Wednesday, October 26, 2016

KACHIN INDEPENDENCE ORGANIZATION (KIO) "ဘာကြောင့်ပေါ်ပေါက်လာရသလဲ"

Wathan Mokethone's post.


---------------------------------------------------------
"You Idiot"
"အရူးတွေ" လို့ပြောလိုက်တာထင်တယ်၊
ခေတ်စကားနဲ့ပြောရမယ်ဆိုရင်၊ NLD မှ ဘဘဦးဝင်းထိန် ပြောသလို "စောက်ရူးတွေ"ပေါ့။
"YOU IDIOT" ဆိုတာ ကချင်တွေအတွက်တော့ သမိုင်းဝင်စကားလုံးတစ်ခုပါ။
(၁၉၅၆)ခုနှစ် ရန်ကုန်မြို့ ဝန်ကြီးများရုံး အဆောက်အအုံတွင်၊ ဖဆပလ ခေါင်းဆောင်၊ နိုင်ငံတော်ဝန်ကြီးချုပ် ဦးနုက မိမိကိုလာရောက်တွေ့ဆုံသော ရန်ကုန်တက္ကသိုလ်မှ ကချင်တက္ကသိုလ် ကျောင်းသားများကို ထိုင်နေရာမှ ချက်ချင်းထရပ်ကာ၊ တောက်ခေါက်၊ လက်ညိုးထိုးပြီး ဒေါသတကြီးဖြင့် "YOU IDIOT" ဟုပြောဆိုကာ အစည်းဝေးခန်းမှ ချက်ချင်းနှင်ထုတ်ခဲ့ပါသည်။ နိုင်င်ငံတော်ဝန်ကြီးချုပ်ကိုပင်ထိုမျှလောက် ဒေါသထွက်စေ လောက်အောင်၊ ကချင်ကျောင်းသားများက မည်သည့်အကြောင်းအရာနှင့် ပတ်သတ်၍ ပြောကြားခဲ့ပါသနည်း။ နိုင်ငံတော်ဝန်ကြီးချုပ်ကို ရာထူးမှ ချက်ချင်းဆင်းပေးရန် ပြောဆိုခဲ့မှုကြောင့်လား (သို့မဟုတ်) မည်သည့်အကြောင်းကြောင့်နည်း။
ဖီမော၊ ဂေါ်လမ်၊ ကမ်ဖန်ဒေသ
------------------------------------
ယနေ့မြန်မာနိုင်ငံသားများသည် ဖီမော၊ ဂေါ်လမ်၊ ကမ်ဖန် ဟူသည့် ဒေသကြီးသုံးခုအကြောင်း သိရှိမည်မဟုတ်တော့ပေ။ အဘယ်ကြောင့်ဆိုသော် နိုင်ငံတော်ဝန်ကြီးချုပ် ဦးနုက ယင်းဒေသကြီးသုံးခုကို (၁၉၅၆) ခုနှစ်တွင်၊ မြန်မာနိုင်ငံမြေပုံမှ တရုတ်နိုင်ငံမြေပုံသို့ ပြောင်းလဲရေးဆွဲပေးခဲ့ပြီ ဖြစ်သောကြောင့်ဖြစ်သည်။
ဒူဝါဇန်ထာဆင် (ကချင်ပြည်နယ်ခေါင်းဆောင်) နှင့် နိုင်ငံတော် ဝန်ကြီးချုပ် ဦးနုတို့သည် (၁၉၅၆)ခု နိုဝင်ဘာ (၁၁) ရက်နေ့တွင် တရုတ်နိုင်ငံ ပီကင်းမြို့သို့ ရောက်ရှိခဲ့သည်။ ပီကင်းမြို့တွင် တရုတ်ပြည်ခေါင်းဆောင် မော်စီတုန်းနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး၊ ကချင်ပြည်မှ ဖီမော၊ ဂေါ်လမ်၊ ကမ်ဖန် ဒေသသုံးခုကို တရုတ်နိုင်ငံသို့ ပေးအပ်ရန်အရေးကို ဦးနုက ဒူဝါဇန်ထာဆင်မပါပဲ သီးခြားဆွေးနွေးခဲ့သည်။ ပီကင်းရုပ်ရှင်ရုံသို့ ရုပ်ရှင် သွားကြည့်သည့်အခါမှ ထိုအကြောင်းပြောရာ ဒူဝါဇန်ထာဆင်က ပြည်သူလူထူ၏ သဘောထားခံယူပြီးမှ ဆက်လက်လုပ်ဆောင်ရန် သင့်ကြောင်း ပြောကြားခဲ့ရာ ဦးနုက "YOU ARE HOPELESS LEADER" ဟုသာ တုန့်ပြန်ပြောဆိုပြီး၊ ထိုဖီမော၊ ဂေါ်လန်၊ ကမ်ဖန်ဒေသတို့ကို တရုတ်နိုင်ငံသို့၊ အပြီးတိုင် ရောင်းချ ပေးအပ်ခဲ့လိုက်ပြီဖြစ်သည်။ ထိုသတင်းကို