွာရှိသည်။ လက် ဝ
ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသတွင်ပါသည်။ ဒေသ ၃ တွင် ကိုးကန့်တရုတ်အများ
စုဖြစ်ပြီး တအန်းပလောင်ရွာအချို့ လည်းရှိသည်။ လက်ရှိ ကိုးကန့်ကိုယ်ပိုင်
အုပ်ချု ပ်ရေးဒေသဖြစ်သည်။ ဒေသ ၄ ၌ ရှမ်း ကချင် တအန်းပလောင် တို့အပြင် တာမိုးညဲတဝိုက်နှင့် မုန်းစီးနားလယ် အရှေ့ သံလွင်မြစ်ဘေးတွင်
တရုတ်နှင့် ကိုးကန့်တရုတ်ရွာအနဲငယ်ရှိသည်။ ရှမ်းမြောက်ပိုင်းသည် မူလက
သိန္နီစော်ဘွားအုပ်ချုပ်ရေးနယ်ထဲတွင်ရှိသည်။ ဒေသ ၄ အတွင်း နယ်အလိုက်
အုပ်ချုပ်သူများမှာ ကချင်ဒူဝါများဖြစ်သည်။ ဒေသ ၅ အတွင်း နန့်ဆမ် မန်တုန်
နှင့် ငါးတောင် ကိုးတောင်နယ်တို့ပါဝင်သည်။ နမ့်ဆမ် မန်တုန်နယ်သည် မူလ
က နမ်ဆမ်တောင်ပိုင်စော်ဘွား၏နယ်ဖြစ်ပြီး လက်ရှိ ပလောင်ကိုယ်ပိုင်အုပ်
ချုပ်ရေးဒေသဖြစ်သည်။ ငါးတောင် ကိုးတောင်ဒေသကတော့ မူလ ကချင်
ဒူဝါများ အုပ်ချုပ်သည်။

ထိုဒေသတခုလုံးအရ သိန္နီ မူဆယ် နမ့်ခမ်းမြို့ များနှင့် သိန္နီကွင်း
မူဆယ် နမ့်ခမ်း ကြူ ကုတ်ပန်ဆိုင်းကြား တောင်ပေါ်မြေပြန့်များနှင့် ရှမ်း
မြောက်တခုလုံးရှိ တောင်ကြားမြေပြန့်များတွင် ရှမ်းရွာများရှိသည်။ တောင်
တန်းများတွင် တအန်းပလောင် ကချင် တို့နေထိုင်ကြသည်။ ကိုးကန့်တရုတ် ရွာများကတော့ ကိုးကန့်ဒေသနှင့် သံလွင်မြစ်အနောက်ဖက်ကမ်းတဝိုက်တွင်
ရှိသည်။

လက်နက်ကိုင်ပုန်ကန်တိုက်ခိုက်မှု များဖြစ်စဉ်အကျ ဉ်း
ထိုဒေသတွင် ပထမဆုံးလက်နက်ကိုင်ပုန်ကန်မှု သယ်ဆောင်လာသူ
မှာ ဖဆပလ အစိုးရလက်ထက် ၁၉၄၉ ခုနှစ်တွင် အစိုးရစစ်တပ်မှ ပုန်ကန်ခဲ့
ဗိုလ်ကြီးလဖိုင်နော်ဆိုင်းနှင့်အဖွဲ့ဖြစ်သည်။ ဗိုလ်နော်ဆိုင်းနှင့်အဖွဲ့သည် မေမြို့
ခေါ် ပြင်ဦးလွင်အားသိမ်းပိုက်ပြီး ရှမ်းပြည်မြောက်ပိုင်းသို့ ချီ တက်ခဲ့ပြီး
နမ့်ခမ်းအား သိမ်းပိုက်ခဲ့သည်။ ဗိုလ်နော်ဆိုင်းနှင့်အဖွဲ့သည် ၁၉၅၀ ခုနှစ်တွင်
တရုတ်ပြည်သို့ ဝင်ရောက်ပြီး နိုင်ငံရေးခိုလှုံခွင့်တောင်းခံခဲ့သည်။ အဆိုပါ ဗိုလ်နော်ဆိုင်း၏အဖွဲ့နှင့်ပူးပေါင်းရန် မိုးမိတ်အထက်ဖက်ရှိ လွယ်ရဒူဝါ လ
ထော်ခွန်ထွန်းဦးစီး အင်အား ၁၀၀ ခန့် ပုန်ကန်ခဲ့ကြသေးသော်လည်း ဗိုလ်
နော်ဆိုင်းအဖွဲ့နှင့်မပူးပေါင်နိုင်ဘဲ ဖြို ခွဲခံခဲ့ရသည်။ ဤလှု ပ်ရှားမှု သည် ရှမ်း
ပြည်မြောက်ပိုင်းတွင် ပထမဆုံး လက်နက်ကိုင်ပုန်ကန် လှုပ်ရှားမှု ဖြစ်ခဲ့
သည်။ အထက်ဖေါ်ပြပါ ဒေသ ၅ အတွင်းဖြစ်ခဲ့သည်။

