Wednesday, November 30, 2016

နိုင်ငံရေးသမားတွေ ဣန္ဒြေရကြပါ

U Ravika



၁။ NLD အစိုးရတက်လာပြီးတဲ့နောက် ကချင်ကို တိုက်စစ်ဆင်ခဲ့တာ တိုက်ပွဲပေါင်း(၅၀၀)ကျော်၊ (၆၀၀)နီးပါး ရှိတယ်။ ပြောချင်တာက ရာခိုင်နှုန်းနဲ့တွက်ရင် တစ်နေ့ကို (၂)ပွဲလောက် တိုက်နေတဲ့ သဘောပါ။
၂။ ဒီမှာ ပြဿနာ (၂)ရပ် ပေါ်ပေါက်လာတယ်။ ပထမပြဿနာက ရခိုင်ပြည်မှာ ဘင်္ဂါလီတွေက စစ်တပ်နဲ့ ရဲစခန်းတွေကို ဝင်တိုက်တယ်။ ဒုတိယပြဿနာက မြောက်ပိုင်းမဟာမိတ်တွေက မြန်မာလက်နက်ကိုင်ထိုးစစ်ကို တုံ့ပြန်ဖို့ ရှမ်းမြောက်ဒေသမှာ ကန့်သတ်နဲ့ပြောက်ကြားပူးပေါင်းစစ်ဆင်နွှဲတယ်။
၃။ ဒေါ်စုက ရခိုင်အရေးမှာ ဥပဒေအရ အရေးယူဖို့ ညွန်ကြားပြီး မြောက်ပိုင်းမဟာမိတ်အရေးမှာ စစ်ရေးအရ ချက်ချင်းဆောင်ရွက်ဖို့ ကျေညာခဲ့တယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ရော UPDJC ဥက္ကဋ္ဌအနေနဲ့ပါ မြန်မာလက်နက်ကိုင်တွေကို လုပ်ပိုင်ခွင့် ပေးအပ်ခဲ့ပြီဖြစ်တယ်။
၄။ ဒီမှာတင် ဒီမိုလော်ဘီတွေက အဆိုပါပြဿနာ(၂)ရပ်ဟာ NLD အစိုးရကို အကြပ်ရိုက်အောင် ဖန်တီးလိုက်တဲ့ ပြဿနာလို့ ကင်းပွန်းတပ်ပြီး စစ်တပ်လော်ဘီ (၁၃)ပါတီတို့က NLD အစိုးရဟာ နိုင်ငံတော်ကို တည်ငြိမ်အောင် အုပ်ချုပ်နိုင်စွမ်း မရှိတော့လို့ သမ္မတအနေနဲ့ ကာလုံအစည်းအဝေးကို ခေါ်ယူသင့်ပြီဖြစ်ကြောင်း ကျေညာချက်ထုတ်ပြန်ခဲ့ကြတယ်။
အထက်ဖော်ပြပါဖြစ်စဉ်(၄)ခုကို ပြန်သုံးသပ်ခဲ့ရာမှာ-
၁။ ပထမအချက်အရ တိုက်ပွဲတွေ တစ်ရက်မှာ (၂)ပွဲလောက် တိုက်နေရတုန်းက မြောက်ပိုင်းမဟာမိတ်တွေက အော်ခဲ့ကြတုန်း ဒီမိုလော်ဘီတွေက ဒါဟာ NLD အစိုးရနဲ့ မဆိုင်ဘူးလို့ ငြင်းချက်ထုတ်ခဲ့ကြတယ်။ စစ်တပ်လော်ဘီတွေက စစ်တပ်ဟာ နယ်မြေလုံခြုံရေးယူနေခြင်းမျှသာ ဖြစ်တယ်လို့ ဆင်ခြေပေးကြပါတယ်။
၂။ ရခိုင်ပြည်နဲ့ ရှမ်းပြည်မှာ ပြဿနာတက်တော့ ဒါဟာ စစ်တပ်နဲ့ ရဲတို့ရဲ့ ပြဿနာလို့ မမြင်ကြတော့ဘဲ ဒါဟာ NLD အစိုးရရဲ့ ပြဿနာလို့ပဲ မြင်ကုန်တော့တယ်။
