Thursday, December 1, 2016

စင်ကာပူကို နှစ်(၂၀)အတွင်း ဒေါ်စု အမီလိုက်နိုင်မလား

စင်ကာပူရောက်ဒေါ်အောင်ဆန်းစုကြည်က စင်ကာပူလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံရာမှာ မြန်မာနိုင်ငံဟာ အနှစ်(၂၀)အတွင်း စင်ကာပူကို ကျော်လွှားမယ်လို့ ဆိုလိုက်ပါတယ်။ စင်ကာပူက ၂၇၈ စတုရန်းမိုင် ကျယ်ပြီး လူဦးရေမှာ ၅၆၁၀၀၀၀ ရှိပါတယ်။ စတုရန်းမိုင်တစ်မိုင်မှာ လူ ၁၉၉၁၀ နေထိုင်ပါတယ်။ ကမ္ဘာမှာ နယ်မြေအရ အဆင့် ၁၇၆ ပါ။ လူဦးရေအရ အဆင့် ၁၁၃ ခုပါ။ လူဦးရေထူထပ်တဲ့နေရာမှာ အဆင့် ၃ ပါ။ ရောင်းဝယ်အားက $452.686 billion ရှိပါတယ်။ တစ်ဦးချင်းသုံးနိုင်အားက $82,762 ရှိလို့ ကမ္ဘာမှာ တတိယမြောက်ပါ။ ပုံမှန်ဂျီဒီပီကတော့ $308.051 billion ရှိလို့ ကမ္ဘာ့မှာ အဆင့် ၃၆ ပါ။ တစ်ဦးချင်းဝင်ငွေအနိမ့်ဆုံးက $56,319 ရှိပါတယ်။
Soft power ranking အရ အာရှမှာ နံပါတ် ၂၊ ကမ္ဘာမှာ နံပါတ် ၁၉။ ခြွတ်ခြုံကျမှု အနည်းဆုံးနိုင်ငံ၊ အာရှမှာ ငွေကြေးစီးဝင်မှုတတိယအကြီးမားဆုံးနိုင်ငံ၊ ပတ်ဝန်းကျင်ကောင်းမှု အဆင့် ၁၃၊ ဥပဒေကြောင်းတည်ငြိမ်မှု အဆင့် ၁၃၊ ပညာရေးစနစ် အဆင့် ၉၊ အဝယ်လိုက်မှု အဆင့် ၁၀ ရှိပါတယ်။ စီးပွားရေးကျွမ်းကျင်မှု အဆင့် ၁၊ ဈေးအကြီးဆုံးမြို့ အဆင့် ၄၊ အခွင့်အလမ်းအများဆုံး အာရှနိုင်ငံနဲ့ ကမ္ဘာမှာ အဆင့် ၃ ပါ။ ဒီတော့ ကမ္ဘာမှာ နေချင်စရာအကောင်းဆုံးမှာ Top ပဲ။ စင်ကာပူမှာ ကမ္ဘာအမြန်ဆုံး အင်တာနက်စပီဒ် ရှိပါတယ်။ အာရှဖစိဖိတ် အင်တာနက်ထိုးဖောက်မှုမှာ အဆင့် ၂ ဖြစ်တယ်။ ကမ္ဘာမှာ တစ်ဦးချင်းဝင်ငွေအကောင်းဆုံး နံပါတ် ၂ ပါ။ စီးပွားရေးလုပ်လို့ အကောင်းဆုံးနိုင်ငံ အဆင့် ၁ ပါ။ ကုန်သွယ်ရေးမှာ နံပါတ် ၁ ပါ။ယှဉ်ပြိုံင်မှုအများဆုံး အဆင့် ၃ ပါ။ ပညာရေးနဲ့ အသိညာဏ်ဖွံ့ဖြိုးဖို့ အုပ်ထိန်းမှုမှာ အဆင့် ၁ ပါ။ Engineering, Technology ပညာရေးမှာ NUS ဟာ ကမ္ဘာ့တက္ကသိုလ်အဆင့် ၂၆ ပါ။ အာရှမှာ နံပါတ် ၁ ပါ။ Finance နဲ့ ပတ်သက်ရင် NUS ဟာ အဆင့် ၁၁ ပါ။ အချို့စစ်တမ်းတွေမှာ အဆင့် ၁ တွေချည်းပဲ။ Nayang Technological University ဟာလည်း အာရှမှာ အဆင့် ၃ အောက်ကို မကျပါ။
