Friday, November 25, 2016

NLD နာယက ဦးတင်ဦးအတွက် မေးခွန်း(၄)ချက်

U Ravika
 

စစ်ရေးနဲ့ ပတ်သက်ပြီး ဦးတင်ဦးမှတ်ချက်ကို မိမိ အလေးအနက် ထားတယ်။ သူ့မှာ စစ်ရေးအတွေ့အကြုံ ရှိတယ်။ ကရင်အမျိုးသားအစည်းအရုံး၊ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ အခြားတိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းပေါင်း မြောက်မြားစွာကို တိုက်ခိုက်ခဲ့သူ ဖြစ်တယ်။ တရုတ်ဖြူကို ဗိုလ်ချုပ်ကျော်ဇောတိုက်တော့ သူလည်း ပါခဲ့တယ်။
သူက ပုသိမ်သားပါ။ ၁၉၂၇ ခုနှစ်၊ မတ်လ ၁၂ မှာ မွေးသူမို့ အသက်(၈၉)နှစ် ရှိပါပြီ။ ၁၉၄၆ ခုနှစ်မှာ မြန်မာ့လွတ်လပ်ရေးအတွက် ဗမာ့ရိုင်ဖယ်တပ်ကို ဒုဗိုလ်အဖြစ်နဲ့ ဝင်ခဲ့တယ်။ ၁၉၆၂ ခုနှစ် နေဝင်း အာဏာသိမ်းတော့ သူက ဗိုလ်မှူးတစ်ယောက်အဖြစ်နဲ့ ခြေလျင်တပ် တပ်မဟာအမှတ် ၁၃ မှာ တပ်မှူးအဖြစ်နဲ့ တာဝန်ထမ်းဆောင်နေတုန်းပါ။ ၁၉၆၃ ခုနှစ်မှာ အနောက်တောင်တိုင်းစစ်ဌာနချုပ်မှာ ဗိုလ်မှူးကြီးအဖြစ်နဲ့ တိုင်းမှူး လုပ်ခဲ့တယ်။ ၁၉၆၄ ခုနှစ်မှာ အဲ့ရာထူးနဲ့ အလယ်ပိုင်းတိုင်းကို ရောက်လာတယ်။ ၁၉၇၄ ခုနှစ်၊ မတ်လ ၈ ရက်နေ့မှာ သူက စစ်ဦးစီးချုပ် ဖြစ်ခဲ့ပါပြီ။ ဦးသန့်အရေးအခင်းမှာ သူက ကာကွယ်ရေးစစ်ဦးစီးချုပ်ပါ။
ဦးတင်ဦးဟာ စန်းယုနောက်ကနေ တဖဝါးမကွာ လိုက်လာခဲ့သူ ဖြစ်တယ်။ တိုက်ပွဲတွေကို ရွပ်ရွပ်ချွံချွံတိုက်ခဲ့လို့ သူရဘွဲ့ကို ရရှိခဲ့လို့ သူရတင်ဦးအဖြစ် ထင်ရှားခဲ့တယ်။ ဒါပေမဲ့ ၁၉၇၆ ခုနှစ်၊ မတ်လ (၆)ရက်နေ့မှာ နိုင်ငံတော်ကောင်စီက ကျေညာချက်အမှတ် ၂၆/၇၆ နဲ့ တပ်မတော်ကနေ အနားပေးခဲ့ပါတယ်။ ဦးတင်ဦးအနေနဲ့ အပြစ်ရှိတာမဟုတ်ဘဲ သူ့ဇနီးသည် ဒေါ်တင်မိုးဝေက လာဘ်ပေးလာဘ်ယူမှုနဲ့ ငြိလို့ နုတ်ထွက်ရခြင်းဖြစ်ကြောင်း ဆိုပါတယ်။
ဒါပေမဲ့ အဲ့ဒီအကြောင်းပြချက်ဟာ အစစ်အမှန် မဟုတ်ပါဘူး။ အဓိကကတော့ သူဟာ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ လမ်းစဉ်ကနေ သွေဖည်ခဲ့လို့ ဖြစ်ပါတယ်။ ၁၉၇၇ ခုနှစ်၊ ဇန္နဝါရီလ (၁၁)ရက်နေ့မှာ ရန်ကုန်တိုင်းစစ်သူကြီးဦးအုန်းမောင်က သူ့ကို အက်ဥပဒေ ၁၂၄ အရ နိုင်ငံတော်ပုန်ကန်မှု၊ ပါတီအပေါ်သစ္စာဖောက်မှု၊ တပ်မတော်အပေါ် သစ္စာဖောက်မှုတို့နဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၇)နှစ် ချခဲ့ပါတယ်။ အယူခံပေမဲ့ သူ့အယူခံကို တရားသူကြီးစိုးလှိုင်က သြဂုတ်လ ၂၀ ရက်နေ့မှာ ပယ်ချခဲ့ပါတယ်။ သူနဲ့အတူ ဗိုလ်မှူးလှဖေ၊ ဗိုလ်မှူးမောင်မောင်နဲ့ ဗိုလ်မှူးမျိုးအောင်တို့လည်း အဖြုတ်ခံရပြီး ရှေ့နှစ်ယောက်ကတော့ ဦးတင်ဦးနဲ့အတူ ထောင်ကျသွားခဲ့တယ်။
