Wednesday, October 30, 2013

တရားတဲ့ နည်းလမ်းနဲ့ မြန်မာပြည်ကြီးကို မအုပ်ချုပ်နိုင်ရခြင်း အကြောင်းများ။



မြန်မာပြည်ရဲ့ ပြည်တွင်း စစ် ပြဿနာကို အမျိုးမျိုးတွေးတောယူဆ ကြပါတယ်။ အထူးသဖြင့်၊ ဗမာခေါင်းဆောင်များ စိုးမိုးထားတဲ့ ဗဟိုအစိုးရ နဲ့ ဗမာမဟုတ်တဲ့ တိုင်းရင်းသား လူနည်းစု ပြည်နယ်များကြား အာဏာခွဲဝေရေးနဲ့ ပတ်သက်ပြီး ပြောကြဆိုကြတဲ့ အခါ၊ မြန်မာပြည်ကြီးကွဲသွားဖို့ အရေးကို တွေးပူတဲ့ အကြောင်း အလေးထားပြောကြတာ တွေ့ရတတ်ပါတယ်။

ဗမာ၊ ဗမာ လို့ ပြောကြတဲ့ အခါ ဗမာ သူငယ်ချင်းတွေက မကြိုက်တတ်ပါဘူး။ ဗမာ မဟုတ်ဘူး၊ စစ်တပ်ပါ၊ လို့လဲ ဆိုတတ်ပါတယ်။ ဟုတ်ပါတယ်။ မှန်သင့်သလောက် မှန်ပေမယ့် တကယ့်တကယ် ဗမာစစ်ခေါင်းဆောင်ကြီးတွေနဲ့ ဗမာနိုင်ငံရေး ခေါင်းဆောင်တိုင်းမှာ တူညီနဲ့ ယူဆ ချက်ရှိတယ်။ အဲဒါကတော့ မြန်မာပြည်ကြီးကို တရားနည်းလမ်းတကျ အုပ်ချုပ်လို့ မရနိုင်ဘူး ဆိုတဲ့ အကြောင်းပဲ ဖြစ်ပါတယ်။

ယဉ်ကျေးတဲ့ နိုင်ငံတွေလို တရားနည်းလမ်းတကျ၊ အရှက်တရား၊ လူ့ဂုဏ်သိက္ခာ၊ လူ့အခွင့်အရေး တွေကို တန်ဖိုးထားပြီး အုပ်ချုပ်ရင်၊ အင်္ဂလိပ်အစိုးရ လို လွတ်လပ်ရေးတွေ ပေးလိုက်ရတော့မယ်။ တကယ့်တကယ် စားပွဲပေါ်မှာ ကမ္ဘာ့လူထုရှေ့ အားရ ပါးရ နိုင်ငံရေးစကား လွတ်လွတ်လပ်လပ် ငြင်းခုန်ကြ၊ ပြောကြစတမ်း ဆိုရင် တိုင်းရင်းသား နယ်တွေဟာ လွတ်လပ်ရေး မပေးလို့ မရတဲ့ အနေအထား ဖြစ်နေပါတယ်။ အဲဒါ အမှန်တရားပါ။ ကချင်၊ ရှမ်း၊ ကယား၊ ချင်း နယ်မြေတွေဟာ ဗမာဘုရင်များ မပိုင်ခဲ့ပါဘူး။ ဗမာ ဘုရင်များ ကျဆုံးသွားသည့်တိုင်အောင် တိုင်းရင်းသား နယ်မြေတွေဟာ နှစ်ပေါင်း တော်တော်ကြာတဲ့ အထိ အင်္ဂလိပ် အောက် မရောက်သေးပါ။ လွတ်လပ်ရေး ပေါင်းယူကြတဲ့ သမိုင်းအမှန်ကိုတောင် လိမ်ထားဆဲ အဖြစ်အပျက်က သက်သေပြ နေပါတယ်။ ဥပမာ.. ပင်လုံညီလာခံ ကို ကျောင်းသင်ခန်းစာ တွေမှာ ဘယ်တော့မှ မထည့်ခဲ့ပါ။ မြန်မာပြည် သမိုင်းကျောင်းသားတွေ ဘွဲ့သာ ရသွားတယ်၊ ပင်လုံစာချုပ်အကြောင်း တခါမှ မမြင်ဘူးပါ။ အထူးသဖြင့် အင်္ဂလိပ်ခေတ်မှာတောင် ကချင်ပြည်နယ်ဟာ အချုပ်အချာ အာဏာပိုင် ကချင်ဒူဝါများ ကိုယ်ပိုင် နယ်စားများ အုပ်ချုပ်ခဲ့တဲ့ နယ်မြေတွေ ဖြစ်ပါတယ်။ အဲဒါကြောင့် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးရေး ဆိုတာ အနည်းဆုံး အခွင့်အရေး ကို တောင်းဆို နေခြင်း ဖြစ်တယ်။ တကယ်တော့ ကိုယ့် နိုင်ငံ ကိုယ် လွတ်လွတ်လပ်လပ် တည်ထောင်ခွင့် ရှိတဲ့ လူမျိုးတွေ ဖြစ်တယ်။