ကြားထားပြီဖြစ်သော ရန်ကုန်တက္ကသိုလ်မှ ကချင်ကျောင်းသားများသည် ဝန်ကြီးချုပ်ဦးနု ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာသည့်မကြာမီပင် သွားရောက်တွေ့ဆုံ ကန့်ကွက်ကြောင်းပြောကြားရာ ဦးနုက ထိုင်နေရာမှ ချက်ချင်းထရပ်ကာ၊ တောက်ခေါက်၊ လက်ညိုးထိုးပြီး ဒေါသတကြီးဖြင့် "YOU IDIOT" ဟုပြောကာ အစည်းဝေးခန်းမှ ချက်ချင်းနှင်ထုတ်ခဲ့ပါသည်။
"7 STARS" အဖွဲ့ပေါ်ပေါက်လာခြင်း
---------------------------------------------
ထိုကဲ့သို ဘိုးဘေးဘီဘင်ဘောင်ဆက်ကတည်းက ပိုင်ဆိုင်ခဲ့သော မိမိတို့၏ ဖီမော၊ ဂေါ်လမ်၊ ကမ်ဖန်ဒေသကို ဆုံးရှုံးခဲ့ရသည်သာမက၊ ယခုလို နိုင်ငံတော်အကြီးအကဲ တစ်ယောက်၏ လူကြီးမဆန်စွာ တုန့်ပြန်ပြောဆိုဆက်ဆံမှုတို့သည် ထိုဒေသ၏ ပြည်နယ်သား၊ ထိုဒေသ၏ ပကတိပိုင်ရှင်ဖြစ်သော ကချင်လူမျိုး၊ ကချင်တက္ကသိုလ်ကျောင်းသားများ၏ ရင်ရင်ထဲတွင် ပြန်းထန်စွာ နာကြင်ခံစားခဲ့ရသည်။ စိတ်ခုခဲ့ရသည်။
ထို့ကြောင့် ကချင်တက္ကသိုလ်ကျောင်းသားများက နိုင်ငံတော်အရေး၊ ပြည်နယ်အရေးတို့ကို နိုင်ငံသားများနှင့် လုံးဝတိုင်ပင်ခြင်းမရှိဘဲ အာဏာရှင်ဆန်စွာ ဆုံးဖြတ်ပြုမူတတ်သူတို့၏ အန္တရာယ်မှ ကာကွယ်ရန်၊ ကြီးမားသော အမျိုးသားရေးအခွင့်အရေး ချိုးဖောက်ခံရမှုကိုတားဆီးဖြေရှင်းနိုင်ရန်၊ လျစ်လျူရှုခံရသော ဖက်ဒရယ် ပဋိညာဉ်ကို ပြန်လည်ဖော်ဆောင်နိုင်ရန်ဟူသော အမျိုးသားရည်မှန်းချက်များဖြင့် (၁၉၅၈)ခုနှစ်တွင်
"7 STARS" "7 MAJAN" ဟူသာအဖွဲ့ကို စတင်ဖွဲ့စည်းခဲ့သည်။ တိတ်ဆိတ်ငြိမ်သက်နေသောညတစ်ညတွင် လူခုနှစ်ဦးဖြင့် လျှို့ဝှက်စွာ ဆွေးနွေးနေရာ၊ ကောင်းကင်ထက်၌ ကြယ်ခုနှစ်စင် ထူးဆန်းစွာပေါ်ထွက်လာသောကြောင့်၊ "7 STARS"ဟူ၍ အမည်နာမ ပေးခဲ့ခြင်းဖြစ်သည်။
၎င်း "7 STARS" အဖွဲ့သည် KIO ပေါ်ပေါက်လာခြင်း၏ အစပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ယင်း 7 STARS အဖွဲ့မှပင်အခြေခံကာ နောက်ပိုင်းတွင် KIO အဖွဲ့ ပြန်လည် ပေါ်ထွန်းလာသော ကြောင့်ဖြစ်သည်။
7 STARS အဖွဲ့ဝင်များမှာ-
1. Lahtaw Zau Tu ဥက္ကဌ
2. Hpauyu Tu Lum အတွင်းရေးမှူး
3. Malizup Zau Mai အတွင်းရေးမှူး (နောက်ပိုင်း)
4. Pungshwi Zau Seng အဖွဲ့ဝင်
5. KD Brang Gam ။
6. Nahpaw Gun Jawng ။
7. Malang Shawng ။ တို့ဖြစ်သည်။
KACHIN INDEPENDENCE ORGANIZATION (KIO) ပေါ်ပေါက်လာခြင်း
----------------------------------------------------------
