Wednesday, October 26, 2016

စစ်တပ်ရာဇသံ ဝ-နာခံမှာလား

N-Gun Ja Wa with U Ravika 
မိုင်းလားနယ်ထဲမှာ တပ်စွဲထားတဲ့ ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA ရဲ့တပ်တွေကို အောက်တိုဘာလ ၂၄ ရက်နေ့နောက်ဆုံးထားပြီး ဆုတ်ခွာဖို့ အစိုးရစစ်တပ်က ရာဇသံ ထုတ်ပြန်လိုက်ပါတယ်။
ဒီရာဇသံကို နာခံဖို့ရာ ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော်အတွက် အခက်အခဲရှိပါတယ်။
တကယ်လို့ ဝက မနာခံဘူးဆိုရင် အစိုးရစစ်တပ်က ဘာလုပ်မလဲ။ တကယ်တိုက်ရဲရဲ့လား။ တကယ်လို့ အစိုးရစစ်တပ်က ဝင်တိုက်ခဲ့ရင်တော့ ကချင်နဲ့တိုက်ပွဲထက် အများကြီး ပိုကြီးတဲ့ တိုက်ပွဲဖြစ်လာပါလိမ့်မယ်။
မိုင်းလားနဲ့ ဝနဲ့သူတို့ မဟာမိတ်ချင်းဖြစ်တဲ့ ပြဿနာမှာ အစိုးရစစ်တပ်က သူနဲ့ဘာဆိုင်လို့ဝင်ပါပြီး အခုလို ရာဇသံပေးရတာပါလဲ။ ဒါကလည်း အကြောင်းရှိပါတယ်။ အခုပြဿနာဟာ မိုင်းလားနဲ့ဝပြဿနာထက် ပိုကျယ်ပြန့်လို့ ဖြစ်ပါတယ်။
ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံနဲ့ မိုင်းလားအကြား မိုင်းလားအဖွဲ့ထိန်းချုပ်နယ်မြေထဲက လွယ်ဆမ်ဆုမ်၊ လွယ်ကျူဆား တပ်ရင်းတွေနဲ့ ပန်မာဖိုင်းစစ်ဆေးရေးဂိတ်တွေကို စက်တင်ဘာလ ၂၈ ရက်နေ့မှာ UWSA ဝတပ်ဖွဲ့တွေက လက်နက် အင်အား အလုံးအရင်းနဲ့ ဝင်စီးနင်းခဲ့ပါတယ်။ စစ်ကား ၆၅ စီးပါဝင်ပါတယ်။ သံချပ်ကာကား ၅ စီးပါပါတယ်။
ဝင်ရောက်စီးနင်းခဲ့ပြီး မိုင်းလားတပ်သား ၁၅၀ ကျော်ကို ဖမ်းဆီးခဲ့တာကို ပူးတွဲပါ ဗီဒီယိုထဲမှာ ကြည့်နိုင်ပါတယ်။ အဲဒီနောက် မိုင်းလား စစ်သားတွေကို ပြန်လွှတ်လိုက်ပေမယ့် ဝတပ်ဖွဲ့တွေက ပြန်မသွားပဲ တပ်စွဲထားခဲ့ပါတယ်။ တပ်စွဲထားတဲ့ ဝတပ်သားအရေအတွက်က ၁၀၀၀ ကျော်ရှိပါတယ်။
အစဉ်အလာအားဖြင့် ဝဟာ မိုင်းလားရဲ့ မဟာမိတ်ဖြစ်ပါတယ်။ ဒါဆိုရင်ဝကရော မဟာမိတ်ချင်းဖြစ်တဲ့ မိုင်းလားရဲ့နယ်မြေကို ဘာကြောင့်ကျူးကျော်သိမ်းပိုက်ခဲ့ရတာပါလဲ။
အခုသိမ်းပိုက်ထားတဲ့ နယ်မြေတွေဟာ ဝရဲ့ ရှင်သန်ရပ်တည်ရေး အတွက် သိပ်အရေးပါလို့ ဖြစ်ပါတယ်။
