Wednesday, October 30, 2013

လိုင်ဇာရောက်တိုင်းရင်းသားကိုယ်စားလှယ်များအား KIO, မှဂုဏ်ပြုညနေစာဖြင့်တည်ခင်းဧည့်ခံ


(by-Lachid Kachin)
လိုင်ဇာ၊ ကချင်ပြည်နယ် - တနိုင်ငံလုံးအတိုင်းအတာ အပစ်ရပ်ရေးအကြိုဆွေးနွေးပွဲအတွက် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဗဟိုဌာနချုပ်လိုင်ဇာမြို့တွင် ကျင်းပမည့် ‘Ethnic Armed Organizations Conference’ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များညီလာခံသို့ ထိပ်သီးခေါင်းဆောင်များအသီးသီး အောက်တိုဘာ ၂၈ ရက်နေ့မှ စ၍ ရောက်ရှိနေကြပြီဖြစ်သည်။

အောက်တိုဘာလ (၃၀) ရက်နေ့မှစတင်ပြုလုပ်မည့် ၄င်းညီလာခံသို့ ညီညွှတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်များသည် (28.10.2013)ရက်နေ့ နေ့လည်( ၁၂) နာရီခန့်တွင် ရှေ့ဦးစွာ လိုင်ဇာမြို့သို့ ရောက်ရှိလာခြင်းဖြစ်သည်။

အဆိုပါ UNFC အဖွဲ့ဝင်များကို KIOမှ နမ်ဆန်ယန်ထိသွားရောက် ကြိုဆိုခဲ့ပြီး၊ မုန်လိုင်ခက် အနီးတွင် KIA ဒေသရှိ ရခိုင်တပ်မတော်မှရဲဘော်များ၊ အရာရှိများကအလံများကိုင်ဆောင်ကာ ထောင်နှင့် ချီသော လိုင်ဇာလူထုများမှ စီတန်းကြိုဆိုခဲ့ကြောင်း သိရသည်။

(၂၉.၁၀.၂၀၁၃) ရက်နေ့ တွင်လည်း အခြားတိုင်းရင်းသားအဖွဲ့များမှ ကိုယ်စားလှယ်များ သည် တရုတ်ပြည် ရွှေလီ လမ်းကြောင်း နှင့် ပြည်တွင်း မြစ်ကြီးနား လမ်းကြောင်းတို့ မှ အသီးသီးရောက်ရှိလာကြကြောင်းသိရှိရသည်။
အဆိုပါတိုင်းရင်းခေါင်းဆောင်များကို လိုင်ဇာလူထုများက တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ပေါင်းစုံ အလံများကိုကိုင်ဆောင်ကာ လိုင်ဇာမြို့အဝင်လမ်းမကြီးမှ သံစုံတူရိယာများဖြင့် ခေါင်းဆောင်ကိုယ်စား လှယ်ကြီးများအား လှိုက်လှဲစွာကြိုဆိုခဲ့ကြသည်။

ယခု လိုင်ဇာသို့ရောက်ရှိလာကြသောတိုင်းရင်းသားအဖွဲ့များမှာ UNFC နှင့် အခြားတိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များဖြစ်ကြသော KNU,KNPP, SSPP/SSA, DKPA (DKBA.KLLT.Kayan Pyitit), WNO, RCSS/SSA, NMSP, ANC, LDU, ARAKAN ARMY, PSLF/TNLA, PNLO, NMSP, CNF, ALP စသည့် အဖွဲ့တို့ ဖြစ်ကြောင်းသိရှိရပါသည်။

ထို့ပြင် ယနေ့ရောက်ရှိလာကြသောတိုင်းရင်းသားအဖွဲ့အသီးသီးမှ ခေါင်းဆောင်ကြီးများ၊ ကိုယ်စားလှယ်များနှင့် UNFC ထိပ်သီးခေါင်းဆောင်ကြီးများအား KIO ဥက္ကဌနှင့်တကွ ဒုတိယ ဥက္ကဌ၊ KIO ဌာနပေါင်းစုံမှအကြီးအကဲအရာရှိများ၊ တပ်ပိုင်းဆိုင်ရာ ခေါင်းဆောင်ကြီးများပါဝင်ကာ Padang ကြိုဆိုရေးခမ်းမတွင် ဧည့်ခံတွေ့ဆုံကာ ညနေ (၅း၀၀)အချိန်တွင် ဂုဏ်ပြုညစာ (မိတ်ဆုံစားပွဲ) ဖြင့် တည်ခင်းဧည့်ခံကာ ညစာစားပွဲတွင် ကချင်လူငယ်အဖွဲ့မှ တေးသီးချင်းများ၊ အကပဒေသာများ ဖြင့် တင်ဆက်ကပြဖျော်ဖြေခဲ့ကြောင်းသိရသည်။