၁၉၈၀ ခုနှစ်မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့အတူ လွတ်မြောက်လာပြီး ဥပဒေဘွဲ့တစ်ခုကို ရအောင် ပြန်ဖြေနိုင်ခဲ့တယ်။ ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ (၂)ရက်နေ့မှာ ဖွဲ့စည်းစ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့တယ်။ ဥက္ကဋ္ဌဦးအောင်ကြီးက ပါတီကနေ ထွက်သွားလို့ ဒီဇင်ဘာလ (၂၀)ရက်နေ့မှာ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ရတယ်။ ၁၉၈၉ ခုနှစ်၊ ဇူလိုင်လ (၂၀)ရက်နေ့မှာ အကျယ်ချုပ်ခံရပြီး ဒီဇင်ဘာလ (၂၂)ရက်နေ့မှာ ထောင်(၃)နှစ် ကျသွားရတယ်။ သူက လေ့ကျင့်ပေးခဲ့ပြီး အဲ့ဒီအချိန်မှာ သူ့အား ထောင်ချခဲ့တဲ့ နဝတအရာရှိ (၂၀)ကို " ကျနော် တပ်မတော်ကို မဖြိုခွဲခဲ့ဘူး၊ ကျူ ပ် အသက် ၁၆ နှစ်သားကတည်းက စစ်တပ်ထဲဝင်ခဲ့တာ။ ကျူ ပ်တို့တိုင်းပြည် လွတ်လပ်ရေးအတွက် ဗိုလ်ချူ ပ်အောင်ဆန်းနဲ့ တွဲပြီး တိုက်ပွဲဝင်ဖို့ ပဲ၊ ကျူ ပ် တပ်မတော်ကို ချစ်ပါတယ်။ ဒါပေမဲ့ ကျူ ပ်က "ပြည်သူလူထုကို စစ်တပ်ထက် ပိုချစ်တယ်၊ စစ်တပ်ဟာ ပြည်သူလူထုကို ကျူ ပ်တို့ရဲ့ အဖေအမေတွေလို သဘောထားရမယ်။ ကျူ ပ်တို့ဟာ ပြည်သူလူထုကို အလုပ်အကျွေးပြု ရမယ်၊ ဖိနှိပ်ဖို့ မဟုတ်ဘူး"လို့ ပြောခဲ့ပါတယ်။
စစ်ရေးစစ်ရာနဲ့ ပတ်သက်ပြီး သူဟာ ဒုတိယဗိုလ်ချုပ်ကြီးတင်ဦးတို့လိုပဲ အတွေ့အကြုံရှိသူပါ။ သူရရွှေမန်းနဲ့ သူရအောင်ကိုတို့ဟာ သူရဘွဲ့ကို ရရှိခဲ့ပေမဲ့ သူ့လို ရွပ်ရွပ်ချွံချွံ တိုက်ခဲ့ဖူးမယ်မထင်ပါ။ အခု ဦးတင်ဦးက မြောက်ပိုင်းမဟာမိတ်တွေရဲ့ ထိုးစစ်နဲ့ ပတ်သက်ပြီး "အခုပြောတဲ့ ဒါဟာကန့်သတ်စစ်ဆိုတဲ့ စကားလုံးကိုပြောတယ်။ဒါကို ကျနော် လက်မခံပါဘူး။ ဒါကသမရိုးကျ တိုက်ရတဲ့ အခြေခံပြောတာပါ။ ဒီအခြေအနေထိကို မရောက်ပါဘူး။ ခုဟာက ကပေါက်တိ ကပေါက်ချာ စုပေါင်းပြီး ပစ်တာခတ်တာလောက်ပဲရှိပါတယ်။ ဒီလိုပြောရင် ကျွန်တော်နှိမ်ပြောတာလဲ မဟုတ်ပါဘူး" လို့ ပြောခဲ့ကြောင်း RFA မှာ ဖော်ပြထားပါတယ်။ ဒီအချက်ကို မြောက်ပိုင်းမဟာမိတ်တွေက ပြန်သုံးသပ်သင့်ပါတယ်။ အဓိပ္ပါယ်ကတော့ တိုင်းရင်းသားတွေဟာ ဗမာ့လက်နက်ကိုင်တွေကို အသေအကြေ တိုက်ခဲ့တာ မဟုတ်ဘဲ ခြောက်ပစ်ရုံလေးပဲ၊ မန်မာလက်နက်ကိုင်တွေအနေနဲ့ ဒါကို ရေးကြီးခွင်ကျယ် သွားပြီး အရေးယူဆောင်ရွက်စရာမလိုဘူးလို့ သူ ဆိုချင်ပုံ ရပါတယ်။
