Saturday, November 12, 2016

ခေါင်းက လုံပေမဲ့ ဖင်တော့ ပေါ်နေတယ် မအလ

By U Ravika
ရဟန်းတစ်ပါး ရှိတယ်။ လူအများလေးစားတဲ့ ကုန်းဘောင်ခေတ်ဆရာတော်ကြီးပါ။ ဆွမ်းခံကြွချိန်မှာ ဝမ်းရစ်လို့ လူများတဲ့နေရာမှာ ကိစ္စကို ပြီး ရတယ်။ သူက ဘာတွေးသလဲဆိုတော့ မျက်နှာပဲ ရှက်တတ်တာ ဖြစ်တယ်၊ ဖင်က မရှက်တတ်။ မျက်နှာကို လုံအောင် ကာခဲ့ရင် လမ်းဘေးမှာ ကျင်ကြီးစွန့်လို့ ရပြီဆိုပဲ။
ဒီတော့ သူက မျက်နှာကို သပိတ်နဲ့ ဖုံးပြီး အတုံးကို ချလိုက်ရတယ်။ လူတွေက မှတ်မိကြပါတယ်။ မျက်နှာကို ဖုံးထားပေမဲ့လည်း လူတွေ ဥဒဟို လူးလာခေါက်ပြန် သွားနေတဲ့နေရာမှာ ချီးပါတဲ့ ဘုန်းကြီးကို လူတွေ သိကြပါတယ်။ ဟိုလေးတကျော်ကို ဖြစ်လို့ပေါ့လေ။
အခုလည်း ဥရောပသမဂ္ဂစစ်ကော်မတီမှာ မိန့်ခွန်းပြောကြားရာမှာ မအလက-
" မြန်မာနိုင်ငံမှာ ဗမာကွန်မြူနစ်လို့ ခေါ်ကြတဲ့ ဗကပဟာ ထင်ရှားပါတယ်၊ သူတို့ဟာ အစိုးရကို လက်နက်ကိုင်တိုက်ခိုက်ခဲ့တယ်၊ တပ်မတော်ဆိုတာ တိုင်းပြည်ကို ကာကွယ်ဖို့၊ ပြည်သူကို ကာကွယ်ဖို့အတွက် တည်ဆဲအစိုးရအုပ်ချုပ်မှုကို ကာကွယ်ပေးရပါတယ်။ ဒါကြောင့် ပြည်သူနဲ့အစိုးရအုပ်ချုပ်မှုကို ထိပါးခဲ့တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီကို တပ်မတော်က တိုက်ခဲ့ရတယ်။ သူတို့ဟာ ဗမာတွေ ဖြစ်ပါတယ်။ ဒီလိုပဲ ဒီမိုကရေစီဆိုပြီး အခွင့်အရေးတစ်ခု ရရှိဖို့ အစိုးရအုပ်ချုပ်မှုကို လက်နက်ကိုင်ဆန့်ကျင်ခဲ့တဲ့ မည်သူမဆို တပ်မတော်က ကာကွယ်ရပါတယ်။ တိုင်းရင်းသားကို တိုက်တာ မဟုတ်ပါဘူး။ လက်နက်ကိုင်တိုက်ခိုက်သူများကိုသာ ပြန်လည်တိုက်ခိုက်တာ ဖြစ်ပါတယ်"
ဆိုပြီး မိန့်ခွန်းပြောသွားတယ်။ ဒီမိန့်ခွန်းဟာ ခေါင်းတော့ လုံအောင် ခြုံထားတယ်။ ဒါပေမဲ့ မအလနဲ့ ဗမာ့တပ်မတော်ဟာ ဖင်ပေါ်လျက်နဲ့ နိုင်ငံတကာမှာ ချီးသွားပါနေခြင်းသာ ဖြစ်တယ်။
၁။ တော်လှန်ရေးခေတ်မှာ ဗိုလ်ချုပ်အောင်ဆန်းဟာ ဗမာပြည်ကွန်မြူနစ်ပါတီ၊ အထွေထွေအတွင်းရေးမှူးဖြစ်တယ်။
၂။ ပါလီမာန်အစိုးရလက်ထက်မှာ ဗမာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကျော်ဇောဟာ ကွန်မြူနစ်တစ်ဦး ဖြစ်တယ်။ တရုတ်ဖြူကို တိုက်တဲ့နေရာမှာ တိုက်ရည်ခိုက်ရည် ကောင်းခဲ့သူ ဖြစ်တယ်။ အခုထိ သူ့လို တိုက်ရည်ခိုက်ရည် ကောင်းတဲ့ ဗမာ့ကာချုပ်တွေ မပေါ်လာသေးပါ။