ရှမ်းမြောက်တွင်း ဒုတိယ လက်နက်ကိုင်ပုန်ကန်မှု မှာ ဒေသ ၃ ဖြစ်
သည့် ကိုးကန့်ဒေသတွင်ဖြစ်သည်။ ၁၉၅၉ ခုနှစ် စော်ဘွားများ အာဏာစွန့်
သည့်အချိန်တွင် ကိုးကန့်စော်ဘွား၏ ကာကွယ်ရေးတပ်ခေါင်းဆောင် ဖုန်ကြားစင်း ဖုန်ကြားဖူးတို့မှ ပုန်ကန်ခဲ့ကြသည်။ ပုန်ကန်အစောပိုင်းတွင်
ကိုးကန့်စောဘွား ဂျ င်မီယန်မှ ပူးပေါင်းခဲ့သောလည်း ၁၉၆၇ ခုနှစ်တွင်
ဂျင်မီယန်သည် အစိုးရထံ အလင်းဝင်ခဲ့သည်။ ဖုန်ကြားစင်းညီအကိုကမူ
လက်နက်မချ ဘဲ တရုတ်နယ်စပ်ကပ်၍ အရှေ့မြောက် ဗကပ နှင့် ပူးပေါင်း ခဲ့သည်။ ဖုန်ကြားစင်းခေါင်းဆောင်သည့် ကိုးကန့်အဖွဲ့သည်လက်ရှိအချိန်ထိ အစိုးရအား ပုန်ကန်တိုက်ခိုက်နေဆဲအဖွဲ့ဖြစ်သည်။

ရှမ်းမြောက်ဒေသတွင် တတိယ ပုန်ကန်မှု သည် ဒေသ ၅ အတွင်း
ဖြစ်ပွါးသည်။ ၁၉၅၈ ခုနှစ်တွင်စတင်ခဲ့သည့် ရှမ်းတို့၏ နွမ်စစ်ဟန်လှု ပ်ရှား
မှအစပြု၍ ၁၉၆၀ တွင် ဒေသ ၅ အတွင်းရှိ နမ့်ဆမ်တဝိုက်နှင့် နမ့်ခမ်းတဝိုက် တွင် ပလောင်တပ်ရင်း ၅ နှင့် တပ်ရင်း ၆ ဟူ၍ ပေါ်ပေါက်ခဲ့သည်။ထိုတပ်များ သည် နောင်တွင် ပလောင်လက်နက်ကိုင်တပ်ဖွဲ့ PSLO/PSLA ဖြစ်လာခဲ့ သည်။ ၂၀၀၅ ခုနှစ် PSLO/PSLA လက်နက်စွန့်ရပြီးနောက် ၂၀၀၇ နောက်
ပိုင်း တအန်းပလောင်လက်နက်ကိုင်ဖွဲ့စည်းနိုင်ရေး ပြန်လည်လှု ပ်ရှားခဲ့ကြ
ပြီး ၂၀၁၁ နှစ်ကုန်ပိုင်းမှစ၍ PSLF/TNLA ကို ဖွဲ့စည်းနိုင်ပြီး ယနေ့တိုင် လှု ပ်
ရှားခဲ့သည်။ TNLA သည် နောက်ပိုင်းတွင် KIA/MNDAA တို့နှင့်ပါ မဟာမိတ်
ဖွဲ့ခဲ့ပြီး ဒေသ ၃ နှင့် ဒေသ ၄ အတွင်း၌ပါ လှု ပ်ရှားခဲ့သည်။

