Monday, November 21, 2016

ကန့်သတ်စစ်လား၊ ချေမှုန်းစစ်လား

ကန့်သတ်စစ်လား၊ ချေမှုန်းစစ်လား
ဂိဒွန်စခန်းကို တိုက်နေတာ အခုဆို (၃)လလောက် ရှိနေပါပြီ။ KIO/KIA ကို တိုက်နေတာ (၅)နှစ်ကျော်ခဲ့ပြီ။ မြန်မာ့တပ်မတော်က ဘာစစ်ကို တိုက်နေသလဲ အခု လေ့လာဖို့ ကောင်းတယ်။ မြန်မာ့တပ်မတော်ဟာ - ကချင်တိုက်ရခြင်းမှာ
၁။ BGF ကို လက်မခံခဲ့လို့၊
၂။ UNFC ကို ဦးဆောင်ခဲ့လို့၊
၃။ ကချင်ပြည်နယ်မှာ ရှိတဲ့ သယံဇာတနဲ့ စီမံကိန်းတွေကို လက်ဝါးကြီးအုပ်ချုင်လို့၊
၎။ ကချင်ပြည်သူတို့ကို ဗမာမှုပြုချင်လို့၊
၅။ နယ်စပ်ကို ထိန်းချုပ်ချင်လို့၊
၆။ NCA နဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ အသာစီးရဖို့၊
၇။ NLD အစိုးရကို အကြပ်ရိုက်စေချင်လို့
ဆိုတဲ့ အကြောင်းအချက်(၇)ချက်ကို တွေ့ရှိနိုင်ပါတယ်။ KIO/KIA ကို တိုက်ခိုက်တဲ့နေရာမှာလည်းပဲ ရှိသမျှစွမ်းအင်ကို ထုတ်သုံးပါတယ်။ လေကြောင်းတိုက်ခိုက်မှုအပါအဝင် ဒုံးခွင်းဒုံးတွေနဲ့ ဓာတုလက်နက်အချို့ကိုတောင် အသုံးပြုခဲ့ပါတယ်။ မြေလှန်စနစ်ကို ကျင့်သုံးပြီး ရွာတွေကို ဖျက်၊ ဘုရားရှိခိုးကျောင်းတွေကို မီးရှို့၊ အမျိုးသမီးတွေကို မုဒိမ်းကျင့်၊ အမျိုးသားတွေကို ပေါ်တာဆွဲ၊ ပြည်သူတွေကို ဖမ်းဆီး၊ ချုပ်နှောင်၊ ညှဉ်းပမ်း၊ နှိပ်စက်၊ သတ်ဖြတ်ခဲ့ပါတယ်။
ဒီလိုဆိုရင် ဒါဟာ ကန့်သတ်စစ်လား၊ ချေမှုန်းစစ်လားလို့ ဆန်းစစ်ကြည့်ရအောင်ပါ။ ကန့်သတ်စစ်ဆိုတာ
၁။ နယ်မြေအရ စစ်ပွဲမကျယ်ပြန့်သွားအောင် တိုက်တဲ့စစ်၊
၂။ ပြည်သူတို့အသေအပျောက်နည်းပါးအောင် တိုက်တဲ့စစ်၊
၃။ နှစ်ဖက်တပ်သားတွေ အကျအဆုံးနည်းပါးအောင် တိုက်တဲ့စစ်၊
၎။ မလိုအပ်တဲ့ လက်နက်ပစ္စည်းကို မသုံးဘဲ တိုက်တဲ့ စစ်
