Wednesday, November 23, 2016

ခံရလို့ ပြန်ချတဲ့ခါ ရန်စတယ်လို့ မထင်ပါနဲ့


ကုလရက္ခိတ
October 8, 2016
လက်ရှိ ကရင်ဒေသ၊ ကချင်ဒေသ၊ ရှမ်းဒေသတွေမှာ မြန်မာ လက်နက်ကိုင်တပ်မတော်နဲ့ ဒေသခံ တပ်မတော်တွေကြား တိုက်ပွဲတွေ နေ့စဉ်ရက်ဆက် ဖြစ်ပွားနေတာဟာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်( နိုင်ငံတော်အတိုင်ပင်ခံ)တဲ့ အရပ်သားအစိုးရကို မကြိုက်လို့မဟုတ်ဘူး။ ဒေသခံ တိုင်းရင်းသားတွေက ရန်လိုလို့၊စစ်သွေးကြွလို့၊
လက်နက်ကိုင်ချင်လွန်းလို့ လက်ရှိအာဏာရ မင်းအောင်လှိုင်ဦးဆောင်တဲ့ လက်နက်ကိုင် တပ်မတော်တို့ကြား တိုက်ပွဲတွေ ဖြစ်နေရတာမဟုတ်ဘူး။
နောက်ပြီး ဒေသခံ ပြည်သူများက ဒီမိုကရေစီကိုမကြိုဆိုလို့ မကြိုက်လို့ လည်းမဟုတ်ဘူး။
တိုက်ပွဲတွေရဲ့ ဇာတ်မြစ်ကို စစ်ကြည့်တဲ့ခါ ဗိုလ်ချုပ်အောင်ဆန်း (ဒေါ်အောင်ဆန်းစုကြည်၏ ဖခင်) ဦးဆောင်ခဲ့တဲ့ တပ်မတော်နဲ့ တိုင်းရင်သားဒေသတွေကြားထားခဲ့တဲ့ ပင်လုံ ကတိကဝတ်တွေကို ဖောက်ဖျက်လို့ ဖြစ်ရတဲ့ ပြဿ နာပဲ ဖြစ်ပါတယ်။
ပင်လုံစာချုပ်ကို ( February 12, 1947) နေ့က ဗိုလ်ချုပ်အောင်ဆန်းဟာ ပင်လုံမြို့မှာ ကတိကဝတ်တွေအများကြီးပေးပြီး ချုပ်ဆိုခဲ့တယ်။ အဲဒီနောက်ပိုင်း
ဗိုလ်ချုပ်လည်း သက်ဆိုးမရှည်ဘဲ သေသွားရတယ်။ အဲဒီကစပြီးတော့ တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲတွေစတင်ခဲ့တာပဲ။
ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဆက်ခံ ဗိုလ်ချုပ်တွေက ဗမာမဏ္ဍိုင်ပြု အာဏာချုပ်ကိုင်ရေးကို ဗဟိုပြုခဲ့ရာက စတင်ပြီးတော့ ပင်လုံရဲ့ ကတိကဝတ်တွေ ပျက်ပျယ်ခဲ့တယ်လို့ ပြောရလိမ့်မယ်။
ပင်လုံကတိကဝတ်တွေ ပျက်ကွက်လို့ ဖြစ်ရတဲ့ ပြဿ နာကို အဲဒီကဝတ်တွေကို ပြန်ပြီးတော့ အကောင်အထည်ဖော်ဆောင်ရွတ်ခြင်းဖြင့်သာ စစ်ပွဲတွေ ရပ်စဲသွားနိုင်ပါလိမ့်မယ်။
အာဏာရ စစ်သားတွေ စစ်ဗိုလ်တွေ ထောင်ချီကျဆုံးသွားရုံဖြင့်လည်း စစ်ပွဲတွေဟာ ရပ်စဲသွားနိုင်မှာ မဟုတ်သလို တိုင်းရင်းသား တပ်မတော်သားတွေ ကျဆုံးသွားရုံနဲ့လည်း စစ်ပွဲတွေ ရပ်စဲသွားမှာ မဟုတ်ပါဘူး။
တစ်ယောက်ကျဆုံးသွားတိုင်း ၁၀ ယောက် ပြန်လည်ရှင်သန်လာနေတယ်ဆိုတာ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က လက်နက်ကိုင် တော်လှန်ရေး တပ်မတော်တွေ အခြေအနေနဲ့ ယခု လက်နက်ကိုင် တပ်မတော်တွေရဲ့အခြေအနေတွေကို လေ့လာကြည့်ရင်သိနိုင်ပါတယ်။
အဲဒါကြောင့် လက်နက်ကို လက်နက်ချင်း လူကိုလူချင်း သတ် ဖြတ်နေရုံမျှလောက်နဲ့ ကျုပ်တို့ ခင်များတို့ တောင်းတနေတဲ့ ငြိမ်းချမ်းရေးကို ဘယ်တော့မှ ဖော်ဆောင်နိုင်မှာ မဟုတ်ပါဘူး။
သတ်ပွဲ တစ်ပွဲ ပြီးသွားတိုင်း နောက်ထပ် သတ်ပွဲပေါင်းများစွာ ပေါ်ပေါက်လာရုံသာရှိတယ်။
အာဏာရ တပ်မတော်က အင်အားကြီးလို့ အင်အားနဲ့ တိုက်တဲ့ခါ ခံရလွန်းတဲ့ ဒေသခံတွေကို ပြန်ချတာကလည်းမဆန်းပါဘူး။ လူပဲဗျာ သည်းခံနိုင်တဲ့ အတိုင်းအတာထက် ကျော်လွန်ရင်တော့ အနည်းအများ တုန့်ပြန်ကြမှာပေါ့။ဒါကို အာဏာရ တပ်မတော်က တိုင်းရင်းသားဒေသခံတွေက ရန်လိုတယ်လို့ပြောရင် ဘယ်တရားမလဲ။ လောက ဓမ္မဓိဋ္ဌာန်ကျကျ စဉ်းစားကြည့်ပေါ့။
အဲဒါကြောင့် နိဂုံးအနေနဲ့ ပြောချင်တာကတော့ ခံရလို့ ပြန်ချတဲ့ခါ ရန်စတယ်လို့ မထင်ပါနဲ့။
ဒါက သဘာဝပါ။

ကပ္ပိယကျော်ခေါင်