Saturday, October 12, 2013

၂၀၁၁ ဇွန်မှာ ကချင်ပြည်တွင်းစစ်ပြန်စပြီးနောက်ပိုင်း အစိုးရနဲ့ ကေအိုင်အိုရဲ့ ဆွေးနွေးပွဲ Dialogue တော်တော်များများကို ကျနော်လေ့လာခဲ့မိတယ်..။

BY-fb-Zau Khun Naw

စစချင်း ဗိုလ်မှူးကြီးသန်းအောင်ရဲ့ "အစိုးရက မိဘသဖွယ်ဖြစ်တဲ့အတွက် မေတ္တာရှေ့ထားပြီး စေ့စပ်ဆွေးနွေးဖို့ ကမ်းလှမ်းပါကြောင်း"အစချီ အပေါ်စီးဆန်ဆန် လေပြေထိုးမှုတွေကို ဗိုလ်ချုပ်ဂွန်မော်က "ပင်လုံစာချုပ်ကို ဘယ်လိုသဘောထားပါသလဲ၊ ကေအိုင်အိုကို ဘယ်လိုမြင်ပါသလဲ"ဆိုတဲ့ မေးခွန်းနဲ့ တုံ့ပြန်မှုကအစ၊
မျက်နှာသေ ဦးအောင်သောင်းနဲ့ ကေအိုင်အိုဥက္ကဌ ဦးလညော်ဇောင်းဟရားတို့ ရွှေလီမှာတွေ့တာအလယ်၊
တိုက်ရောင်းပြီး ငြိမ်းချမ်းရေးလုပ်တဲ့ ဦးအောင်မင်းနဲ့ ဆရာကြီးဦးဆွမ်လွတ်ဂမ်တို့ရဲ့ မဂျွယ်ခန်းမဆွေးနွေးပွဲအဆုံးပါပဲ..။

ဒီကာလတစ်လျှောက်လုံး ကေအိုင်အိုဘက်က နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရ ဖြေရှင်းနိုင်ဖို့ နိုင်ငံရေးဆွေးနွေးပွဲကျင်းပရေးဆိုတဲ့ လမ်းကြောင်းတစ်ခုတည်းကို စွဲစွဲမြဲမြဲ ပြောဆိုခဲ့ပေမယ့်၊ အစိုးရနဲ့ အစိုးရကိုယ်စားလှယ်တွေကတော့
အပစ်ရပ်ရေး၊ သမ္မတကြီးရဲ့ ထိုးစစ်မဆင်ဖို့ အမိန့်၊ လေယာဉ်တွေသုံးပြီး ဗုံးကြဲတိုက်ရတဲ့ ကန့်သတ်စစ်ပွဲ၊ ငြိမ်းချမ်းရေးအဆင့် ၃ ဆင့် (ပြည်နယ်၊ ပြည်ထောင်စု၊ လွှတ်တော်)၊ အခုနောက်ဆုံး တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်နဲ့ နိုင်ငံရေးဆွေးနွေးပွဲဆိုတဲ့အထိ အခြေအနေကြည့်ပြီး မီးစင်ကြည့် ကနေကြတုန်းပဲ...။ (အပေါ်က လူတွေမှာကို တိကျပြတ်သား၊ တည်ကြည်ခိုင်မာတဲ့မူမရှိလေတော့ လာရောက်စေ့စပ်ဆွေးနွေးသူတွေကလဲ အစောပိုင်းကာလမှာ နိုင်ငံရေးဆွေးနွေးပွဲဆိုတာကို လေသံမှ မဟရဲ၊ အပစ်အခတ်ရပ်စဲပြီးရင် ဘာဆက်လုပ်မလဲလို့ မေးလိုက်ရင် ဘာမှ မပြောတတ်တော့ဘူး.။)

စစချင်းမှာ နည်းနည်းပါးပါး ပေးကျွေးလိုက်ရင် သေနတ်သံ ပြန်တိတ်သွားမယ် ဆိုတဲ့ အကြံနဲ့ ချဉ်းကပ်တယ်၊ မရတော့ လေယာဉ်နဲ့ ဗုံးကြဲပြီး ဖြဲခြောက်ပြတယ်..၊ ကြောက်လောက်ပြီ မှတ်ပြီး ပြည်တွင်းကို ခေါ်ဆွေးနွေးတော့ (မြောက်ပိုင်းတိုင်းဌာနချုပ်ရှိတဲ့ မြစ်ကြီးနားကို) ကေအိုင်အိုတွေ အောင်မြေနင်းသွားတယ်..။ မြစ်ကြီးနားဒေသခံတွေက ကချင်လို "အိမ်ရှင်တွေ ပြန်လာကြပြီ"လို့ အော်ဟစ်ကြိုဆိုကြတယ်..။