ဒီတော့... ဒီလို အခြေအနေ ရောက်မလာအောင် အရှက်တရား၊ လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာတွေကို နောက်ချိတ်၊ ဘေးဖယ်ပြီး လူများစုက ဖင်ပိတ်ငြင်းပြီး အနိုင်ကျင့်လို့ရတဲ့ နည်းဥပဒေ တွေ မဖြစ်မနေလိုအပ်လာပါတယ်။ အဲဒါကတော့ တပ်မတော် အင်အားရှိမှ တိုင်းပြည် အင်အားရှိမည် ဆိုတဲ့ အဆိုအမိန့် ထွက်လာရခြင်းရဲ့ အကြောင်းရင်းတွေပါ။
ဒီနေရာမှာ လိုအပ်ချက်အရ မဖြစ်မနေ လုပ်ရမဲ့ အပိုင်းတွေမှာ

(၁) ပညာရေး လွတ်လပ်ခွင့် ပိတ်ပင်ထားဖို့ ဖြစ်ပါတယ်။ ပညာရေး လွတ်လပ်ခွင့်ရသွားရင် သမိုင်းအမှန်တွေ ဖေါ်ထုတ်လာမယ်။ ခေတ်သစ်တိုင်းရင်းသား လူငယ်တွေ ကိုယ့် ရပိုင်ခွင့် ကိုယ်သိလာမယ်။ (စကော့တလန် ကို နှစ်ပေါင်း ၇၀၀ ကျော် အုပ်ချုပ်ထားလဲ ဗြိတိန်လူမျိုးတွေ လွတ်လပ်တဲ့ အတွေးအခေါ် အောက်မှာ မဖြစ်မနေ လွတ်လပ်ရေး ပေးလာရခြင်း ဖြစ်ပါတယ်။) ပညာရေး ညံ့ဖျင်းမှုရဲ့ ရလတ်ကတော့ ဖစ်ဘွတ်ပေါ်မှာ ဗမာလူငယ်အချို့ ဆွတ်ငြင်းတတ်ကြတာက ကချင်ပြည်နယ်ဟာ မြန်မာပြည်ထဲကအစိတ်အပိုင်းပါ၊ ကချင်တွေကို မပေးနိုင်ပါဘူး။ ဆိုပြီး ပြောတတ်ကြပါတယ်။ ဒီတော့ သူတို့ ပိုင်တယ်၊ လို့ပဲ ပြောတတ်ရုံမှ တပါး တခြား ဘယ်လို ကျိုးကြောင်း ဆက်စပ် ဗဟုသုတ မှ မရှိပါ။ ပညာတတ်အချို့ကတော့ နှုတ်စိတ် နေပေးတတ်ပါတယ်။ မှန် မမှန်မငြင်းတော့ပါ။

(၂) အချိန်မရွေး အာဏာသိမ်း ဗိုလ်ကျ အုပ်စိုးလို့ ရမည့် စစ်တပ် လိုအပ်လာတယ်။ စစ်တပ်ဟာ ချွမ်းချက်အနေနဲ့ ဥပဒေ အထက်မှာ ရှိကို ရှိရမယ်၊ ဆိုတဲ့ သဘောတရား ကို ဆုပ်ကိုင်ထားမယ်။

(၃) ဗဟိုချုပ်ကိုင်မှုစနစ် လိုအပ်လာတယ်။ အကျိုးဆက် အနေနဲ့ လယ်သိမ်း၊ မြေသိမ်းမှုတွေဟာ ထာဝရ တည်နေမှာ ဖြစ်တယ်။ အဲဒါတွေရဲ့ နောက်ဆက်တွဲ အကျိုးဆက် ကတော့ ထာဝရ ဆင်းရဲခြင်းပါ။ တရားသဘော နဲ့ ပြောရမယ် ဆိုရင် သဏှာ မချွတ်နိုင်တဲ့ ဒုက္ခ ပါ။