Sunday, October 9, 2016

Gidon Post ကို ဘရန်မိုင် ရဲ. ရင်ဖွင့် ကဗျာ


*************
်သို့.... မြေပြန့်သားများ
ဒီတောင်၊ ဒီကုန်းကိုရဖို့ နင်တို့တွေတစ်ယောက်သေ နှစ်ယောက်တက်၊ နှစ်ယောက်သေ လေးယောက်တက်၊ လေးယောက်သေရှစ်ယောက်တက် ပုံစံမျိုးနဲ့ ချီတက်လာကြတယ်။
သို့.... မြေပြန့်သားများ
ထားပါတော့....ဒီတောင်၊ ဒီကုန်းကိုရပြီထားပါတော့။ နင်တို့ဘာလုပ်ကြလိမ့်မလည်း? ငါသိပါတယ်... နင်တို့လည်း ငါတို့လုပ်သလိုပဲ ရေကိုအဝေးကြီးကနေ ခပ်သောက်ရလိမ့်မယ်။ ရေဒီယိုနားဆင်ဖို့ သီချင်းနားထောင်ဖို့ နေသာတဲ့နေ့ကိုစောင့်ရလိမ့်မယ်။ နေ့ချင်းပြန်ရောက်နိုင်တဲ့ ခရီးမှာ အိမ်ကဆွေမျိုး၊ ချစ်သူတွေပို့လိုက်တဲ့စာတွေ ပစ္စည်းတွေကို ၃၊၄ လနေမှ လက်ခံရရှိလိမ့်မယ်။ နင်တို့များ ငါတို့လို ရွေ့ပြောင်းတောင်ယာတွေ မလုပ်ကိုင်စားတတ်လေတော့ တစ်လတစ်ခါ နှစ်လတစ်ခါ ရောက်လာမယ့်ရိက္ခာကို လည်တစ်ဆန့်ဆန့်မျှော်ရလိမ့်မယ်။
သို့.... မြေပြန့်သားများ
နင်တို့တွေ ငါတို့ရဲ့ဒီတောင် ဒီကုန်းကိုသိမ်းပိုက်နိုင်ဖို့ တစ်နေ့တစ်လံ ကတုတ်ကျင်းတွေတူးပြီးလာကြတယ်လေ။ ငါသိပါတယ်။ နင်တို့အရမ်းပင်ပန်းနေပြီဆိုတာ။ နင်တို့ဝတ်ထားတဲ့ uniform တွေဆိုတာ တစ်ပတ်နေမှတစ်ခါမလျှော်ဖြစ်ဘူးဆိုတာ။ နင်တို့ရဲ့ခြေလမ်းတိုင်းဟာ ဗုံးများနင်းမိလေမလားဆိုတဲ့စိုးရိပ်စိတ်နဲ့ ခရီးဆက်နေရတယ်ဆိုတာ။ မီးခိုးတိတ်ရိက္ခာခြောက်တွေပဲစားနေရလို့ နင်တို့အသားအရေတွေဟာ vitamin ချို့တဲ့သလို ညစ်ရော်နေပြီဆိုတာ။ တစ်ခါတစ်လေ ဆေးလိပ်တစ်လိပ်၊ coffee mix တစ်ထုပ်ကို လူ ၃၊၄ယောက်လောက် ပေါင်းသောက်နေရမယ်ဆိုတာ။ ငှက်ဖျားဒဏ်မခံနိုင်လို့အိမ်ကိုလွမ်းနေပြီဆိုတာ။ အနီးနားက သူငယ်ချင်းတွေပျောက်ပျောက်သွားလို့ စိတ်မကောင်းဖြစ်တဲ့သူတွေ၊ ဒေါသထွက်တဲ့သူတွေ၊ ကလက်စားချေချင်တဲ့သူတွေ ရှိနေမယ်ဆိုတာ။ ဆိုတာ...ဆိုတာတွေပေါ့။ အဆိုးဆုံးက နင်တို့ထဲက အချို့ဟာ စိတ်ကြွဆေးတွေအလွန်အကျွံ့ စွဲနေတယ် ဆိုတာပါပဲ။
သို့.... မြေပြန့်သားများ
ကိုလေးဖြူ ရဲ့သီချင်းနားထောင်ဖူးမှာပါ။ 'လူဆိုတာအမြဲ ယုံကြည်ရာတစ်ခုအတွက် အသက်ကိုတောင်စတေးကြတာပဲ' တဲ့။ နင်တို့ဘာ့ကြောင်းများအသက်တွေကို စတေးရတဲ့အထိ ဒီမြေ ၊ ဒီတာင်တန်းတွေကိုပိုင်ဆိုင်ချင်ကြတာလဲ? သေချာစဉ်းစားကြည့်ပါ။ လက်ရှိနင်တို့ ပိုင်ဆိုင်ထားနင့်ပြီးဖြစ်တဲ့ ငါတို့ရဲ့မြေ ငါတို့ရဲ့တောင်တန်းတွေဟာ ငါတို့ဘိုးဘွားတွေပိုင်ဆိုင်ကြောင်း သင်္ကေံသတွေ၊ အမှတ်အသားတွေ ဂူဗိမ္မာန်တွေ အများကြီးတွေ့နေရမယ်ဆိုတာ နင်တို့မငြင်းပါနဲ့။ ဒါနဲ့များ နင်တို့မြေ ၊ နင်တို့ရေ၊ နင်တို့ဆွေမျိုးအတိုင်းအဝိုင်းတွေကိုစွန့်ပြီး ငါတို့ရဲ့မြေ ငါတို့ရဲ့တောင်တန်းတွေကိုမှ အသက်ကိုတောင်စွန့်ရဲတဲ့အထိ လိုချင်နေကြတယ်နော်။ နင်တို့ 'အတ္တ' မကြီးလွန်းဘူးလား? နင်တို့ရဲ့ 'ယုံကြည်မှု' ဆိုတာက ဘာကြီးလဲ?