၃။ ဒီနေရာမှာတင် ဒီမိုလော်ဘီတွေက ဒီအရေးကို ကိုင်တွယ်ဖို့ မြန်မာလက်နက်ကိုင်များကို ထောက်ခံမှာ ဖြစ်ကြောင်း ရေးသားကြသလို စစ်လော်ဘီတွေကလည်း ဒေါ်စုအနေနဲ့ တိုက်ဖို့ အမိန့်ပေးတော့ပါလားလို့ သခွပ်ပင်က မီးတကျည်ကျည် လုပ်နေခဲ့ပါတယ်။
၄။ အမှန်မှာ ကာကွယ်ရေးဝန်ကြီးဆိုတာ မြန်မာလက်နက်ကိုင်တပ်က စစ်သား ဖြစ်တယ်။ ပြည်ထဲရေးဝန်ကြီးဆိုသူကလည်း စစ်သားပါပဲ။ နယ်လုံဝန်ကြီးဆိုသူကလည်း မအလကိုယ်တိုင် ခန့်အပ်ခဲ့သူပါပဲ။ ဖွဲ့စည်းပုံအရ NLD အစိုးရအနေနဲ့ ဒီဝန်ကြီး(၃)ကောင်ကို ခန့်အပ်လို့ မရဘူး။ အစိုးရအဖွဲ့မှာ ပါနေတဲ့ ဒီပုဂ္ဂိုလ်တွေဟာ အစိုးရကို သစ္စာမခံဘဲ မြန်မာလက်နက်ကိုင်ချုပ် မအလကိုပဲ သစ္စာခံကြရတာ ဖြစ်တယ်။ အမှန်မှာ မအလဟာ ဒီဝန်ကြီး(၃)ကောင်ကနေ လက်ရှိတိုင်းပြည်ကို အုပ်ချုပ်နေသူ ဖြစ်တယ်။ ကာချုပ်မအလဟာ မြောက်ပိုင်းမဟာမိတ်တွေကို ၂၀၁၁ ခုနှစ်က စပြီး ဒီကနေ့အထိ တိုက်ခိုက်နေခဲ့ပါတယ်။ ဘယ်လွှတ်တော်ရဲ့ အတည်ပြုချက်ကို ရယူဖူးပါသလဲ။ ဘယ်အစိုးရရဲ့ ခွင့်ပြုချက်ကို ရယူဖူးပါသလဲ။ NLD အစိုးရကပဲ တိုက်ပါလို့ ကျေညာခဲ့တာ ရှိတယ်။ သိန်းစိန်အစိုးရထက် စစ်တပ်ကို ပိုရက်ရောတဲ့ အစိုးရပါ။ ဒီလိုအနေအထားမျိုးမှာ ဘာကြောင့် ကာလုံကို ခေါ်ဖို့ လိုအပ်ပါသေးသလဲ။ ကာလုံကို အာဏာလွှဲခဲ့ရင် ဘယ်သူက လုပ်ရမှာလဲ။ မအလနဲ့ ဒီဝန်ကြီးဌာန(၃)ခုပဲမလား။
၅။ နိုင်ငံရေးသမားတွေ အဆင့်မရှိတဲ့အခါ စစ်တပ်က ခေါင်းပေါ်ရောက်နေမှာပဲ။ ဦးနုအစိုးရလက်ထက်ကလည်း ဦးနုက နေဝင်းဖင်ကို လျက်ခဲ့တယ်။ ဦးဘဆွေ၊ ဦးကျော်ငြိမ်းတို့ကလည်း နေဝင်းခြေထောက်ကို ဖက်ခဲ့ကြတယ်။ ဒီလိုအဆင့်မရှိလို့ နေဝင်းက ကမ်းတက်ခဲ့တာ ဘာအထူးအဆန်းလဲ။ အခုလည်း ဒေါ်စုကလည်း မအလကို လျက်၊ ဦးသိန်းညွန့် ဦးသုဝေတို့ကလည်း မအလခြေထောက်ကို ဖက်ပြနေကြတယ်။ ဒါတွေ မလိုအပ်ဘူး။ နိုင်ငံရေးမှာ ကဗျာဆန်ဆန် ကပြလို့ မရဘူး။ နိုင်ငံရေးသမားလုပ်ရင် အဆင့်ရှိကြပါ။ ဣန္ဒြေ ရကြပါ။ မကဲပါနဲ့၊ မဗျာကြပါနဲ့။ လောလောဆယ် ဒါပဲ ပြောချင်တယ်။