လို့ ဆိုချင်ပါတယ်။ ဒီအချက်(၄)ချက်ကို အခြေခံပြီး ဆုံးဖြတ်ရရင် လက်ရှိမအလတို့ရဲ့ ထိုးစစ်ဟာ လောလောဆယ်မှာတောင် ကန့်သတ်စစ်မက ချေမှုန်းစစ်မကျ အခြေအနေပါ။ ချေမှုန်းစစ်တစ်ခုအတွက် အားယူနေခြင်းသာ ဖြစ်ပါတယ်။ ဒီအချက်ကို တိုင်းရင်းသားခေါင်းဆောင်တွေ သတိမထားမိလို့ မရပါ။ ဒါဟာ တိုင်းရင်းသားခေါင်းဆောင်တွေကို ဇဝေဇဝါ ဖြစ်စေမဲ့ နည်းဗျူဟာတစ်ခုပါ။ ချေမှူန်းစစ်လို့ ထင်ရှားသွားရင် တိုင်းရင်းသားတွေအချင်းချင်း စုစည်းသွားမှာပေါ့။ ကန့်သတ်ပဲဆိုခဲ့ရင် လူမလေးမှာလည်း မအလတို့ စိုးရိမ်နေကြမှာပေါ့။
၁။ သိမ်းလို့ ရတဲ့ နယ်မြေဆိုရင် အကုန်သိမ်းမယ်။
၂။ ပြည်သူတို့ကို ပစ်မှတ်ထားပြီး ဖိအားပေးတယ်။
၃။ မိမိတပ်သားကိုတောင် တန်ဖိုးမထားဘူး။
၎။ ရှိသမျှလက်နက်ကို ထုတ်သုံးတယ်။
ဒါဟာ ကန့်သတ်စစ်ပွဲမျိုး မဟုတ်တော့ဘူး။ အနိုင်ကြဲတဲ့ တိုက်ပွဲ၊ ချေမှုန်းတဲ့ စစ်ပွဲမျိုးပါ။ အိမ်နီးချင်းအခြေအနေကို ကြည့်ပြီးတော့လည်း စစ်ရေးကို ခင်းကျင်းပါတယ်။ ဒီလိုစစ်ပွဲမျိုးကို တိုက်နေတဲ့ မြန်မာ့တပ်မတော်ဟာ ဘာကို အားပြုနေပါသလဲ။ သူ့အားက ဘာလဲ။ ရန်သူကိုလည်း သိရမယ်၊ ကိုယ့်ကိုယ်ကိုလည်း သိရမယ်။ ဒါမှ စစ်ပွဲတစ်ပွဲကို အနိုင်တိုက်နိုင်ပါ့မယ်။ တကွက်မှားသွားတာနဲ့ အစားခံရမှာပါ။ အချိန်၊ နေရာ၊ လူ၊ လက်နက်၊ ရိက္ခာ၊ မဟာဗျူဟာ၊ နည်းဗျူဟာ နည်းနည်းချွတ်ချော်သွားတာနဲ့ အဲ့စစ်ပွဲ ရှုံးရမှာပါ။ ဒါကြောင့် မြန်မာ့တပ်မတော်ရဲ့ သဘောသဘာဝကို လေ့လာခြင်းဟာ လက်ရှိစစ်ရေးအတွက် အရေးပါပါတယ်။
ကမ္ဘာပေါ်မှာ ဖြစ်ပွားသမျှတိုက်ပွဲတွေဟာ အင်အားတစ်ခုထဲကြောင့် ရှုံးခဲ့ရတာ၊ နိုင်ခဲ့ရတာ မဟုတ်ဘူး။ တိုင်းရင်းသားတွေအနေနဲ့ မြန်မာ့တပ်မတော်ရဲ့ အားအနည်းဆုံးနေရာကို တိုက်ရမှာ ဖြစ်တယ်။ အဲဒါကတော့ အခြားမဟုတ်ဘူး။ မြန်မာ့စီးပွားရေးကို ချွတ်ခြုံကျအောင် ကစားပြီး မြန်မာ့တပ်မတော်နဲ့ မြန်ုမာစစ်အစိုးရတို့ကို သူတို့ပြည်သူတွေနဲ့ပဲ ဖိအားပြန်ဖြစ်အောင် အခြေအနေတစ်ခုကို ဖန်တီးလိုက်ခြင်းဖြစ်တယ်။ ဗီယက်နာမ်စစ်ပွဲမှာ အမေရိကန်တွေ ရှုံးသွားတာ ဒီနည်းဗျူဟာကြောင့် ဖြစ်တယ်။ ဗီယက်နာမ်စစ်ပွဲစစချင်းမှာ ပြည်သူတို့ (၇၀)ရာခိုင်နှုန်းကျော် ထောက်ခံခဲ့တယ်။ ဒါပေမဲ့ များများပို့လေ၊ များများသေလေ ဖြစ်ခဲ့လို့ ပြည်သူတို့က မနေတော့ဘူး။ အစိုးရကို ဆန္ဒပြကြတယ်။ စစ်မြေပြင်မှာ အမေရိကန်လေတပ်က အကြီးအကျယ် ဗုံးကြဲတယ်။ မီးလောင်းဗုံးတွေ မနည်း ကြဲချခဲ့လို့ သစ်တောပျက်စီးမှုတွေ မနည်းဖြစ်ခဲ့ရတယ်။ ဒါပေမဲ့ မြေပြင်တိုက်ပွဲမှာ အမေရိကန်တွေက အားနည်းခဲ့လို့ အကြီးအကျယ် စစ်ရှုံးခဲ့ရပါတယ်။
ပထမကမ္ဘာစစ်နဲ့ ဒုတိယကမ္ဘာစစ်ကို လေ့လာဆန်းစစ်ကြည့်ရင်လည်း ဂျာမနီက မဟာမိတ်တွေ လာမှာကို သတင်းရပါတယ်။ ဘယ်လိုလာမလဲ၊ ဘယ်နေရာကို ဝင်မလဲပဲ မသိသေတာပါ။ ဒါဟာ ဂျာမနီတို့ ရှုံးရခြင်းရဲ့ အစ ဖြစ်တယ်။ အမေရိကန်တပ်အနေနဲ့ မြောက်ကိုရီယားစစ်ပွဲမှာလည်းပဲ အကန့်အသတ်နဲ့ တိုက်ခဲ့ဖူးတယ်။ နေရာတိုင်းမှာလည်း အနုမြူဗုံးကို မသုံးပါဘူး။ တရုတ်ကို ငဲ့ညှာနေရလို့ ဖြစ်တယ်။ မြန်မာနိုင်ငံမှာလည်းပဲ မြန်မာစစ်တပ်က-
၁။ အိမ်နီးချင်းတွေကို တိုင်းရင်းသားတော်လှန်ရေးသမားတွေထက် ပိုအလေးထားတယ်။ ဒါကြောင့် ကန့်သတ်စစ်ပွဲ ဆင်နွှဲမလား၊ ချေမှုန်းစစ်ပွဲဆင်နွှဲမလား အိမ်နီးချင်းတွေရဲ့ သဘောထားအပေါ်မှာ မူတည်နေတယ်။ (လောလောဆယ် တရုတ်ရဲ့ ရပ်တည်ချက်ကြောင့် ကန့်သတ်စစ်ပွဲအမည်နဲ့ ချေမှုန်းရေးတွေကို ခိုးကြောင်ခိုးဝှက် လုပ်နေရတာ ဖြစ်တယ်)။
၂။ နောက်ပြီး ပြည်မက ဗမာလူမျိုးတွေရဲ့ အမြင်သဘောထားအပေါ်မှာလည်း အနည်းငယ်ချင့်ချိန်တတ်ပါတယ်။ အရင်က ဗမာလူထုက မြန်မာ့တပ်မတော်နဲ့ ကင်းကွာနေတော့ ဗမာ့တပ်မတော်အနေနဲ့ ကန့်သတ်စစ်ပွဲကိုပဲ ဆင်နွှဲနိုင်ခဲ့တယ်။ တကယ်လို့ ဗမာလူထုက ဗမာ့တပ်မတော်နဲ့ တသားထဲ ဖြစ်သွားခဲ့ရင် ချေမှုန်းရေးစစ်ပွဲဆီကို တွန်းပို့ပေးရာရောက်တယ်။ (ဒါကြောင့် ပြည်နယ်တွေမှာ ဗမာလူဦးရေတိုးပွားရေးကို အစဉ်တစိုက် ကြိုးစားခဲ့တယ်။ နောက်ပြီး နယ်မြေအရ အသာစီးရယူထားတယ်)
၃။ မြန်မာ့တပ်မတော်အနေနဲ့ ချေမှုန်းရေးစစ်ပွဲအတွက် အဆင်သင့် မဖြစ်သေးတဲ့ အချက်နှစ်ချက် ရှိတယ်။ အဲဒါကတော့ လုံလောက်တဲ့ စီးပွားရေးအင်အားနဲ့ နိုင်ငံတကာရဲ့ ထောက်ခံမှု ဖြစ်တယ်။ (အခု ဒေါ်စုက ဒီအချက်နှစ်ချက်ကို ဖြည့်ဆည်းပေးနေပါတယ်။)