သူရဦးတင်ဦးအနေနဲ့ ဒေါ်စုကို စင်ပေးခဲ့သူ ဖြစ်ရာ အခုအခါမှာ ဒေါ်စုကို သူ့ခေါင်းဆောင်အဖြစ် အသိအမှတ် ပြုခဲ့ပြီဖြစ်တယ်။ အချို့က ဒီပစ်ခတ်မှုကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ထိခိုက်နိုင်တယ်လို့ ဝေဖန်ကြပေမဲ့ သူကတော့ အဲ့လို မထင်ကြောင်းကို အရိပ်အမြွက် ပြောပါတယ်။ ဒေါ်စုစကားလို့ သူပြောနေပေမဲ့ သူ့အကြံပေးချက်တွေ ပါနေမှာက အသေအချာပါပဲ။ တိုင်းရင်းသားတွေအနေနဲ့
၁။ ပစ်ခတ်ပြီး လုပ်ကိုင်နေတဲ့ဟာတွေကို မစဉ်းစားကြပါနဲ့။ လက်နက်တွေ ဘေးခဏ ချထားပါ။
၂။ လိုချင်တာပြောပါ၊ ညှိနှိုင်းကြပါ ဆွေးနွေးကြပါ။
၃။ ပြောတဲ့အခါမှာလည်းပဲ ဖြစ်နိုင်တာပြောပါ၊ လုပ်လို့ရမယ့်ဟာ ပြောပါ၊ ပေးနိုင်တာကို ပြောပါ၊ ယူနိုင်တာကို ပြောပါ။
၎။ ညှိကြပါ ပြုကြပါ။
ဒေါ်စုက အမြဲတမ်း ပြောခဲ့ကြောင်း သူရဦးတင်ဦးက ပြောသွားပါတယ်။ ဒီစကားကို ပြောတဲ့အတွက် ဒေါ်စုဟာ သစ္စာ၊ မေတ္တာနဲ့ ပြည့်စုံသူအဖြစ် ချီးကျူးသွားပါတယ်။ သူရဦးတင်ဦးအနေနဲ့ စစ်သားဘဝမှာ တွေ့ရကြုံရတဲ့ အဖြစ်အပျက်တွေ မနည်းခဲ့လောက်ပါဘူး။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထက် အများကြီး ဘဝစုံခဲ့မှာပါ။ ဒီတော့ အခု မအလ ဘာလုပ်နေလဲ ကောင်းကောင်းရိပ်မိမှာပါ။ သူရဦးတင်ဦး ကာကွယ်ရေးဦးစီးချုပ် လုပ်တဲ့ နှစ်မှာပဲ မင်းအောင်လှိုင်တို့က လက်နက်ကိုင်ခဲ့တာမို့ပါ။ ဒီတော့ မအလနဲ့ ပတ်သက်ပြီး နာယကကြီး ဘာမှတ်ချက်များ ပေးချင်ပါသလဲ။
၁။ မိမိတို့သိရှိရသလောက် ကိုးကန့်အချင်းချင်းကို သွေးခွဲပြီး ကိုးကန့်ခေါင်းဆောင်ဖုန်ကြားရှင်ကို ဖယ်ရှားနိုင်ခဲ့လို့ သူဟာ တရှိန်ထိုး ရာထူးတက်လာခဲ့သူ ဖြစ်တယ်။ ဒီမအလက UNFC ကိုလည်း သွေးခွဲနိုင်ခဲ့သူ ဖြစ်တယ်။ အခုလည်း MNDAA, AA, TNLA ကို UNFC ကနေ ထွက်သွားအောင် တစ်မျိုးတစ်ဖုံ လှုပ်ရှားနေတဲ့ သဘောပါ။