(၁၉၅၉) ခုနှစ်တွင်၊ ဒူဝါဇော်ဆိုင်းသည် ကရင်ပြည်နယ်၊ ထိုင်းနယ်စပ်တစ်နေမှ၊ လျှမ်းပြည်မြောက်ပိုင်း လားရှိုး၊ သိန္နီဒေသသို့ လျှို့ဝှက်ရောက်ရှိလာကာ၊ ထိုဒေသတစ်လျှောက်တွင် အမျိုးသားရေးစည်းရုံးမှုများ လုပ်ဆောင်ခဲ့သည်။ ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်တို့တွင် စည်းရုံးလှုပ်ရှားနေသော 7 STARS မှ ဒူဝါဇော်တူးသည်လည်း (၁၉၆၀)ခုနှစ်တွင် လားရှိုးမြို့တွင်ရောက်ရှိနေသော ဒူဝါဇော်ဆိုင်းကို လာရောက်တွေ့ဆုံခဲ့သည်။
မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရပြီးချိန် (၁၉၄၈) ခုနှစ်မှစတင်၍ (၁၉၆၀)ခုနှစ် နောက်ပိုင်းထိ၊ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များ ဆက်တိုက်ဆိုသလိုပေါ်ပေါက်လာခဲ့သည်။ အကြောင်းမှာ မြန်မာအစိုးရက ပင်လုံစာချုပ်ကိုအခြေခံကာ ဖြစ်ပေါ်လာသော ပြည်ထောင်စုမြန်မာနိုင်ငံကို၊ ဗမာလူမျိုးကြီးဝါဒ (Burmese Chauvinism) စတင်ကျင့်သုံးကာ တိုင်းရင်းသားများကို နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေး၊ လူမျိုးရေး အဖက်ဖက်တွင် ဖိနှိပ်ချုပ်ချယ်လာသည်။ ပြည်ထောင်စု၏ တစ်စိတ် တစ်ပိုင်းပိုင်ရှင်ဖြစ်သော ကချင်၊ ရှမ်း၊ ချင်း စသဖြင့် ဗမာမဟုတ်သော လူမျိုးများအားလုံးကို (တိုင်းရင်းသားများ) ဟူ၍ သမုတ်ကာ မိမိ၏ လက်အောက်ခံ လူမျိုးများအဖြစ် မှတ်ယူကာ ဖိနှိပ်အနိုင်ကျင့် အုပ်ချုပ်ခဲ့ပြီး ပကတိနိုင်ငံသားအခွင့်အရေးများပါ ဆုံးရှုံးခဲ့ရသည်။ ပိုဆိုးသည့်အချက်မှာ ပင်လုံစာချုပ်၏ ဘုံအခြေခံအချက်ဖြစ်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို မသိကျိုးကျွန်ပြုကာ "Federal" အစား "Unitary" တစ်ပြည်ထောင်ပုံစံကို တည်ထောင်လာပြီး ပြည်ထောင်စုမှာ အမည်ခံသာဖြစ်ခဲ့ရသည်။ ပင်လုံစာချုပ်မတိုင်မီ အချိန်ထိ မည်သည့်တိုင်းရင်သားမှ ဗမာလက်အောက်နေရန် လက်မှတ်ရေးထိုးထားခြင်းမရှိသည့်အပြင်၊ မိမိတို့ကို လာရောက်စည်းရုံးခဲ့သော ဗမာခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းကို ယုံကြည်ကာ အတူတကွ ပူးပေါင်းပြီး အင်္ဂလိပ်လက်မှ လွတ်လပ်ရေးယူခဲ့သော တိုင်းရင်းသားလူမျိုးများအားလုံးသည် နာကြည်းမှုတွေ၊ ခါးတီးမှုတွေများလွန်းလာပြီဖြစ်ရာ မလွှဲသာ မလျှောင်သာသဖြင့် တောခိုကာ မိမိတို့ရသည့်ရထိုက်သော အခွင့်အရေးကို ပြန်လည်ရရှိရန်ဟူသော ရည်ရွယ်ချက်များဖြင့် လက်နက်ကိုင်တပ်များ တစ်ဖွဲ့ ပြီးတစ်ဖွဲ့ ထူထောင်လာရာ ၁၉၆၀ ခုနှစ်နောက်ပိုင်းတွင် တိုင်းရင်းသားအမည် သမုတ်ခံထားသော လူမျိုးစုများအားလုံးနီးပါး တောခို၊ လက်နက်ကိုင်တော်လှန်နေပြီဖြစ်သည်။