မြန်မာအစိုးရစစ်တပ်ဟာ ဝကို ဝိုင်းရံပိတ်ဆို့ရေး အတွက် စစ်ပွဲဆင်နွှဲပြင်ဆင်နေတာ တော်တော်ကြာပါပြီ။ မြောက်ဘက်က ကိုးကန့်နယ်မြေကို စစ်တပ်က သိမ်းထားပြီးပါပြီ။ ဝရဲ့အနောက်ဘက်မှာရှိတဲ့ ရှမ်းပြည်တပ် မတော်မြောက်ပိုင်း SSPP/SSA နယ်မြေတွေကို အစိုးရစစ်တပ်က တိုက်ပွဲတွေ တဂျိမ်းဂျိမ်းဆင်နွှဲနေတာဟာလည်း ဝကို ဝိုင်းထားနိုင်ဖို့ပဲ ဖြစ်ပါတယ်။ အခုဆိုရင် ဝရဲ့ အနောက်ဘက် နေရာတော်တော်များများမှာ အစိုးရစစ်တပ်က နေရာယူထားပြီး နေပါပြီ။ တောင်ဘက် ကျိုင်းတုံ၊ မိုင်းပီးတို့မှာလည်း စစ်တပ်က စိုးမိုးထားပြီးနေပါပြီ။ ဒီတော့ ဝရဲ့ အဓိက ထွက်ပေါက်ဟာ မိုင်းလားဘက် ထွက်ပေါက်ပဲ ရှိပါတော့တယ်။ ဒါ့ကြောင့် အခုသိမ်းပိုက်ထားတဲ့ နယ်မြေတွေဟာ ဝအတွက် အရေးကြီးတဲ့ နယ်မြေတွေဖြစ်ပါတယ်။
အခုသိမ်းပိုက်ထားတဲ့နယ်မြေတွေဟာ တရုတ်၊ မြန်မာ၊ လာအိုဆုံရာ နယ်မြေဖြစ်ပါတယ်။ အဲဒီကနေ မဲခေါင်ကိုသွားမယ်။ မဲခေါင်ကနေ လာအို၊ ထိုင်း၊ ဗီယက်နမ်တွေကိုလည်း သွားလို့ ရပါတယ်။ အဲဒီနေရာတွေဟာ မဟာမိတ် မိုင်းလားလက်ထဲရှိနေသမျှမှာ ဝအတွက်လုံခြုံစိတ်ချရပေမယ့် မိုင်းလားအဖွဲ့ရဲ့ နိုင်ငံရေး အပြောင်း အလဲဖြစ်သွားပြီး အဲဒီနေရာတွေကို အစိုးရစစ်တပ်ကသာ လွှမ်းမိုးပိတ်ဆို့ထားနိုင်ခဲ့ရင် တော့ ဝအတွက် ပြဿနာသိပ်ရှိသွားနိုင်ပါတယ်။ ဒါ့ကြောင့် ဝက အဲဒီနေရာကို ဝင်ရောက်သိမ်းပိုက်လိုက်တာ ဖြစ်ပါတယ်။
ဝကမိုင်းလားအပေါ်မှာ ဘာ့ကြောင့် ယုံကြည်မှုပျက်ပြားလာတာပါလဲ။ စစ်တပ်ကိုယ်စားလှယ် ခင်ဇော်ဦးတို့ ဒီချုပ်ကိုယ်စားလှယ် ဒေါက်တာတင်မျိုးဝင်းတို့ ဝတို့မိုင်းလားတို့နဲ့ လာဆွေးနွေးကြစဉ်တုန်းက ရခိုင်တပ်မတော်၊ တအာင်းပလောင်းနဲ့ ကိုးကန့်တို့ ပါခွင့် မရရင် ဘာစာချုပ်မှ လက်မှတ်မထိုးနိုင်ဘူးလို့ ဝရဲ့ ပြောရေးဆိုခွင့်ရှိ ကျောက်ကော်အန်းက ပြတ်ပြတ်သားသားပြောပြီးသားပါ။ ခင်ဇော်ဦးကလည်း မကျေနပ်ရင် တိုက်ကြပေါ့ကွာလို့ပြောပြီး ဆွေးနွေးပွဲစားပွဲဝိုင်းကနေ ခပ်ရိုင်းရိုင်းပဲ ထထွက်သွားခဲ့ပါတယ်။ ဘာသေနတ်မှ မရှိဘဲ လေပဲ ရှိရှာတဲ့ ဒေါက်တာတင်မျိုးဝင်းကတော့ တင်ပြပေးပါမယ်ပဲ မျက်နှာငယ်ငယ်နဲ့ ပြောခဲ့ရပါတယ်။ ဝနဲ့မိုင်းလားတို့မှာ ဒီလို မူအခိုင်အမာ ရှိထားခဲ့ပေမယ့် မိုင်းလားဟာ ၂၁ ရာစုပွဲက အပြန်မှာ ဒေါ်အောင်ဆန်းစုကြည်ဖက် ခပ်ပါပါဖြစ်ပြီး သုံးဖွဲ့မပါမထိုးရေးမူကိုဖောက်ပြီး လက်မှတ်ထိုးချင်လာတယ်။ စစ်တပ်နဲ့နီးစပ်တဲ့ ဗကပသစ္စာဖောက် တချို့ဟာလည်း မိုင်းလားနဲ့ စစ်တပ်အကြားပွဲစားလုပ်လာတာ တွေ့ရတယ်။