၂။ မအလတက်လာကတည်းက ကချင်ထိုးစစ်ကို ဆင်နွှဲခဲ့ပါတယ်။ အဲ့လိုပဲ သူက ကရင်၊ ကရင်နီ၊ ရှမ်း၊ တအာင်း၊ ကိုးကန့်၊ ရခိုင်နဲ့ တိုက်ခဲ့ပါတယ်။ ဒီစစ်ပွဲတွေဟာ မလွဲမရှောင်သာတဲ့ တိုက်ပွဲတွေလား၊ တမင်တကာ ဖန်တီးလိုက်တဲ့ တိုက်ပွဲတွေလား။ ဘာအတွက်နဲ့ တိုက်တဲ့ စစ်ပွဲတွေပါလဲ။
၃။ တကယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်စုနဲ့ နာယကကြီးဦးတင်ဦးတို့က တိုင်းရင်းသားတွေကို "မတိုက်ကြပါနဲ့၊ လက်နက်ကို ဘေးချပြီး ဆွေးနွေးကြပါ၊ ညှိနှိုင်းကြပါ"လို့ ပြောတယ်ဆိုပါစို့။ ထိုးစစ်ဆင်နေတဲ့ မြန်မာ့လက်နက်ကိုင်များကိုလည်း "မတိုက်ကြပါနဲ့၊ လက်နက် ဘေးချပြီး ဆွေးနွေးကြပါ၊ ညှိနှိုင်းကြပါ"လို့ ပြောဖို့ အစီအစဉ် ရှိပါသလား။ အခု မြောက်ပိုင်းမဟာမိတ်တွေကို လာရောက်ပြီးတော့ ပြန်မတိုက်ဘူးလို့ အာမခံပေးနိုင်ပါသလား။
၎။ " ပေးနိုင်တာကိုပဲ တောင်းကြပါ"လို့ ပြောရင် ဒါဟာ စစ်တပ်အလိုကျ၊ လူများစုဗမာတွေအလိုကျသာ ဖြစ်ပါလိမ့်မယ်။ မိမိတို့က တောင်းဖို့ မဟုတ်ဘူး။ ပင်လုံကတိကဝတ်အတိုင်း ပင်လုံစာချုပ်ကို အကောင်အထည်ဖော်ဖို့ပါ။ ဒီလွတ်လပ်ရေးကို နာယကကြီးတို့ပဲ တိုက်ခဲ့ကြတာ မဟုတ်ပါဘူး။ ဒီလွတ်လပ်ရေးကို ဗမာတွေပဲ ပိုင်တာမဟုတ်ပါဘူး။ ဒီလွတ်လပ်ရေးကို အားလုံးပိုင်ကြပါတယ်။ လူမျိုးတိုင်း ပိုင်ကြပါတယ်။ လူမျိုးတိုင်းဟာ ကိုယ်ပိုင်ပြဌာန်းခွင့် ရှိရပါ့မယ်။ ဗမာတွေဟာ ကိုယ့်ပြည်နယ်နဲ့ကိုယ် နေပြီး ကိုယ့်အရေးတွေကိုပဲ ဂရုစိုက်သင့်တယ်မလား။ ဘာကြောင့် ပြည်ထောင်စုကို လက်ဝါးကြီးအုပ်ပြီး တနိုင်ငံလုံးကို ဗမာမှုပြုချင်ရသလဲ။
ဒီမေးခွန်း(၄)ချက်ကို ဖြေပေးစေချင်ပါတယ်။ တကယ်လို့ ဗမာကို အခြေခံပြီး ပြဿနာကို ဖြေရှင်းခဲ့ရင်၊ စစ်တပ်ကို အဓိကထားပြီး နိုင်ငံရေးပြဿနာကို ဖြေရှင်းခဲ့ရင် ပြည်တွင်းစစ်ကတော့ ဘယ်တော့မှ ပြီးနိုင်မှာမဟုတ်ဘူး။ နေဝင်းတို့လည်း တိုက်ခဲ့တာပဲ။ နာယကကြီးတို့လည်း တိုက်ခဲ့တာပဲ။ အခု မအလတို့လည်း တိုက်နေဆဲပဲ။ နာယကကြီးကို လေးစားဆိုပေမဲ့လည်း နာယကကြီးရဲ့စကားမှာကိုးက တိုင်းရင်းသားတွေကို တဆင့်ခံလူမျိုးများအဖြစ် သတ်မှတ်နေကြောင်း မိမိတို့ ခံစားရပါတယ်။ ဦးသန့်အလောင်း ရောက်ရှိတဲ့ ၁၉၇၄ ခုနှစ်၊ ဒီဇင်ဘာလ (၁)ရက်နေ့အဖြစ်အပျက်ကို နာယကကြီး မမေ့လောက်ပါဘူး။ မြောက်ပိုင်းမဟာမိတ်တွေဟာ နာယကကြီးလောက် ပြည်သူတို့အပေါ် မရက်စက်ရသေးပါဘူး။ ဒါကို သိစေချင်လို့ လာပြောရတာပါ။