ဒီတစ်ခေါက် ဆွေးနွေးပွဲ မတိုင်ခင်မှာ စစ်ဗိုလ်တစ်ယောက်ကို ခေါင်းဖြတ်သတ်တယ်လို့ သတင်းလွှင့်ပြီး ပုံရိပ်ကျဆင်းအောင် လုပ်တယ်...။ လူထုငြိုငြင်အောင် လုပ်တယ်..။ ရလာဒ်အနေနဲ့ကတော့ သူတို့တွေ နေပြည်တော်ကိုခေါ်ပြီး လက်မှတ်ထိုးစေချင်တဲ့ အဖွဲ့တွေအကုန်းလုံး လိုင်ဇာမှာ ညီလာခံကျင်းပလို့ရအောင် ကူညီပေးရမယ့် အနေအထားရောက်သွားတယ်..။

ဒီညီလာခံမှာ အပစ်ရပ်ရေးအတွက် အကြိုဆွေးနွေးကြမယ်ဆိုပေမယ့် အပစ်ရပ်စာချုပ်မှာ မဖြစ်မနေထည့်သွင်းဖို့တောင်းဆိုမယ့် အခြေခံနိုင်ငံရေးအာမခံချက်တွေကို ဒီဆွေးနွေးပွဲမှာ ဆွေးနွေးဆုံးဖြတ်ကြလိမ့်မယ်..။ ဥပမာ ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းရေး၊ အခြေခံဥပဒေအသစ်ရေးဆွဲရေး၊ ဗမာပြည်နယ်ဖွဲ့စည်းရေး၊ တိုင်းဒေသကြီးများကိုလဲ ပြည်နယ်အဖြစ် ပြောင်းလဲသတ်မှတ်ရေး၊ ဖက်ဒရယ်တပ်မတော် ဖွဲ့စည်းရေး၊ စသဖြင့် စသဖြင့်ပေါ့..။

ဒါကြောင့် ဒီညီလာခံကို အစိုးရဘက်က မတက်ဘူးဆိုရင်တောင် အစိုးရက အသိအမှတ်ပြုသော၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအားလုံး ပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲအသွင် ဖြစ်လာပါလိမ့်မယ်..။

အစိုးရဘက်နေ အပစ်ရပ်ရေးအရင်လုပ်မယ်လို့ ဒီလောက်ပူဆာနေပေမယ့်၊ ဘာကြောင့် တဖြည်ဖြည်းနဲ့ ကေအိုင်အိုက လိုလားသလို နိုင်ငံရေးဆွေးနွေးပွဲအရင်လုပ်ရေးဘက် ရောက်သွားရပါသလဲ...။

သဘောကောင်းလွန်းလို့၊ လိုက်လျောတတ်လွန်းလို့တော့ မဟုတ်ဘူး..။ တည်ကြည် ခိုင်မာတဲ့ မူမရှိလို့ပါ..။ အပစ်ရပ်ရေးအရင်လုပ်ချင်တယ်ဆိုရင် ပစ်စရာမလိုအောင်၊ သူများတွေ ယုံကြည်အောင် လုပ်ပြရပါမယ်..။ ဒါပေမဲ့ အပစ်ရပ်စာချုပ်ချုပ်ပြီး နိုင်ငံတကာမှာ ဟန်ရေးကပြချင်၊ စာချုပ်ချုပ်ပြီးသား အဖွဲ့တွေကိုလဲ သွားသွားပစ်ပြီး သူတို့ခြေကုပ်စခန်းတွေကိုလဲ သိမ်းချင်ဖြစ်နေကြလေတော့....၊

မူမရှိတဲ့သူဟာ မူရှိတဲ့သူနောက် လိုက်ရတော့တာပေါ့...။

နောက်ဆုံးတော့လဲ ရွှေဘဟာ ရွှေဘပါပဲဗျာ...။https://www.facebook.com/Hpunggan.Duwa?hc_location=timelin