၃။ နောက် တော်လှန်ရေးကောင်စီခေတ်နဲ့ မဆလခေတ်မှာ-ဗမာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်း အခု NLD နာယက သူရဦးတင်ဦးဟာ ဒီမိုကရေစီဘက်တော်သား ဖြစ်တယ်။ သူလည်း တိုက်ရည်ခိုက်ရည် ကောင်းပြီး တပ်မတော်ကို မြေတောင်မြှောက်ပေးလိုသူများ ဖြစ်ပါတယ်။
၎။ နောက်ဆုံး နဝတ၊ နအဖခေတ်မှာ ဒုတိယဗိုလ်ချုပ်ကြီးတင်ဦးနဲ့ သူရစစ်မောင်တို့ဟာ စစ်ဗျူဟာနဲ့ စစ်ဆင်တဲ့နေရာမှာ တိုင်းရင်းသားခေါင်းဆောင်တွေ ချီးကျူးခဲ့ရတဲ့ စစ်ဗိုလ်ချုပ်ကြီးများ ဖြစ်ပါတယ်။ သူတို့ဟာ ကွန်မြူနစ်တွေ မဟုတ်ကြသလို ဒီမိုကရေစီကိုလည်း လိုလားကြသူတွေ မဟုတ်ပါဘူး။ ဖားပြုပ်ကြီး သန်းရွှေကိုပဲ သစ္စာစောင့်သိခဲ့ကြတာ ဖြစ်တယ်။
ဒီတော့ -
၁။ ဗိုလ်ချုပ်အောင်ဆန်းကို ဘယ်သူတွေ သတ်ခဲ့ကြသလဲ။ တိုင်းရင်းသားတွေ မဟုတ်ကြပါ။ လွတ်လပ်ရေးဖခင်ကြီးပါ။ အာဏာလုကြတဲ့ ဗမာတွေအချင်းချင်းပဲ သတ်ပါတယ်။
၂။ ဗိုလ်ချုပ်ကျော်ဇောတို့က ဘာကြောင့် တောခိုခဲ့ရသလဲ။ မြေပေါ်မှာ နိုင်ငံရေးလုပ်လို့ မရတော့လို့ပါ။
၃။ ဦးတင်ဦးကို ဘာကြောင့် ထောင်ချပစ်သလဲ။ ဦးနေဝင်းဆိုတဲ့ အာဏာရှင်ကို ဆန့်ကျင်ခဲ့လို့ပါ။
၎။ ဒုဗိုလ်ချုပ်ကြီးတင်ဦးနဲ့ သူရစစ်မောင်ကို ဘာကြောင့် လုပ်ကြံခဲ့သလဲ။ တပ်မတော်မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထက် တပ်သားတွေက လေးစားခဲ့လို့ပါ။
ဒီတော့
(၁) ဗိုလ်ချုပ်အောင်ဆန်းက နယ်ချဲ့အင်္ဂလိပ်ကို တိုက်တယ်။ သေရတယ်။
(၂) ဗိုလ်ချုပ်ကျော်ဇော်က ကာကွယ်ရေးတာဝန်ကို စွမ်းစွမ်းတမံ လုပ်ခဲ့တယ်။ ဦးနုအစိုးရရဲ့ မညီမျှတဲ့ ပေါ်လစီကြောင့် တောခိုခဲ့ရတယ်။ တောမခိုရင် သူလည်း ခံရဖို့ပဲ။
(၃) ဦးတင်ဦးဟာ တပါတီအာဏာရှင်ဦးနေဝင်းကို ဖြုတ်ဖို့ ကြံခဲ့တယ်။ သူတော့ တောမခိုလို့ ထောင်နန်းအခါခါ စံခဲ့ရတယ်။
(၄) ဗိုလ်ချုပ်ကြီး တင်ဦးနဲ့ သူရစစ်မောင်တို့ဟာ အာဏာရှင်ကို သစ္စာစောင့်သိရင်းနဲ့ လုပ်ကြံခံလိုက်ရပါတယ်။
ဒီတော့ အုတ်ကြားမြက်ပေါက် မအလ ဘာပြောချင်လဲ။ စစ်တပ်သတ်လို့ သေရတဲ့ လူတွေထဲမှာ လက်နက်ကိုင်တွေတင် ဘယ်ဟုတ်မလဲ။ အရွယ်မရောက်သေးတဲ့ကလေးတွေ၊ အမျိုးသမီးတွေ၊ အပြစ်မဲ့အရပ်သားတွေက ပိုများပါတယ်။ လက်နက်ကိုင်သူချင်း သတ်လို့ သေတဲ့မသာက နည်းတယ်။ ဗမာ့တပ်မတော် သတ်လို့ သေရတဲ့ မသာတွေက ပိုများပါတယ် မအလ။