ဒီလိုအခြေအနေမျိုးအောက်မှာ မိုင်းလားက သူတို့လက်မှတ်ထိုးချင်လာပြီလို့ သဘောထားထုတ်ဖော်လာတဲ့ အတွက် ဝကစိုးရိမ်လာတာဖြစ်ပါတယ်။ မိုင်းလားက လက်မှတ်ထိုးပြီး မိုင်းလားနယ်မြေတွေကို စစ်တပ်က စိုးမိုးထိန်းချုပ်လိုက်ရင် ဝရဲ့လုံခြုံရေးဟာသိပ်စိုးရိမ်စရာ ဖြစ်လာပါပြီ။ စစ်တပ်ဘက်ကလည်း ဝရဲ့တောင်ပံနယ်မြေတွေ Buffer zone တွေကို စစ်ရေးအရတိုက်ခိုက်နေတာ ကြာပါပြီ။ ရှမ်းမြောက် SSPP/SSA တို့ တအာင်း TNLA တို့ကို တောက်လျှောက်တိုက်ခိုက်လာပေမယ့် မိုင်းလားဟာ ဝရဲ့အမာခံမဟာမိတ်တွေ ဖြစ်ခဲ့တဲ့ အတွက် စစ်ရေးအရ ဘယ်လိုမှ မထိရဲခဲ့ပါဘူး။ အခု ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၂၁ ရာစုပင်လုံညီလာခံနဲ့ ကြားပွဲစားတချို့ရဲ့ ကောင်းမှုနဲ့ကျမှ မိုင်းလားကို ဖဲ့ထုတ် စည်းရုံးလာနိုင်တာ ဖြစ်တာတဲ့အတွက် ၂၁ ရာစုပင်လုံဟာ မင်းအောင်လှိုင် စစ်တပ် အတွက်တော့ တော်တော် အကျိုးပြုတယ်လို့ ဆိုနိုင်ပါတယ်။
ဝအတွက်တော့ စိုးရိမ်ပူပန်စရာ ဖြစ်လာတဲ့ အတွက် အခုလို မဟာမိတ်အချင်းချင်း ဝင်ရောက်စီးနင်း သိမ်းပိုက်တဲ့ အထိလုပ်လာခဲ့တာ ဖြစ်ပါတယ်။
ဒါဆိုရင် သူတို့ မဟာမိတ်ချင်းဖြစ်တဲ့ ပြဿနာမှာ စစ်တပ်က ဘာလို့ ဝင်ပြီး ရာဇသံပေးရတာလဲ ဆိုတာဟာလည်း ရုပ်လုံးပေါ်လာပါပြီ။ စစ်တပ်ကလည်း အဲဒီနေရာကိုလိုချင်ပါတယ်။ အဲဒီနေရာကို အပိုင်စီး ထားပြီး ဝကိုပိတ်ဆို့ချေမှုန်းရေးဟာ စစ်တပ်ရဲ့ အကြံဖြစ်ပါတယ်။ ဝနဲ့မိုင်းလားကို တတ်နိုင်သမျှ သွေးခွဲရေးဟာလည်း စစ်တပ်ရဲ့ ဗျူဟာပဲ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီချုပ်အစိုးရကတော့ စစ်တပ်လူလုံးလုံးဖြစ်နေပါပြီ။
ဒီလိုအခြေအနေမှာ ဝဟာ စစ်တပ်ရဲ့ ရာဇသံကို ဘယ်လိုမှ နာခံမှာ မဟုတ်ဘူးဆိုတာ တော်တော်သေချာနေပါတယ်။ စစ်တပ်ရဲ့ ရာဇသံကို နာခံလိုက်ရင် ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်သလို ရှိနေမှာမို့ပါ။
ဝက မနာခံရင် စစ်တပ်ကရော တကယ်တိုက်မှာလား။ မြက်ခုတ်တဲ့ဓားကိုင်ထားတဲ့ ရိုဟင်ဂျာတွေကိုတောင် နိုင်အောင် မတိုက်နိုင်တဲ့ စစ်တပ်ဟာ အင်အား သုံးသောင်းကျော်ရှိပြီး ခေတ်မီလက်နက်တွေကိုလည်း ပိုင်ထားတဲ့ ဝကိုတိုက်ရင် မိုက်ရာကျမှာ အမှန်ပါပဲ။ ကိုယ့်သေတွင်းကိုယ်တူးသလို ရှိမှာပါပဲ။