ထို့အတူ နွမ်စစ်ဟန် အတူပေါ်ပေါက်လာသော ရှမ်းတိုင်းရင်းသား
လက်နက်ကိုင်တပ်ဖွဲ့ SSA သည်လည်း သိန္နီဒေသ မူဆယ် နမ့်ခမ်းဒေသ
မိုးမိတ်အထက် ကွန်ခါဒေသတို့တွင် လှုပ်ရှားခဲ့သည်။ ဖြစ်စဉ်တလျောက်တွင် အင်အားနဲသွားခြင်း အင်အားကောင်းလာခြင်းများရှိသော်လည်း လှု ပ်ရှားမှု ကားမပြတ်ခဲ့ပေ။

၁၉၆၁ ခုနှစ် သိန္နီကွင်းအတွင်း အစပြု၍ KIA အဖွဲ့အစည်းပေါ်လာ
သည်။ KIA သည် ဒေသ ၄ အတွင်းရှိ မုန်းစီး မုန်းထန်ဒေသ မုန်းကိုး ဖေါင်း
ဆိုင်ဒေသ မုန်းယား မုန်းဟောင်ဒေသ မုန်းပေါ်ကြီးဒေသ တို့အပြင် ဒေသ ၅
အတွင်းရှိ မိုးမိတ်အထက်ပိုင်း ကိုးတောင်ဒေသတို့တွင် လှု ပ်ရှားစုဖွဲ့သည်။
၁၉၆၈ ခုနှစ် မုန်းကိုးဒေသသို့ အရှေ့မြောက် ဗကပ ဝင်ရောက်လာပြီးနောက် ထိုဒေသအချို့မှ KIA တို့ နောက်ဆုတ်ပေးလိုက်ရသော်လည်း ၁၉၈၉ အရှေ့
မြောက် ဗကပ ပြို ကွဲပြီးနောက် တဖြေးဖြေး ပြန်လည်ထိုးဖေါက် နေရာ ယူနိုင်ခဲ့သည်ကို တွေ့ရသည်။

၁၉၆၈ ခုနှစ် အရှေ့မြောက် CPB (ဗကပ) တို့ ဒေသ ၄ အတွင်းသို့ မုန်းကိုးမှစတင်ဝင်ရောက်လာပြီး ဒေသ ၄ အတွင်းရှိ မုန်းကိုးဖေါင်းဆိုင်
ဒေသ မုန်းပေါ်ကြီး ကြူ ကုန်ပန်ဆိုင်းဒေသ မုန်းယား မုန်းဟောင်းဒေသ ဒေသ ၃ ရှိ ကိုးကန့်ဒေသ တို့ကို ထိမ်းချုပ်နိုင်ခဲ့သည်။ ထို့ပြင် ဒေသ ၅ အတွင်းရှိ ရွှေလီချိုင့်ဝှမ်းဂွင် အတွင်းသို့ လည်းဝင်ရောက်လှု ပ်ရှားနိုင်ခဲ့သည်။ ၁၉၈၉ ခုနှစ် အရှေ့မြောက် ဗကပ ပြိုကွဲပြီးနောက် မူလ CPB ချုပ်ကိုင်သည့် ဒေသ ၃ နှင့် ဒေသ ၄ အတွင်းအား ကိုးကန့်အဖွဲ့ MNDAA မှထိမ်းချုပ်လှု ပ် ရှားခဲ့ပြီး ဒေသ ၅ အတွင်းရှိ ရွှေလီချိုင့်ဝှမ်းဂွင်၌ PSLO နှင့် KIA တို့မှ ထိမ်း
ချုပ်လှု ပ်ရှားခဲ့သည်။ ၁၉၉၅ ခုနှစ်နောက်ပိုင်း MNDAA ကိုးကန့်အဖွဲ့သည် ဒေသ ၃ ရှိ ကိုးကန့်ဒေသကိုသာ ထိမ်းချုပ်နိုင်ခဲ့ပြီး ဒေသ ၄ အတွင်းရှိ မုန်းကိုး ဖေါင်းဆိုင်ဒေသ မုန်းယားမုန်းဟောင်ဒေသတို့အား မုန်ဆာလ၏ MDA မုန်းကိုးကာကွယ်ရေးတပ်ဖွဲ့က ပြန်လည်ချုပ်ကိုင်ခဲ့သည်။ ၂၀၀၀ ခုနှစ် မုန်ဆာလအဖွဲ့ပြို ကွဲပြီးနောက် တပ်မတော်က ထိုဒေသအား ပြန်လည်နေရာ ယူထားနိုင်ခဲ့သော်လည်း KIA တပ်ဖွဲ့များက ပြောက်ကျားပုံစံဖြင့် ပြန်လည် စည်းရုံးနေရာယူထားနိုင်ခဲ့သကဲ့သို့ ၂၀၁၃ ခန့်မှစ၍ MNDAA ကိုးကန့်အဖွဲ့က
ပြန်လည်ထိုးဖေါက်နေရာယူလာခဲ့သည်။

