Sunday, October 2, 2016

RFA Burmese
လက်နက်ကြီးကျည်မှန်ပြီး ကလေးငယ်တစ်ယောက် သေဆုံး
ဒီနေ့မနက်က ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် မုန်းကိုးမြို့နယ်ခွဲ ပူးဝမ်းကျေးရွာအနီးမှာ အစိုးရနဲ့ ကေအိုင်အို တပ်တွေရဲ့ တိုက်ပွဲကြောင့် ကလေးငယ်တစ်ယောက် လက်နက်ကြီး ကျည်ဆံထိမှန်သေဆုံးပြီး ရွာလုံးကျွတ် ထွက်ပြေးနေကြပါတယ်။
အစိုးရတပ်က တပ်မ ၉၉ လက်အောက်ခံတပ်နဲ့ ကေအိုင်အို တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၃၆ တပ်တွေအကြား တိုက်ပွဲဖြစ်ပွားရာကနေ လက်နက်ကြီးကျည်ဆံ ထိမှန်တာကြောင့် ကလေးငယ် သေဆုံးသွားတာဖြစ်တယ်လို့ မုန်းကိုး ဒေသခံတစ်ဦးက ပြောပါတယ်။
"ဖြစ်တာက ဒီမနက် ၆ နာရီနဲ့ ၆ နာရီခွဲကြားမှာ အစိုးရစစ်ကြောင်းက တပ်မ ၉၉ လို့ကြားတယ်၊ ဖြစ်တဲ့နေရာက ကေအိုင်အေ တပ်ရင်း ၃၆ နယ်မြေပေါ့၊ ဖောင်းဆိုင်ဒေသ ပူးဝမ်းဆိုတဲ့ကျေးရွာမှာပေါ့၊ အဲဒါ အစိုးရစစ်ကြောင်းကနေ လက်နက်ကြီး ၆ လုံး ရွာထဲပစ်လိုက်တယ်၊ အဲဒီမှာ ကလေး ၃ ယောက် ထိတာပေါ့၊ ကလေး ၃ ယောက်ထဲကနေ အငယ်ဆုံး အသက်က ၂ နှစ်ကျော်ပဲ ရှိသေးတယ်၊ ဇုံးမျှော် ဆိုတဲ့ အမျိုးသမီးကတော့ အသက်ဆုံးသွားပြီပေါ့၊ ကျန်တဲ့ကလေး ၂ ယောက်ကျတော့ ယောက်ျားလေးတွေ၊ တစ်ယောက်က ဒဏ်ရာပြင်းတယ်၊ နောက်တစ်ယောက်က ခြေထောက်မှာထိတာ ဆိုတော့ သိပ်မစိုးရိမ်ရဘူး၊ ဗိုက်ထိတဲ့ကလေးကျတော့ စိုးရိမ်စရာရှိတယ်"
ကျန်တဲ့ကလေး ၂ ယောက်ကို တရုတ်နိုင်ငံဘက်က ဆေးရုံမှာ ကုသနေရတယ်လို့ သိရပါတယ်။
အဲဒီတိုက်ပွဲကြောင့် အိမ်ခြေ ၆ဝ လောက်ရှိတဲ့ ပူးဝမ်းကျေးရွာက ရွာသူရွာသားတွေ အားလုံး တရုတ်နိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့လည်း သိရပါတယ်။
Photo: Kan Thar/RFA
(ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်မှာ အစိုးရတပ်မတော်နဲ့ TNLA တအာန်းအမျိုးသား တပ်မတော်တို့ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒုက္ခသည်တွေကို မတ်လ ၁၂ ရက်နေ့က တွေ့ရစဉ်)