Friday, October 18, 2013

မင်းဘက်ကလည်း သတ္တိရှိရမယ်



ရှင်သာမဏေဘဝမှာ ပထမဆုံး သီလကျိုးပေါက်ခဲ့တာ မှတ်မိသေးတယ်။ ၁၉၈၅-ခုနှစ်ကပေါ့။ ဒီကိုရင်ကလေး သီလကျိုးလောက်အောင် အကြိုက်တွေ့မိတဲ့ သီချင်းကို အသင်စာဖတ်သူတို့ သိချင်ကြမှာပေါ့။ "ရိုင်းတဲ့စင်ရော်" တဲ့ဗျ။ ဒီသီချင်းကြားလို့ လိုက်ဆိုမိတယ်လေ။ ဆိုပြီးမှ ဒေါသထွက်ခဲ့ရသေးတယ်။

စာသင်တိုက်ရောက်တဲ့အခါ မှန်ကိုတောင် ကြည့်ခွင့်မရှိ။ ဆွမ်းခံချိန်မှာပဲ အပြင်ထွက်ခွင့်ရခဲ့တာ ဖြစ်တယ်။ မော်လမြိုင်မှာ (၃)နှစ်ခွဲ နေခဲ့တယ်။ မော်လမြိုင်ဈေးကြီးကို တစ်ခေါက်ပဲ ရောက်ဖူးတယ်။ ထန်းလျက်ခဲတွေ ရေစိုလို့ ယင်ကောင်တွေ နားနေတာ တွေ့ရတယ်။ ဒီကနေ့အထိ ထန်းလျက်ခဲ မစားချင်တော့ပါ။

ဒီလောက် တင်းတင်းကြပ်ကြပ် ထိန်းချုပ်ထားတဲ့ကြားက အသံကောင်းတဲ့ရှင်သာမဏေတစ်ပါးက "မင်းဘက်ကလည်း သတ္တိရှိရမယ်"ခိုးဆိုနေတာ တွေ့ရတယ်။ သူကတော့ သတ္တိကောင်းလွန်းလို့ ဝါကျွတ်တာနဲ့ စာသင်တိုက်ကနေ ပြန်သွားပြီး လူထွက်သွားတယ်။ အခု သူ့ဒကာမ ဆုံးသွားရှာပြီ။ ကလေးတွေနဲ့ ကျန်နေခဲ့တယ်လို့ ဆိုပါတယ်။

ဒီမှာ ပြောချင်တာက "မင်းဘက်ကလည်း သတ္တိရှိရမယ်"ဆိုတဲ့ စကား။ သူရရွှေမန်းက ဘာတဲ့။ ဒေါ်အောင်ဆန်းစုကြည်ကို တပ်မတော်အကြီးအကဲဘဝကတည်းက ချစ်ခင်ကြင်နာခဲ့ပါသတဲ့။ သူ့ဆရာဝန်ကြီးချုပ်ဟောင်းခင်ညွန့်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကိုတောင် ကယ်ခဲ့ဖူးသတဲ့။ သမ္မတဦးသိန်းစိန်ကလည်း မနဲ့မောင်လေး အဆင်ကို ပြေလို့။ ဒေါ်အောင်ဆန်းစုကြည်သာ သမ္မတတက်ဖြစ်ခဲ့ရင် တပ်မတော်အကြီးအကဲတွေသာမက အကြပ်တပ်သားရဲဘော်တွေ (၈၀)ရာခိုင်နှုန်းလောက် ချစ်ခင်လေးစားကြမယ်လို့ ပြောရဲတယ်။

ကိုင်း မင်းအောင်လှိုင်ရေ တစ်ယောက်ထဲ ကျန်နေပါဦးမယ်။ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ချင်တယ်ဆိုရင်လည်း တွေ့သာ တွေ့လိုက်ပါတော့။ ချစ်တယ်ဆိုရင်လည်း ချစ်တယ်လို့ ပြောလိုက်ပါတော့။ "မင်း(အောင်လှိုင်)ဘက်ကလည်း သတ္တိရှိရမယ်"။