ဒီတော့ စင်ကာပူဟာ ၁၉၆၅ ခုနှစ်၊ သြဂုတ်လ (၉)ရက်နေ့၊ မလေးရှားကနေ အနှင်ထုတ်ခဲ့ရကတည်းက Onward, Singapore အမျိုးသားသီချင်းနဲ့ အားမာန်တင်းကာ ကြိုးစားခဲ့ရရှာပါတယ်။ ဒါပေမမဲ့ စင်ကာပူအတွက် ကံကောင်းခြင်းများစွာ ရှိခဲ့ပါတယ်။ သိင်္ဃပူရ (သီဟပူရ-ခြင်္သေ့မြို့တော်) လို့ ခေါ်ဆိုတဲ့ စင်ကာပူဟာ မလေးရှားနဲ့ ထိုင်းမှာ ကွန်မြူနစ်သူပုန် ထခြင်း၊ အင်ဒိုနီရှားမှာ ဒွိဖန်စီစနစ်နဲ့ စစ်အုပ်ချုပ်ရေး စတင်ခဲ့ခြင်း၊ အမေရိကန်ဗီယက်နာမ်စစ်ပွဲ ဖြစ်ပေါ်ခဲ့ခြင်း၊ မြန်မာနိုင်ငံမှာ နေဝင်းအာဏာသိမ်းပြီး ဆိုရှယ်လစ်စီးပွားရေးစနစ်ကို ကျင့်သုံးခဲ့ခြင်း၊ သီရိလကာင်္မှာ ပြည်တွင်းစစ် ဖြစ်ပွားပြီး ဂေါ သဘောင်္ဆိပ်ကမ်းမှာ လုံခြုံရေးမရှိလို့ စင်ကာပူကို ပြောင်းရွှေ့လာခဲ့ခြင်း၊ လီကွမ်ယုဟာ ဥရောပကို သွားပြီး ငွေကြေးစီးဝင်မှုကို လေ့လာကာ စင်ကာပူကို Financial hub ဖြစ်အောင် ကြံဆောင်နိုင်ခဲ့ခြင်းတို့ကြောင့် စင်ကာပူဟာ နှစ်ပေါင်း (၄၀)ကျော်မှာ အာရှထိပ်သီး၊ ကမ္ဘာ့ထိပ်သီးစီးပွားရေးနိုင်ငံတစ်ခု ဖြစ်ခဲ့ပါပြီ။ လီကွမ်ယုက စင်ကာပူမှာ မော်လမြိုင်ကို အနှစ် (၂၀)အတွင်း အမီလိုက်မယ်ဆိုလား၊ အခု ကျုပ်တို့ မော်လမြိုင်က အနှစ် (၂၀၀) အချိန်ယူရတော့မယ်ထင်ပါရဲ့။ အရှေ့တောင်အာရှမှာ ထိပ်သီးမြို့တွေ ဖြစ်ခဲ့တဲ့ မော်လမြိုံင်၊ ရန်ကုန်၊ မန္တလေးဟာ အခု ပိစိကွေးတွေ ဖြစ်ကုန်ပါပြီ။ မြန်မာစစ်တပ်ဟာ ဒီတိုင်းပြည်ကို အကောင်းဆုံးဖျက်ဆီးသွားခဲ့တယ်။ ပြောင်းပြန်စစ်တမ်းကောက်ခဲ့ရင် ကမ္ဘာမှာ မြန်မာဟာ အဆင့်(၁) ဖြစ်နိုင်ပါလိမ့်မယ်။
ကောင်းပါပြီ။ ဒေါ်အောင်ဆန်းစုကြည်က စင်ကာပူကို ရောက်တုန်း စင်ကာပူ+မြန်မာကုန်သွယ်ရေးကို အဓိကထားတယ်။ အဲ့မှာ အမေ့သားအမေ့သမီးတွေ အများကြီး ရှိပါတယ်။ နိုင်ငံကို အမှန်တကယ်ချစ်မြတ်နိုးပါက ရရှိနေတဲ့ စင်ကာပူလခကို မမက်ဘဲ အမေနဲ့အတူ တစ်ခါထဲ မြန်မာပြည် ပြန်လာဖို့ ကောင်းပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က စင်ကာပူရောက်တုန်းမှာ "အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဟာ မဖြစ်မနေ လုပ်ရမဲ့ကိစ္စ ဖြစ်ကြောင်း" ပြောကြားသွားတယ်။ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်းရေးလောက် အရေးပါတာ မရှိဘူးလို့လည်း ပြောကြားသွားပါတယ်။ ဒီစကားဟာ စင်ကာပူကို လာမဲ့ အနှစ်(၂၀)အတွင်း အမီလိုက်မယ်ဆိုတဲ့ စကားထက် ပိုခက်ပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာ ကျင့်သုံးနေတဲ့ နိုင်ငံရေးစနစ်ဟာ အင်ဒိုနီရှားစစ်အုပ်ချုပ်ရေးကာလတုန်းက ကျင့်သုံးခဲ့တဲ့ ဒွန်ဖန်စီစနစ် ဖြစ်ကြောင်း အများအသိပဲ ဖြစ်တယ်။ စင်ကာပူဟာ အင်ဒိုရဲ့ အသုံးမကျတဲ့ ဒွိဖန်စီကြောင့်ပဲ အမြတ်ထွက်ခဲ့ရာ မြန်မာနိုင်ငံဟာ အဲ့စနစ်နဲ့ စင်ကာပူကို ကျော်လွှားဖို့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ပါ။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စကားကြီးစကားကျယ်တွေ အများကြီး ပြောသူ ဖြစ်တယ်။ ပုဒ်မ ၄၃၆ ကို ပြင်ဖို့ သူ စွန့်လွှတ်ခဲ့တာ ကြာပါပြီ။ ရက်ပေါင်း (၁၀၀)အပြီးမှာ ပြုတ်တဲ့အမတ်တွေ၊ ပါတီဝင်တွေ၊ ဝန်ကြီးတွေ ရှိခဲ့ပါတယ်။ NLD အစိုးရလက်ထက်မှာ ပွင့်လင်းမြင်သာမှု သိပ်အားနည်းပါတယ်။ စစ်တပ်ဆီမှာ အမှတ်ယူချင်တဲ့ ဒေါ်စုကြောင့် သိန်းစိန်အစိုးရထက် ပိုကြောက်စရာကောင်းတဲ့ အချက်တွေ အများကြီး ရှိပါတယ်။ ဒေါ်စုက ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးထက် အရေးကြီးတာ ဘာမှ မရှိဘူးလို့ တဖက်က ပြောရင်း အခြားတဖက်မှာ စစ်တိုက်ဖို့နဲ့ ရခိုင်ပြည်အရေးမှာ အလျှော့မပေးဖို့ ကိုယ်တိုင်ကိုယ်ကျပါဝင်ခဲ့ပါတယ်။ အခုအခါမှာ ကုလသမဂ္ဂကိုယ်တိုင်က ဒေါ်စုအစိုးရကို သတိပေးစကား ပြောကြားနေရတဲ့အခြေအနေပါ။ မြောက်ပိုင်းမဟာမိတ်တွေနဲ့ မြန်မာလက်နက်ကိုင်များကြား ဒီစာရေးနေတဲ့အချိန်အထိ တိုက်ခိုက်နေကြဆဲပါ။
စင်ကာပူကို အနှစ်(၂၀)အတွင်း ကျော်လွှားဖို့ဆိုရင် လက်ရှိမြန်မာနိုင်ငံရဲ့ အနေအထားကို စစ်စစ်မှန်မှန် လေ့လာနိုင်မှ ဖြစ်မယ်။ လူဦးရေကလည်း သန်ခေါင်းစာရင်း ကောက်တာ ပြီးသွားတာ ကြာပါ့။ အသေးစိတ်ကို ခုထိ မသိရသေးပါ။ စီးပွားရေးနဲ့ ပညာရေးမှာဆိုရင် ထိုင်းကိုတောင် မမီပါ။ တကယ်လို့ ဒီနှစ်မှာပဲ စစ်မှန်တဲ့ ဖက်ဒရယ်စနစ်ကို ကျင့်သုံးမယ်၊ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ကို လက်ခံခဲ့မယ်ဆိုရင်တောင် ပြန်ရုန်းထဖို့ နှစ်ပေါင်း(၂၀) လိုပါသေးတယ်။ မြန်မာစစ်တပ်ကြောင့် ဖြစ်တည်ခဲ့တဲ့ ဘာသာတရားအချင်းချင်း မုန်းတီးမှုတွေ၊ လူမျိုးအချင်းချင်းမုန်းတီးမှုတွေ၊ ကိုယ်ကျင့်တရားခြွတ်ခြုံကျမှုတွေ၊ မဟာဗျူဟာကျဆုံးမှုတွေကို ကုစားဖို့တောင် အချိန်မကျသေးပါ။ ဒေါ်စုကိုယ်တိုင် စစ်တပ်ခင်းကျင်းတဲ့ အကွက်ထဲ ဝင်မိပြီး စစ်တပ်လိုပဲ စိတ်ကူးယဉ်နေတဲ့ပုံစံ ဖြစ်သွားပါပြီ။ ဒေါ်စုအနေနဲ့ လီကွမ်ယုကို အတုခိုးချင် ခိုးမိမယ်။ ဒါပေမဲ့ မြန်မာနိုင်ငံဟာ စင်ကာပူနိုင်ငံလို နိုင်ငံမျိုးမဟုတ်ဘူး။ ပထဝီနိုင်ငံရေးအရအခွင့်သာပေမဲ့ လူမှုဗေဒနိုင်ငံရေးအရ အခုထိ မျက်နှာသာ မပေးသေးဘူး။
ပုံမှာ လီကွမ်ယုနဲ့ ဒေါ်ခင်ကြည်တို့ ဖြစ်သည်။ Channel Asia News မှ ရယူသည်။ ၁၉၆၃ ခုနှစ်ပုံ ဖြစ်သည်။ စင်ကာပူ မမွေးဖွားရသေး။