ဒါဆိုရင် တိုင်းရင်းသားတို့အနေနဲ့ ဘာကို လုပ်သင့်သလဲ။
၁။ NCA ကို နိုင်ငံရေးအာမခံချက်မရှိဘဲ လက်မှတ်မထိုးရေး၊
၂။ ပြည်မမှာ မတည်ငြိမ်အောင် ဆောင်ရွက်ရေး၊
၃။ စီးပွားရေးပိတ်ဆို့မှုကို ဆက်လက်ထားရှိရေး၊
၎။ မြန်မာ့တပ်မတော်ကို နည်းနည်းနဲ့ ကျယ်ကျယ်ဝိုင်းရေး၊
၅။ နိုင်ငံတကာနဲ့ အိမ်င်္နိးချင်းတို့နဲ့ ဆက်ဆံရေးနွေးထွေးနေအောင် ကြိုတင်အသိပေးရေးတို့ကို ဆောင်ရွက်သင့်တယ်။
ဒီထဲမှာ ပြဿနာတက်စရာရှိတာက ဒေါ်စုအစိုးရ ဖြစ်တယ်။ တပ်မတော်ရဲ့ ရှုံးကွက်၊ တိုင်းရင်းသားတို့ရဲ့ နိုင်ကွက်ကို ချေဖျက်မဲ့သဘော ဖြစ်တယ်။ ဒီလိုချေဖျက်ခဲ့လို့ မြန်မာ့တပ်မတော်ကို ထိန်းညှိနိုင်တဲ့ အင်အား မရှိတော့ပါ။ အင်အားချိန်ခွင်လျှာ မညီမျှခဲ့ရင် အထိနာစေမှာက တိုင်းရင်းသားတို့ချည်းပဲ မဟုတ်ဘူး။ တနိုင်ငံလုံးပါပဲ။
လောလောဆယ်မှာ ဒေါ်စုနောက်လိုက်တွေက " ဒေါ်စုက ထရွမ့်နိုင်လို့ စီးပွားရေးကမောက်ကမ ဖြစ်သွားနိုင်တာကို ကြိုတွက်မိလို့ စီးပွားရေးအရ တည်ငြိမ်လွန်းတဲ့ ဂျပန်တွေနဲ့ အရင်သွားပေါင်းထားတာ၊ ဒေါ်စုရဲ့ နိုင်ငံရေးအကွက်တွေက အရမ်းကို ပညာသားပါတာ"လို့ ရေးကြပါတယ်။ အခု NLD ပါတီဆိုတာ အလိုတော်ရိတွေနဲ့ပဲ ပြည့်နေကြတာပါ။ ဖြစ်နိုင်တာကတော့ ဖွတ်တွေ၊ စစ်တပ်သူလျှိုတွေ၊ ခရိုနီလက်ဝေခံတွေနဲ့ ပြည့်နှက်နေလောက်ပါပြီ။ သူတို့အမြင်မှာတော့ သူတို့အမေက အခုထိ အကွက်လှနေပေမဲ့ မိမိတို့တိုင်းရင်းသားတွေအတွက် အိပ်မက်ဆိုးပဲ ဖြစ်ပါတယ်။ ဒီအချက်ကို လုံးဝခွင့်ပြုလို့ မရဘူး။ အခု ကရင်တွေက ဝါရှင်တန်ဒီစီရှိ သမ္မတအိမ်တော်ကို ပိတ်ဆို့မှုကို အရင်အတိုင် ပြန်ထားဖို့ ဆန္ဒသွားပြကြပါတယ်။ စစ်တပ်အသက်ရှုကြပ်နေတဲ့ လက်နက်နဲ့ ရိက္ခာကိစ္စနဲ့ နိုင်ငံတကာရဲ့ legitimacy ကိစ္စအတွက် NLD က မဆင်မခြင် အလိုလိုက်အကြိုက်ဆောင်ခဲ့ရင် NLD အစိုးရကိုလည်း မျက်နှာပူစရာ မရှိတော့ပါ။ မိမိတို့ရဲ့ အကြပ်အတည်းကို ဒေါ်စု သိအောင် တစ်စုံတစ်ရာနဲ့ အသိပေးရပါ့မယ်။ ဘယ်နည်းနဲ့မဆိုပဲ။
Credit U Ravika