၁၉၆၈ ခုနှစ်တွင်ပေါ်ထွက်လာည့် အရှေ့မြောက် ဗကပအား ရင်ဆိုင်ရန် ဖွဲ့စည်း ထားခဲ့သည့်ခွန်ဆာဦးစီးလွယ်မော်ကာကွယ်ရေးအဖွဲ့သည် နောက်ဆုံး အစိုးရအား ပုန်ကန်ပြီးနောက် ဒေသ ၁ အဖြစ်ဖေါ်ပြထားသည့် မုန်းကျက် မုန်းရော် ဒေသတွင် အခြေစိုက်ခဲ့သည်။ ခွန်ဆာအဖွဲ့လက်နက်ချ ပြီးနောက်၎င်းအဖွဲ့မှ ဘိုမွန်ခေါင်းဆောင်သည့်အဖွဲ့သည် ပသစအဖြစ် ထိုဒေသတွင် ယခု အခြေစိုက်လှု ပ်ရှားနေသည်။ ထို့ပြင် ထိုဒေသသည် မြောက်ပိုင်းမှ တောင်ပိုင်း ထိုင်းနယ်စပ်သို့ ဆင်းသည့် လမ်းကြောင်းပေါ်တွင် ရှိသည်ဖြစ်ရာ လက်နက်ကိုင်တပ်ဖွဲ့တပ်ဖွဲ့တိုင်းလိုလို ဖြတ်သန်းသွားလာ
လှု ပ်ရှားလေ့ရှိသည့်ဒေသဖြစ်သည်။
လှု ပ်ရှားလေ့ရှိသည့်ဒေသဖြစ်သည်။
ဒေသ ၂ အဖြစ်ဖေါ်ပြထားသည့် ကွန်လုံ ဟိုပန် ပန်လုံဒေသတွင်
၁၉၇၀ ခုနှစ်နောက်ပိုင်း ကိုးကန့်ဒေသ ဝ ဒေသတွင် အရှေ့မြောက် ဗကပတို့အင်အားကောင်းလာပြီးနောက် စစ်ရေးအရ လှုပ်ရှားခဲ့သည်။ တိုက်ပွဲများဖေါ်ခဲ့သည်။