မအလကော ကိုယ့်အရည်အချင်းကို ဆန်းစစ်ကြည့်ဖူးလား။ ဒီနေရာ ဒီရာထူး ဒီအဆင့်အတန်းကို တန်လို့ ရလာတာလား၊ အာဏာရှင်ကို အဖားတော်လို့ ရလာသလားဆိုတာကိုပဲပေါ့။ မအလရဲ့ ပြောစမှတ်အောင်မြင်မှုဆိုရင် ၂၀၀၉ ခုနှစ်မှာ ကိုးကန့်အချင်းချင်း သွေးကွဲအောင် မြှောက်ပေးပြီး တိုက်ခဲ့တဲ့ အစဉ်အလာတစ်ခုပဲ ရှိတယ်။ ဘိန်းကူးမှုမှာ နအဖအစိုးရကို ကူပေးခဲ့ဖူးတဲ့ မှတ်တမ်းပဲ ရှိတယ်။ ကျန်တာ ဘာမှ မရှိ။ အခု စစ်တိုက်တာတောင် အလဲလဲအကွဲကွဲနဲ့။ အင်အားရှိလို့သာ ရှေ့ကို တိုးနိုင်တာ ဖြစ်တယ်။ အင်အားချင်းသာ ညီကြရင် မအလကိုယ်တိုင် မျက်နှာသစ်ဖို့ ခေါင်းကျန်မှာ မဟုတ်တော့ပါ။
ကောင်းပါပြီ။ ဒီမှာ မေးစရာ ရှိပြီ။
၁။ ကွန်မြူနစ်စနစ် မကောင်းဘူးဆိုခဲ့ရင် တရုတ်ပြည်ကို ဘာကြောင့် တက်တဲ့ ဗမာခေါင်းဆောင်တိုင်းက သွားရှိခိုးနေရသတုန်း။ (မိမိက အနီမဟုတ်ဘူးနော်) တရုတ်ကွန်မြူနစ်ကို ချစ်နိုင်ကြပါရဲ့။ ဗမာကွန်မြူနစ်ကို ဘာကြောင့် မုန်းတီးနေရသတုန်း။ ကွန်မြူနစ်တွေကို လက်မခံရင် ဦးနုအစိုးရဟာ မြန်မာတပြည်လုံးကို ကိုယ်စားပြုနိုင်မှာမဟုတ်ဘူး။ ဒီတော့ ကွန်မြူနစ်တွေကလည်း ဦးနုရဲ့ ပါလီမာန်အစိုးရကို လေးစားစရာမလိုတော့ဘူး။
၂။ အဲ့လိုပဲ NLD နာယကဦးတင်ဦးကလည်း တပါတီအာဏာရှင် အလုပ်မဖြစ်ကြောင်း၊ ဆိုရှယ်လစ်စီးပွားရေးစနစ် အောင်မြင်မှာမဟုတ်ကြောင်း၊ အာဏာရှင်ဦးနေဝင်းဟာ ကိုယ်ကျင့်တရားကောင်းမွန်သူ မဟုတ်ကြောင်း၊ ပြည်သူတို့တိုက်ရိုက်ရွေးချယ်လိုက်တဲ့ အစိုးရမဟုတ်ကြောင်း သိရတဲ့အခါမှာ ဆန့်ကျင်ရမှာပဲ။ မဆလအစိုးရဟာ တပ်မတော်အစိုးရသာ ဖြစ်ပါတယ်။ ဒီတပ်မတော်အစိုးရဟာ (က) အိမ်စောင့်အစိုးရ၊ (ခ) တော်လှန်ရေးကောင်စီ၊ (ဂ) မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (ဃ) နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့၊ (င) နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ (စ) အခု နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ဆိုပြီး ပုံစံအမျိုးမျိုးနဲ့ ပြည်သူ့အာဏာကို သိမ်း၊ စစ်တပ်က နိုင်ငံရေးမှာ ဝင်ပါ၊ လက်နက်နဲ့ ပြည်သူတို့ဘဝကို နေ့စဉ်နဲ့အမျှ ခြိမ်းခြောက်ခဲ့သေးတာပဲမဟုတ်လား။ ဒီတော့ စစ်တပ်က အစိုးရကို အကာအကွယ်ပေးနေတာ မဟုတ်ဘဲ စစ်ခေါင်းဆောင်တွေ အာဏာမပျောက်ရေးအတွက် အကာအကွယ်ပေးနေခဲ့တယ်ဆိုတာ ထင်ရှားပါတယ်။ ဒီတော့ ဒီခါးပိုက်ဆောင်တပ်ကို ဆန့်ကျင်သူတိုင်းဟာ အစိုးရကို ပုန်ကုန်သူလို့ ဆိုနိုင်ပါသလား။