ဒူဝါဇော်ဆိုင်းနှင့် ဒူဝါဇော်တူးတို့သည်လည်း ထိုသို့တွေဆုံစဉ် အထက်ပါအကြောင်းအရာများကို အခြေခံ၍ ကချင်ပြည်နှင့် ကချင်ဒေသတစ်လျှေက်တွင် ထိုကဲ့သို့သော အမျိုးသားလှုပ်ရှားမှုမျိုး မဖြစ်မနေပြုလုပ်ရတော့မည် ဖြစ်ကြောင်းကို အသေးစိတ် ဆွေးနွေးတိုင်ပင်ခဲ့ကြသည်။
ထို့နောက် (၁၉၆၀)ခုနှစ် ဆောက်တိုဘာ (၂၅) ရက်နေ့တွင် ရှမ်းမြောက် လားရှိုးမြို့တစ်နေရာတွင် ကချင်ပြည်၊ ကချင်ဒေသတစ်ဝှမ်းမှ မျိုးချစ်လူကြီး၊ လူငယ်၊ တက္ကသိုလ်ကျောင်သားများ တွေ့ဆုံဆွေးနွေးတိုင်ပင်ပြီး ကချင်လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ကို ထူထောင်နိုင်ရန်အတွက် အဘက်ဘက်မှ စည်းရုံးလှုပ်ရှားရန်နှင့်၊ လက်တွေကျကျ အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် KACHIN INDEPENDENCE ORGANIZATION (KIO) ကိုဖွဲ့စည်းခဲ့ပြီး၊ နိုင်ငံရေး အဖွဲ့အစည်းကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက်
(၁) ကော်မတီဖွဲ့စည်းခြင်း
(၂) အလုပ်တာဝန်များခွဲဝေခြင်းတို့ကို ဆွေးနွေးတိုင်ပင် သဘောတူအတည်ပြုနိုင်ခဲ့ပြီဖြစ်သည်။
ကော်မတီတွင် -
၁။ ကော်မတီဥက္ကဌ - Duwa Zau Seng
၂။ ဒုဥက္ကဌ - Duwa Zau Tu
၃။ အတွင်းရေးမှူး - Lama La Ring
၎။ ကော်မတီ အဖွဲ့ဝင်များ -
1. Pungshwi Zau Seng
2. Lamung Tu Jai
3. Dumhpau Gawng
4. Zau Dan (A) Zau Hkyen
5. Malizup Zau Mai
6. Maran Brang Seng
7. Hkangda Brang Gam
8. Namsu ZaunTawng
9. Hkangsau Kum Htoi
10. Luk Tang Ji
11. Malang Shawng တိုဖြစ်သည်။
ယခုကဲ့သို့ ဖွဲ့စည်းခဲ့သော KIO ကော်မတီမှ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မှုတို့ကြောင့်၊
(၁၉၆၁) ခုနှစ် ဇန်နဝါရီလ (၅) ရက်နေ့တွင်
KIC - KACHIN INDEPENDENCE COULCIL
(၁၉၆၁)ခုနှစ် ဖေဖော်ဝါရီလ (၅) ရက်တွင်
KIA - KACHIN INDEPENDENCE ARMY
တို့ကို လက်တွေ့ကျကျ ဖွဲ့စည်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်သည်။
KACHIN INDEPENDENCE ORGANIZATION - KIO သည် ကချင်လူမျိုးများ ရသင့်ရထိုက်သော အခွင့်အရေးများကို ပြန်လည်ရရှိရန်နှင့် ပင်လုံစာချုပ်တွင် အခြေခံဘုံသဘောတူညီချက်ဖြစ်သော ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် စတင်ဖွဲ့စည်းခဲ့ချိန် (၁၉၆၀)ခုနှစ် အောက်တိုဘာ (၂၅)ရက်မှစတင်ကာ
၁။ လက်နက်ကိုင်တော်လှန်ခြင်း
၂။ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးခြင်
၃။ အခြား ဘဝတူ တိုင်းရင်းသား လက်နက်ကိုင်များဖြင့် အတူတကွ ပူးပေါင်းခြင်း
ဟူသော အချက်များဖြင့် ခေတ်အဆက်ဆက်၊ အစိုးရအဆက်ဆက်၊ ယနေ့ထိတိုင် ဆက်ဆက်အကောင်အထည်ဖော် ကြိုးပမ်းဆောင်ရွက် တိုက်ပွဲဝင်နေဆဲဖြစ်သည်။
¤《Namsim Tsabawk》¤