ထို့ကြောင့်လည်း ထိုရှမ်းမြောက်ဒေသတွင် ယနေ့တိုင် တိုင်းရင်းသား
လက်နက်ကိုင်အဖွဲ့များ အခြေစိုက်လှု ပ်ရှားခဲ့ပြီး တိုက်ပွဲကြီးငယ်များစွာ ဖြစ်
ပွါးခဲ့သည့်ဒေသ ဖြစ်ခဲ့သည်။ ကွန်လုံ ဟိုက်ကဘားတိုက်ပွဲ ပန်ကော်ချူးရွှေ
တိုက်ပွဲ စီစီဝမ်တာပန်တိုက်ပွဲကဲ့သို့ လနှင့်ချီ ၍ တိုက်ရသော တိုက်ပွဲများ
ထိုဒေသ၌ ဖြစ်ပွါးခဲ့သည်။ ကွတ်ခိုင် မူဆယ်ကားလမ်းပေါ်တွင် တပ်မ ၉၉
ဒုတပ်မမှူး ဗိုလ်မှူးကြီးသူရညွန့်တင်သည် ၁၉၇၅ ခုနှစ်တွင်၎င်း သိန္နီ ကွန်လုံ
ကာလမ်းပေါ်တွင် တပ်မ ၆၆ ဗျူ ဟာမှူး ဗိုလ်မှူးကြီးသူရကျော်ကျော်ချိုသည်
၁၉၈၅ ခုနှစ်တွင်၎င်း စသည့် တပ်မတော်အရာရှိကြီးများ ကျဆုံးသည့် တိုက်
ပွဲများဖြစ်ခဲ့ပွါးခဲ့သည်။

ယခင်နှင့်ယခု နှစ်ဖက်စစ်အင်အားအခြေအနေ
၁၉၈၉ ခုနှစ် ဗကပ မပြို ကွဲခင်ထိ စစ်အင်အားအခြေအနေမှာ
မုန်းကိုးဒေသ ကိုးကန့်ဒေသရှိ ဗကပအင်အား ၃၀၀၀ ခန့် PSLO/PSLA
ပလောင်တပ်ဖွဲ့ အင်အား ၅၀၀ ခန့် KIA တပ်မဟာ ၄ အင်အား ၅၀၀ မှ ၈၀၀
ခန့် စုစုပေါင်း အင်အား ၄၀၀၀ ကျော်ခန့်ရှိသည်။ ထို့ပြင် သိန္နီအနီးနှင့် မိုးမိတ်
ကွန်ခါဒေသတွင် လှု ပ်ရှားသည့် SSPP/SSA အင်အားအချို့ရှိသည်။

၁၉၈၉ ခုနှစ် အရှေ့မြောက် ဗကပ ပြို ကွဲသည်နှင့်အတူ KIA တပ်မဟာ ၄ မှ ဗိုလ်မှူးမထုနော်နှင့်အင်အားအချို့ ခွဲထွက်ပြီးနောက် ရှမ်း
မြောက်ရှိ လက်နက်ကိုင်အင်အားများ ကျဆင်းသွားခဲ့သော်လည်း ၂၀၁၀
နောက်ပိုင်းမှစ၍ တစတစပြန်လည်၍ အင်အားတိုးတက်လာသည်ကို တွေ့ရ
သည်။ လက်ရှိအချိန် ရှမ်းမြောက်ရှိ တိုင်းရင်းသားလက်နက်ကိုင်အင်အား
များမှ ခန့်မှန်းချေအရ အောက်ပါအတိုင်းရှိမည်ဟု ယူဆရသည်။

၁။ KIA တပ်မဟာ ၄ / တပ်မဟာ ၆ အင်အား ၁၅၀၀ ခန့်
၂။ MNDAA တပ်မဟာ၂၁၁/၃၁၁/၅၁၁ အင်အား ၂၀၀၀ ခန့်
၃။ TNLA တပ်မဟာ ၁/၂/၃/၅ နှင့်ဗျူ ဟာ ၂ ခုခန့် အင်အား ၆၀၀၀ ကျော်ခန့်
၎။ AA တပ်ရင်း ၂ ရင်းခန့် အင်အား ၅၀၀ ခန့် ( AA မှာ ရခိုင်တိုင်းရင်းသား
လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော်လည်း မြောက်ပိုင်းရှိ မဟာမိတ်များနှင့်
ပူးပေါင်း၍ နယ်စပ်တွင် တပ်ဖွဲ့ပြီး ရခိုင်သို့ ပြန်လည်ထိုးဖေါက်ရန် ကြိုး
စားနေသောအဖွဲ့ဖြစ်သည် )
၅။ မြောက်ပိုင်းနယ်မြေအချို့တွင် လှုပ်ရှားနေသော SSPP/SSA အင်အား
အချို့ တို့ရှိရာ စုစုပေါင်း အင်အား ၁၀၀၀၀ ခန့်အထိရှိနိုင်သည်ဟု ခန့်
မှန်းရပါသည်။

