Friday, November 25, 2016

အမျိုးသားရင်ကြားစေ့ရေး ဆိုတာ ဗမာအမျိုးသားကြားထဲက ရင်ကြားစေ့ရေး ပဲ ဖြစ်နေတာ ၀မ်းနည်းစွာတွေ့ ရတယ်။

Hkalen Uma
၂၀၀၇ ခုနှစ် တုန်းက ဂျပန် သင်းအုပ်ဆရာ တစ်ပါး နဲ့ ဂျပန် ခရစ်ယာန်လူငယ် တစ်ချို့ ကို မိုးကောင်း ကချင် ဘုရားကျောင်း လိုက်ပို့တယ်။ မိဘ မဲ့ ကလေး တွေကို ကူညီချင်တယ် ဆိုလို့ သွား ပို့ တာပါ။
မိုးကောင်း အနီးဝန်းကျင် သွားလည်စရာ ဘာတွေ ရှိလဲ လို့ မေးတော့ အရင်က ဂျပန် ခံတပ်ဟောင်းတခု ရှိတယ် တဲ့။ အဲဒါ နဲ့ စိတ်ဝင်စားပြီး သူတို့လဲ သွားကြည့်ချင်တယ် ပေါ့။
သွားကြည့်တယ်။ ကချင်ရွာ နားကုန်းပေါ်မှာ အခိုင်အမာ ကတုတ်ကျင်းတွေ ခုထိ ရှိနေဆဲပါ။ ရွာသား တစ်ယောက် ပြောစကားကို ကျနော် က အင်္ဂလိပ်လို ဘာသာပြန်ပေးတယ်။ ဂျပန်တွေ ဆိုးခဲ့တဲ့ အကြောင်း ပေါ့။ ဒီတော့ ဒီ ဂျပန်သင်းအုပ်ဆရာ နဲ့ ဂျပန် လူငယ်တွေက ချက်ချင်း တောင်းပန်တယ်။ သူတို့ ဂျပန်လူမျိုးတွေ လုပ်ခဲ့သမျှအတွက် တကယ်ကို စိတ်မကောင်းပါဘူး တဲ့။ အဲဒီ ခံတပ် ပေါ်မှာ သူတို့ ဂျပန်တွေရဲ့ ဆိုသွမ်းတဲ့ လုပ်ရပ်အတွက် အပြစ်လွတ်ဖို့ ဆုတောင်းခဲ့တယ်။
မနှစ်က သြဇီသွားတော့ ပြတိုက်တခု သွားကြည့်ဖြစ်တယ်။ လွန်ခဲ့တဲ့ နှစ် နှစ်ရာကျော်တုန်းက လူဖြူတွေ စရောက်လာချိန် ဒေသခံ တိုင်းရင်းသားတွေအပေါ် ပြုမိတဲ့ အမှားတွေအတွက် ၀န်ချ တောင်းပန်ထားတာ တွေ့ ရတယ်။ ဒီနေ့ထိ Sorry Day ဆိုတဲ့ ရက် သတ်မှတ်ပြီး ၀တ်ချ တောင်းပန်ပွဲ လုပ်ကြတယ်။ တောင်းပန်တာနဲ့ မပြီးဘူး အခွင့်ထူးခံ လူတန်းစား အနေနဲ့ သတ်မှတ် ပေးတယ်။
ဂျာမဏီ မှာလဲ ဥပဒေ နဲ့ အတူ ပြဌာန်းပြီး ဂျူး တွေအတွက် ၀မ်းနည်းဖွယ် အထိန်းအမှတ် အနေနဲ့ ပြတိုက်တခု ဆောက်ပေးတယ်။ တောင်းပန်ခဲ့တယ်။
အားလုံးမှာ တူညီတဲ့အချက် ရှိတယ်။ သူတို့ အမျိုးတွေ လုပ်ခဲ့တာကို သူတို့ နဲ့ မဆိုင်၊ အာဏာရှင်တစ်စု လုပ်ခဲ့တာ ဖြစ်တယ် ဆိုပြီး မငြင်းကြဘူး။
မြန်မာပြည်မှာတော့ ပြောလိုက်ရင် စစ်တပ်လုပ်တာ ဗမာနဲ့မဆိုင် ဆိုတာချည်းပဲ... တောင်းပန်ဖို့ နေနေသာသာ... ပြန်ဆဲ ခံ ရတာပဲ အဖတ်တင်တယ်။
အရင်က ဒေါ်အောင်ဆန်းစုကြည်ကို မျော်လင့်နေခဲ့တာ ဒီ တကွက်အတွက်ပါ။ သူ့ လူမျိုးတွေကို အမြင်မှန် ရအောင် စည်းရုံးပြီး တိုင်းရင်းသားတွေရဲ့ ရသင့် ရထိုက်တဲ့ အခွင့်အရေးအတွက် လုပ်ဆောင်မလား... အမျိုးသားရင်ကြားစေ့ရေး ဆိုတာကို ဒီလို နားလည်ခဲ့တာ အမှန်ပါ... တကယ်တော့ ဗမာအမျိုးသားကြားထဲက ရင်ကြားစေ့ရေး ပဲ ဖြစ်နေတာ ၀မ်းနည်းစွာတွေ့ ရတယ်။