သို့... မြေပြန့်သားများ
နင်တို့ထဲကတော်တော်များများက ကိုယ်လုပ်နေရတာတွေဟာ ကိုယ်ဖြစ်ချင်တာတွေမဟုတ်မှန်း ငါသိတယ်။ အေးပေါ့.... ဘယ်သူက သတ်တာ၊ ဖြတ်တာကိုမှ ဝါသနာထုံ မလည်းလေ... နော့်။ နင်တို့ ကိုးကွယ်တဲ့ ဘာသာရေးအယူအစ ဆိုရင် ပုရွက်ဆိတ်တစ်ကောင်၊ ခြင်တစ်ကောင်တောင် သတ်ဖြတ်ဖို့ဝန်လေးကြတယ်လေ။ ဒါနဲ့များ နင်တို့တွေဟာ သတ်ဖြတ်ခြင်းဆိုတာကြီးကို ကာယကံကျကျကျူးလွန်ဖို့ ဝဇိန်ခြွေတဲ့လက်နက်တွေနဲ့ ရှေ့တန်းအကျဆုံးနေရာကပါဝင်နေကြတယ်။ ငါတော့နားကိုမလည်နိုင်တော့တာပါ။ အေးပေါ့လေ... နင်တို့ပြောသလို ရှေးဘဝက ကုသိုလ်ကံကြောင့်လည်း ဖြစ်ချင်ဖြစ်နေမှာပေါ့။
သို့.... မြေပြန့်သားများ
နင်တို့ပြောပြောနေကျလေ။ ညီအကိုရင်းတွေ၊ သွေးချင်းတွေ၊ ညီနောင်တိုင်းရင်းသားတွေ ဆိုတာလေ.... နင်တို့ကအဲ့ဒီလိုပြောပြောပြီး ငါတို့တို သတ်ဖြတ်ဖို့ ငါတို့မြေကိုသိမ်းပိုက်ဖို့ လူသတ်လက်နက်တွေနဲ့ ရှေ့တိုးလာကြတာနော်။ အဲ့ဒီတော့ငါတို့က နင်တို့ကို ပန်းစီးတွေ၊ လက်ဆောင်ပစ္စည်းတွေနဲ့ဘယ်ကြိုနိုင်လိမ့်မလည်း။ ညီအကိုချင်းပေမယ့် 'ရန်သူ' ဆိုတဲ့စစ်မျက်နှာပြင်ဖက်က တက်လာရင် ဘယ်လိုရင်ဆိုင်ရမယ်ဆိုတာ ငါတို့နင်တို့ကို ဘဝပေးအခြေအနေက သင်ကြားပြီးသားပါ။
သို့.... မြေပြန့်သားများ
'အချစ်နဲ့စစ်မှာ မတရားတာမရှိဘူး' တဲ့။ အဲ့ဒီတော့အရိုးသားဆုံးနဲ့ အရှင်းလင်းဆုံးပြောမယ်။ နင်တို့လုပ်ချင်နေသပ၊ ဖြစ်ချင်နေသပဆိုလည်း.... လုပ်ပါ။ ဥာဏ်နီ၊ ဥာဏ်နက်၊ ဥာဏ်ပြာ၊ ဥာဏ်ဝါ၊ ဗျူဟာ၊ မဟာဗျူဟာ၊ အဃမဟာဗျူဟာ ကြိုက်တဲ့နည်းနဲ့ကြိုက်သလို စစ်ဆင်ကြ။ ဒါပေမယ့် စစ်မှာစစ်ခြင်း၊ ရန်သူမှာရန်သူခြင်း ပဲ တိုက်ကြပါ။ မဆိုင်သူတွေဆွဲမထည့်နဲ့။ ပြည်သူတွေကို ဒုက္ခမပေးကြပါနဲ့။ 'လူ' ဆိုတာ လုပ်ချင်တာလုပ်ပြီး သေသွားယုံနဲ့ပြီးမသွားဘူနော်။ သေခြင်းရဲ့နောက်ကွယ်မှာ ငါတို့ ဘာတွေလုပ်ခဲ့တယ်ဆိုတာကြီးက လိုက်လာမှာ ကျိန်းသေပဲ။
သို့.... မြေပြန့်သားများ
အဲ့ဒီတော့ .... အမိန့်အရလို့ပဲပြောပြော၊ လိုချင်တက်မက်လို့ပဲပြောပြော၊ အထက်လူကြီးဆိုတဲ့လူတွေရဲ့ 'လိုဘ'ကြောင့် နင်တို့ တိုက်နေရလိမ့်ဦးမယ်။
သို့.... မြေပြန့်သားများ
ငါတို့အတွက်တော့ ရှင်းပါတယ်။ ငါတို့မြေ ငါတို့ရေ၊ ငါတို့ရဲ့ဂုဏ်သိက္ခာအတွက် တိုက်တယ်။ တိုက်တယ်ဆိုတာထက် ခုခံတယ်၊ တိုက်ထုတ်တယ်ပေါ့။
သို့.... မြေပြန့်သားများ
နင်တို့ ဘယ်လိုခံယူကြသလဲ ?
bran mine
08 october 2016
LikeShow more reactions
Comment