သို့ဖြစ်ရာ ၁၉၈၉ ခုနှစ် အရှေ့မြောက် ဗကပတို့ မပြို ကွဲမှီကာလထက်
အင်အား ၂ ဆခန့် တိုးတက်လာသည်ဟု ဆိုရပါမည်။ ထို့အတူ အဆိုပါ လက်နက်ကိုင်အင်အားစုများကို ရင်ဆိုင်သည့် တပ်မတော်အင်အားမှာလည်း
၁၉၈၉ မတိုင်မှီက ပုံမှန်အားဖြင့် အင်အား ၅၀၀၀ မှ ၇၀၀၀ ခန့်ထိ တိုးမြှင့်
ရင်ဆိုင်ခဲ့ပြီး ၁၉၈၆/၈၇ စီစီဝမ် တာပန် တိုက်ပွဲကာလက အင်အား ၁၀၀၀၀
ကျော်ထိ တိုးမြှင့် သုံးစွဲခဲ့သည်။ ယနေ့တွင်လည်း တဖက်အင်အားနှင့်လျော်ညီ
သည့် အင်အားကို သုံးစွဲမည်ဟု ယူဆရပါသည်။

အခြေအနေသုံးသပ်ချက်
ရှမ်ပြည်မြောက်ပိုင်း၌ အစိုးရအား ပုန်ကန်တိုက်ခိုက်သည့် လက်နက်
ကိုင်အင်အားစုများတွင် ၁၉၆၈ မှ ၁၉၈၉ ထိရှိခဲ့သော အရှေ့မြောက် ဗကပ တဖွဲ့သာ အယူဝါဒပေါ် အခြေခံခဲ့ပြီး ကျန်အဖွဲ့အားလုံးသည် အမျိုးသားရေး
ပေါ်တွင် အခြေခံပါသည်။ ယနေ့ရပ်တည်နေသော အဖွဲ့အားလုံးသည် အမျိုး
သားရေးပေါ်တွင် အခြေခံရပ်တည်ပြီး သူ့လူမျိုးအလိုက်၏ ထောက်ခံမှု ကို
ရရှိအောင် အားထုတ်၍ ရပ်တည်နေကြခြင်းဖြစ်သည်။ အရှေ့မြောက် ဗကပ ပြို ကွဲရခြင်းသည်ပင် အစိုးရ တပ်မတော်နှင့် စစ်ရေးအရ တိုက်ခိုက်ရှုံးနိမ့်၍
ပြို ကွဲရခြင်းမဟုတ်ဘဲ အမျိုးသားပြသနာ တိုင်းရင်းသားပြသနာကို မဖြေရှင်း
နိုင်၍ ပြို ကွဲခဲ့ခြင်းဖြစ်သည်။

သို့ဖြစ်ရာ ရှမ်းပြည်မြောက်ပိုင်းရှိ လက်နက်ကိုင်ပဋိပက္ခဖြေရှင်းရေး
ပြသနာအား ဖြေရှင်းနိုင်ရေးအတွက် သော့ချက်ပြသနာမှာ တိုင်းရင်းသား
တန်းတူရေးပြသနာ တိုင်းရင်းသားတို့၏ ကိုယ်ပိုင်ပြဌာန်းခွင့်ပြသနာ ကိုယ်
ပိုင်အုပ်ချုပ်ခွင့်ပြသနာကို အားလုံးလက်ခံနိုင်သည့် အဖြေတခုရှာနိုင်ဖွေနိုင်
ရေးဖြစ်သည်ဟု သုံးသပ်ရပါသည်။