၃။ လက်ရှိဖွဲ့စည်းပုံအရ ဖွဲ့စည်းလိုက်တဲ့ အစိုးရမှာ အုပ်ချုပ်ရေးအာဏာ မရှိပါဘူး။ စစ်တပ်က ကိုယ်လိုချင်တဲ့ ပုံစံအတိုင်း တတိုင်းပြည်လုံးကို စစ်ကျွန်ဘဝရောက်အောင် "အမျိုးသားနိုင်ငံရေးမှာ တပ်မတော်က ဦးဆောင်ပါဝင်ရေး"ဆိုတဲ့အချက်နဲ့ ကာလုံ၊ သမ္မတ၊ ဝန်ကြီး၊ လွှတ်တော်၊ တရားသူကြီး စသည်တို့မှာ အရေးပါတဲ့နေရာတိုင်းမှာ ဝင်အုပ်ထားပါတယ်။ ဒီတော့ အစိုးရဆိုတာ ဗမာ့တပ်မတော်ပဲ ဖြစ်တယ်။ ပြည်သူတို့ရွေးကောက်တင်မြှောက်လိုက်တဲ့အစိုးရဟာ စစ်တပ်ရဲ့ လက်ကိုင်တုတ်အဆင့်ပဲ ရှိပါတယ်။ အခု NLD အစိုးရဆိုတာ စစ်တပ်ခေါင်းဆောင်တွေ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို ရှင်းပေးတယ်။ ခရိုနီတွေ ခိုးခဲ့တဲ့ ငွေမည်းတွေကို လျှော်ဖွပ်ပေးတယ်။ ပြီးတော့ ပုဒ်မ ၆၆ (ဃ)လိုမျိုးကို သုံးပြီး ဝေဖန်သူများကို ဆွဲစိချင်ကြတယ်။ ဒီလိုဆိုရင် ပြည်သူတို့က ရွေးကောက်တင်မြှောက်လိုက်တာ ဟုတ်ပါရဲ့။ ဒါပေမဲ့ စစ်တပ်ကိုပဲ အလုပ်အကျွေးပြုနေပြီး စစ်တပ်နည်းအတိုင်း ပြည်သူတို့ကို ပြန်ဒုက္ခပေးနေတဲ့အချိန်ပါ။ ဒီတော့ မအလက နိုင်ငံတကာမှာ ဒီအစိုးရကို အကာအကွယ် ပေးနေသလား၊ ပြန်ပေးဆွဲထားသလားဆိုတာ မေးစရာတောင် မလိုဘူး။ ဝတ္ထုဇာတ်လမ်းအတိုင်း ပြောရရင် သန်းရွှေက ဒေါ်စုကို အာရုံလွှဲသိုင်းနဲ့ ထိန်းချုပ်ထားပြီး ခိုင်းချင်သလို ခိုင်းနေတဲ့ အခြေအနေပါ။ ဒီလိုအစိုးရမျိုးရဲ့ အုပ်ချုပ်မှုအောက်ကို ဝင်ရောက်သင့်သလား။
ဒါတောင် ခင်ဗျားတို့ ဗမာ+ဗမာချင်း ဖြစ်တဲ့ ပြဿနာတွေနော်။ ကျုပ်တို့တိုင်းရင်းသားတွေကို ဆွဲမထည့်နဲ့အုံး။ ကျုပ်တို့က ပင်လုံစာချုပ်အရ ကိုယ်ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကိုပဲ ပြန်တောင်းနေတာပါ။ ခွဲထွက်ဖို့ ဘာစိတ်ကူးမှ မရှိသေးဘူး။ ရှိလာတဲ့အခါမှာ ခင်ဗျားတို့နဲ့ လေအကုန်ခံမှာမဟုတ်ဘူး။ ဒါနဲ့ ပြောရအုံးမယ်။ ကျုပ်တို့လည်း ဗမာတွေကို တိုက်နေတာ မဟုတ်ဘူး။ မဟာဗမာ့ဝါဒီတွေ၊ အစွန်းရောက်ဗမာတွေ၊ ဗမာ ISIS တွေ၊ ဗမာအကြမ်းဖက်သမားတွေ၊ ဗမာ့စစ်ခွေးတွေ၊ စစ်တပ်အလိုတော်ရိတွေကို တိုက်နေရတာ ဖြစ်တယ်။ ကောင်းတဲ့ ဗမာတွေကို စိတ်ကူးနဲ့တောင် မပြစ်မှားပါဘူး မင်းအောင်လှိုင်ရယ်။