Sunday, October 30, 2016

ရှေ့တန်းမှပြန်လာသော တပ်မတော်သားများကြိုဆိုရန် ဒသခံများသွားရောက်မည်မဟုတ်

 U Ravika and 2 others.

ရှေ့တန်းမှပြန်လာသော တပ်မတော်သားများကြိုဆိုရန် ဖလမ်းမြို့ပြည်သူနှင့် ဌာနဆိုင်ရာများကို မြို့နယ်အာဏာပိုင်ကညွန်ကြားထားသော်လည်း ဒေသခံများသွားရောက်မည်မဟုတ်
ဆလိုင်းလာနွန်အုပ်
ရှေ့တန်းမှပြန်ရောက်လာမည့် ဖလမ်းမြို့ ခ.လ.ရ တပ်မတော်သားများကို ကြိုဆိုရန် ဖလမ်းမြို့ပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများကို ဖလမ်းမြို့နယ် အာဏာပိုင်းများက ယမန်နေ့က ညွှန်ကြားထားကြောင်း ဒေသခံများထံမှသတင်းရရှိသည်။
ယင်းကဲ့သို့ကြိုဆိုရန်အတွက် ဖလမ်းမြို့ရပ်ကွက်တစ်ခုမှ ၁၀ယောက်နှုန်းပါဝင်ရန်, ဖလမ်းမြို့ အ.ထ.က (၁)ကျောင်းမှ ဘင်ခရာအဖွဲ့ ကျောင်းသား ၄၀ နှင့် ဆရာ မ ၁၀ ယောက်နှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ဖိတ်ကြားခဲ့သည်။
အဆိုပါ ကြိုဆိုပွဲကို အောက်တိုဘာ ၃၀ ရက် နေ့လည် ၁၂ နာရီတွင် ဖလမ်းမြို့တပ်ကုန်းတွင်ကျင်းပမည်ဟုသိရသည်။
"နိင်ငံခြားက ကျူးကျော်သူတွေကိုတိုက်တာမဟုတ်ပဲနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေတိုက်ခိုက်တဲ့လူတွေကို ကြိုဆိုဖို့ မလိုဘူးလို့ထင်တယ်။ စစ်အစိုးရတုန်းကတောင် ဒီလိုမကြိုဆိုဖူးဘူး။ ဘာရည်ရွယ်ချက်နဲ့လုပ်တာလဲဆိုတာမသိဘူး။ Sunday နေ့ဆိုတော့ ကျွှန်တော်တို့မှာတခြားအစီအစဉ်ရှိတယ်။ ဒါကြောင့်မသွားဘူး"ဟု ဖလမ်းမြို့ မြို့မိမြို့ဖကော်မတီဥက္ကဌ ဦးဟရန်လောမ်ကပြောသည်။
ယင်းကြိုဆိုပွဲသို့ပါဝင်ရန် ဖလမ်းခရိုင်အုပ်ချုပ်ရေးမှူးက အောက်တိုဘာ ၂၈ ရက်တွင် ၄င်းရုံး၌ပါးစပ်ဖြစ်ပြောကြားခဲ့သည်ဟု ဦးဟရန်လောမ်ကဆိုသည်။
အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ဖလမ်းခရိုင်အုပ်ချုပ်ရေးမှူးကို ယနေ့ည ၈ နာရီခွဲတွင်ဆက်သွယ်သော်လည်း ဆက်သွယ်၍မရရှိပေ။
"တနင်္လာနေ့က ကချင်ညီအစ်ကိုတွေတွက်ဆုတောင်းလို့ပြီးတာဘဲရှိသေးတယ်။ ခုလိုလုပ်တာက ကျွှန်တော်တို့ကိုစော်ကားနေတာလားလို့တောင်ယူဆလို့ရတယ်။ ဒါဟာ ဖလမ်းကို သွေးတိုးစမ်းတာဘဲ။ ဖလမ်းကရိုးအေးတယ်ဆိုပြီးနှိမ်တဲ့သဘောဘဲ"ဟု ဖလမ်းမြို့ဒေသခံ ဆလိုင်းငယ်ပီးကပြောသည်။
ဖလမ်းမြို့ အ.ထ.က( ၁)ကျောင်းအုပ်ဆရာကြီး ဦးဗျက်သို က "မြို့နယ်ပညာရေးရုံးကလည်းဖုန်းနဲ့ဖိတ်တယ်။ တပ်ကုန်းက ဗိုလ်ကြီးတစ်ယောက်လည်း ကျောင်းမှာကိုယ်တိုင်လာပြီး အကူအညီတောင်းလို့ သွားဖို့ပြောထားတယ်။ ရုံးကလည်းပြောတော့ ကျွှန်တော်တို့က အထက်ကညွှန်းကြားတာလုပ်မယ့်သူတွေဘဲလေ"ဟုပြောသည်။
ထို့ပြင် ဖလမ်းမြို့ Farthawk ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးနိုဘီလ်ဆုမ်းက "မနေ့က မြို့နယ်အုပ်ချုပ်ရေးရုံးကနေ ရှေ့တန်းလို့ဘဲသိတယ်။ ဘယ်ဒေသကပြန်လာကြတာလဲဆိုတာမသိဘူး။ လူ ၁၀ယောက်တော့ပြောထားပြီးပြီ"ဟုပြောသည်။
ဖလမ်းမြို့တွင် ရပ်ကွက် လေးခုရှိသည်။
ဖလမ်းမြို့တွင် အောက်တိုဘာ ၂၄ ရက်တွင် ကချင်စစ်ဘေးဒုက္ခသည်နှင့် ငြိမ်းချမ်းရေးအတွက် ဈေးဆိုင်များအားလုံးပိတ်ကာ ဆုတောင်းခဲ့ကြသည်။