ရှမ်းပြည်မြောက်ပိုင်း၌ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ စစ်ရေးအရ ထိုဒေသ၌ လှု ပ်ရှားနိုင်ခြင်း၏ ပထမအကြောင်းအချက်မှာ ထို
ဒေသ၌ ရှမ်း ကချင် တအန်းပလောင် ကိုးကန့်တရုတ်စသည့် ဒေသခံတိုင်း ရင်းသားကျေးရွာများသာရှိပြီး ဒေသခံတိုင်းရင်းသားလူမျိုးများ၏ ထောက်ခံ မှု ရရှိထားခြင်းကြောင့်ဖြစ်သည်။ အစိုးရဖက်မှ ရပ်တည်သော တိုင်းရင်းသား
အချို့ အနေနှင့် နမ့်ခမ်း ပန်ဆေးပြည်သူ့စစ် မူဆယ်မြို့မပြည်သူ့စစ် မုန်းပေါ်
ပြည်သူစစ် ကွတ်ခိုင်ပြည်သူ့စစ် ကွတ်ခိုင်ပြည်သူစစ် ဖေါင်းဆိုင်ပြည်သူ့စစ်
ကောင်းခါးပြည်သူ့စစ် ဆင်ကျော့ပြည်သူ့စစ် စသည်ဖြင့်ရှိသော်လည်း ဒေသ
ခံတိုင်းရင်းသားများ၏ထောက်ခံမှု ရရှိမှု အားနဲသည်။

ဒုတိယအချက်မှာ ထိုဒေသသည် တောတောင်ထူထပ်၍ လမ်းပမ်း
ဆက်သွယ်ရေးခက်ခဲကာ ပြောက်ကျားစစ်ဆင်ရန် ကောင်းမွန်သည်။ ဒေသခံ
တိုင်းရင်းသားများ၏ စည်းရုံးသိမ်းသွင်း၍ထောက်ခံမှု ရယူထားနိုင်သည့် တိုင်းရင်းသားလက်နက်ကိုင်များအနေနှင့် လှည့်လည်ပြောက်ကျားစစ် ဆင်ရန် အားသာချက်ရှိသည်။

မန္တလေး မူဆယ်လမ်းမကြီးသည် တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေး
အတွက် အဓိကလမ်းမကြီးဖြစ်သည်။ မြန်မာပြည်ကူးစည်ကူးသန်းရောင်း
ဝယ်မှု ၏ ၇၅% သည် ထိုလမ်းမမှ သွားလာနေပြီး နိုင်ငံတော်အစိုးရ၏ နေ့
စဉ်ဝင်ငွေ၏ ၈၀% သည် ထိုကုန်သွယ်မှု လမ်းကြောင်းမှရရှိနေသည်ဟုဆိုပါ
သည်။ သို့သော်လည်း ထိုပတ်ဝန်းကျင်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးမဆိုထားနှင့်
အဆိုပါကားလမ်းမကြီးအားပင် သွားလာရလွယ်ကူချောမောအောင် ဖေါက်
လုပ်နိုင်ခြင်းမရှိသေးပေ။ သို့ဖြစ်ရာ ဖွံ့ဖြိုးတိုးတက်မှု နိမ့်၍ လမ်းပမ်းဆက်
သွယ်ရေးခက်ခဲသောနေရာများတွင် စစ်ပွဲများဖြစ်ပွါးသည်မှာ အံ့သြစရာမရှိ
ပေ။

နိဂုံး
ငြိမ်းချမ်းရေးရဘို့ဆိုလျင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် လက်
နက်ကိုင်ပဋိပက္ခအတွင်းပါဝင်နေသောအဖွဲ့အားလုံးပါဝင်ရေးဆိုသည့် အခြေ
ခံမူပေါ်မှ သွားရန်လိုအပ်ပေမည်။ ထို့ပြင် တိုင်းရင်းသားများ တန်းတူရေး
ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို မှန်ကန်စွာ ဖြေရှင်းနိုင်ရန်
လိုအပ်ပါသည်။

မောင်မောင်စိုး (Mg Mg Soe)
26/11/2016 နေ့က ဧရာဝတီ (မြန်မာပိုင်း) တွင်ဖေါ်ပြပြီး။