ဒါပေမယ့် အထက်ကအမိန့်ပေးတဲ့သူတွေဟာ တကယ်စစ်တိုက်တဲ့သူတွေ မဟုတ်ပါဘူး။ တကယ်တိုက်ရတာက အောက်ခြေစစ်သားတွေပါ။ အဲဒီအောက်ခြေစစ်သားဆိုတာတွေထဲမှာ အထက်က အမိန့်ပေးတဲ့ ဗိုလ်ချုပ်ကြီး၊ ဗိုလ်ချုပ်လေးတွေရဲ့သားတွေလည်း ပါတာမဟုတ်ပါဘူး။ အောက်ခြေစစ်သားတွေဟာ သူတို့အတွက် နယ်ရုပ်ကလေးတွေပါ။ ဒီတော့ ဒီနယ်ရုပ်ကလေးတွေကို ထိုးကျွေးလိုက်ဖို့ဟာလည်း သူတို့ အတွက် သိပ်တော့ အပန်းမကြီးလှပါဘူး။ ဒီလိုနယ်ရုပ်ကလေးတွေကို ထိုးကျွေးလိုက်ပြီး စစ်သားတွေ၊ ဗိုလ်ပေါက်စတွေ သေကြကြေကြတော့ စစ်တပ်က ကရုဏာတွေ ရခဲ့ဖူးတာ တွေလည်း ရှိခဲ့တော့ ဒီလိုနည်းနဲ့ မျက်ရည်ချူစားချင်တဲ့ အကျင့်စရိုက်မျိုးတွေ စစ်ဗိုလ်ချုပ်ကြီးတွေဆီမှာ ရှိနေကြပါပြီ။ ဒီတော့ မနိုင်မှန်းသိလျက်နဲ့လည်း သူတို့က နယ်ရုပ်ကလေးတွေကျွေးပြီး တိုက်ချင်တိုက်မှာ ပါ။ ဒါ့အပြင် စစ်ပွဲတွေ တနေရာပြီး တနေရာ တနိုင်ငံလုံးသွက်သွက်ခါအောင် တိုက်ပြခြင်းအားဖြင့် ၂၁ ရာစု ပင်လုံငြိမ်းချမ်းရေးညီလာခံကြီး ဟာသဖြစ်နေတာကိုလည်း စစ်ဗိုလ်ချုပ်ကြီးတွေက အရသာခံ သဘောကျတတ်ကြပါတယ်။
စိတ်ပျက်စရာကောင်းတာကတော့ စစ်တပ်ဘက်က ဘယ်လောက်ပဲ အကောက်ကြံကြံ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီချုပ်ဆိုတဲ့ အာဏာမဲ့အစိုးရတို့က စစ်တပ်ကို ဘယ်လိုမှ စိတ်မပျက် စိတ်မနာနိုင်ပဲ တပ်မတော်သာအမိ၊ တပ်မတော်သာအဖ လုပ်နေကြတဲ့ အချက်ပဲ ဖြစ်တယ်။
တကယ်လို့ ဝနဲ့သာ တိုက်ပွဲဖြစ်လာခဲ့ရင် အကြီးကျယ်ဆုံးပြည်တွင်းစစ်ကြီးဖြစ်လာမှာပါ။ စစ်တပ်က အရှက်ကွဲခံ၊ သူ့စစ်သားတွေ အသေခံပြီး တိုက်မလားမတိုက်ဘူးလားဆိုတာကတော့ စောင့်ကြည့်ရပါလိမ့်မယ်။
တကယ်လို့ စစ်ပွဲကြီးများဖြစ်ခဲ့ရင် စစ်မီးတွေ ပွားသထက်ပွားအောင်လုပ်တဲ့ တရားခံစာရင်းမှာ စစ်အုပ်စု၊ စစ်အာဏာရှင်တွေက ထိပ်ဆုံးမှာ ရှိမှာ ဖြစ်သလို၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ၂၁ ရာစုပင်လုံညီလာခံတို့လည်း ပူးတွဲ တရားခံစာရင်းကနေ ပြေးလွတ်နိုင်မှာ မဟုတ်ပါဘူး။
ဇော်ဝင်း
၈၈ ဗကသ ကျောင်းသားဟောင်း
Photo-Credit