မြန်မာနိုင်ငံက ထွက်ခွာခဲ့ပြီးနောက် အမေရိကန်နိုင်ငံရဲ့ စစ်တပ်မှာ အမှုထမ်းခွင့်
ရရှိသွားတဲ့ ကချင် အမျိုးသားတစ်ဦးရဲ့ ဘ၀ခရီးကြမ်း
၂၀၀၆ ခုနှစ်၊ ဇွန်လ ၁၀ ရက်နေ့မှာ မြန်မာပြည်ကနေ ထွက်ခွာခဲ့တဲ့ အသက်၂၀ အရွယ်
ကိုဆင်ဝါးနော်လဖိုင်ရဲ့ အနာဂတ်ဟာ မရေရာ မသေချာမှုတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။
ရန်ကုန်မြို့ရဲ့ မြောက်ဒဂုံမြို့နယ်မှာ သာသနာ ပြုတဲ့အလုပ်ကိုလုပ်တဲ့အတွက် အသက် ၆၀ ရှိတဲ့
သူ့မိဘတွေကို မြို့နယ်ရဲတပ်ဖွဲ့က တရားစွဲဖို့ ကြိုးစားတဲ့အပေါ် တားဆီးဖို့ကြိုးစားရင်း ပဋိပက္ခအဖြစ်
ကို ဦးတည်ခဲ့ရာကနေ ရဲတွေက သူ့ကိုဖမ်းဆီးတော့မယ်လို့ သိတဲ့အချိန်မှာ ကိုလဖိုင်ဟာ
မြန်မာပြည်ကို စွန့်ခွာထွက်ပြေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
တရားဝင် စာရွက်စာတမ်းတစ်ခုမှ မရှိဘဲ ထိုင်းနိုင်ငံထဲကို ခိုးဝင်ခဲ့တယ်။
ဒါပေမဲ့ သုံးရက်အကြာမှာပဲ တရားမ၀င်နိုင်ငံခိုးဝင်မှုနဲ့ထိုင်း နိုင်ငံရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရတယ်။
"ကျွန်တော် အရမ်းကြောက်နေခဲ့တယ်"လို့ မြန်မာတိုင်း(မ်)ကို သူက ပြောပါတယ်။
"ကျွန်တော့် ဖြစ်လာနိုင်ခြေတွေအားလုံး ကိုတွေးပြီး ကြောက်နေခဲ့တယ်။ အထူးသဖြင့်ထောင်ကျ
မှာကိုပေါ့"လို့ သူက ပြောပါတယ်။
"ကျွန်တော်တို့ကို တကယ့်ကို ဆိုးဆိုးဝါးဝါး ဆက်ဆံခဲ့တာပါ။ အထူးသဖြင့် မြန်မာပြည်က
လာတယ်ဆိုတာသိရင် ပိုဆိုးပါတယ်။"
အောက်တိုဘာလ ၂၅ ရက်နေ့မှာ သူဟာ မြန်မာပြည်ကို ပြန်ပို့ခံခဲ့ရပါတယ်။ ဒါပေမဲ့ ထိုင်းနိုင်ငံ
ထဲကို သူပြန်လည် ၀င်ရောက်ခဲ့ပါတယ်။
"နေလည်း ဘာမှမထူးဘူးလေ။ ပြီးတော့ကိုယ့်အတွက် တိုးတက်စရာလည်း ဘာမှမရှိဘူး"လို့
ကိုလဖိုင်ကပြောပါတယ်။ ထိုင်းနိုင်ငံကနေ တစ်ဆင့် မလေးရှားနိုင်ငံကို တစ်ဆင့်ဖြတ်ကျော်
ရောက်ရှိခဲ့တယ်။ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှာ ဒုက္ခသည်
တစ်ယောက်အဖြစ်ခံယူပြီး မလေးရှားမှာ နှစ်နှစ်ကျော်နေထိုင်ခဲ့တယ်။ ဒါပေမဲ့ လွယ်လွယ်ကူကူ
တော့ မဟုတ်ခဲ့ပါဘူး။ တရုတ် စားသောက်ဆိုင်တွေမှာ ပန်းကန်ဆေးတဲ့ အလုပ်နဲ့ စားပွဲထိုးအဖြစ်
နေထိုင်ရင်း ရှင်သန်ဖို့ ကြိုးစားခဲ့တယ်။
"တစ်ခါတလေဆို အလုပ်မရှိဘူး။ အဲဒီလိုမျိုးဆိုရင် တိုက်ခန်းဟောင်းတွေရဲ့ လှေကားနားတို့
ရှော့ပင်းမောတွေနားက ပလက်ဖောင်းတွေမှာ အိပ်ရတယ်"လို့ သူက ပြောပါတယ်။
"အဲဒီအချိန်တွေဟာ ကျွန်တော့်ဘ၀ရဲ့ အခက်ခဲဆုံးအချိန်တွေပါ။ ဒါပေမဲ့ အဲဒါတွေကပဲ ကျွန်တော့်
ကို ခွန်အားတွေပြန်ပေးပါတယ်" လို့ သူက ပြောပါသေးတယ်။
သူဟာ စိန်ခေါ်မှုတွေကြားမှာ အရှုံးပေးရင်း အဲဒီစိန်ခေါ်မှုတွေကို အပြစ်တင်ရင်းနေထိုင်ခဲ့သူ
တစ်ယောက် မဟုတ်ပါဘူး။ အဲဒီစိန်ခေါ်မှုတွေကို ခွန်အားတွေအဖြစ် ပြောင်းလဲခဲ့သူဖြစ်ပါတယ်။
၂၀၀၉ ခုနှစ်၊ ဇန်န၀ါရီလမှာ သူအမေရိကန်နိုင်ငံကို ဒုက္ခသည် တစ်ယောက်အနေနဲ့ ရောက်ရှိခဲ့
တယ်။ ခုဆိုရင် သူ့တိုင်းပြည်ကနေ အကြောက်တရားတွေနဲ့ ထွက်ခွာခဲ့ပြီး ခုနစ်နှစ် အကြာမှာ
သူဟာ အမေရိကန်နိုင်ငံသားဖြစ်လာ ရုံသာမက အမေရိကန်တပ်မတော်ထဲမှာ အင်ဂျင်နီယာ
တစ်ယောက်အဖြစ်နဲ့ တာဝန်ထမ်းဆောင်နေသလို မြောက်ကယ်ရိုလိုင်းနားပြည်နယ်မှာရှိတဲ့
ကမ့်ဘဲလ်တက္ကသိုလ်မှာ နိုင်ငံလုံခြုံရေးဘာသာရပ်ကို သင်ယူနေတဲ့ တက္ကသိုလ် ကျောင်းသား
တစ်ဦး ဖြစ်နေပါပြီ။
မနက်ငါးနာရီမှာအိပ်ရာထပြီး ၆ နာရီခွဲမှာ စပြီး ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေလုပ်ပြီး ညနေငါးနာရီ
အထိ တာဝန် ထမ်းဆောင်ရပါတယ်။ ညနေ ၅ နာရီ ၁၅ မိနစ်မှာစတဲ့ သူ့အတန်းချိန်တွေကို
မှီဖို့အတွက် တာဝန်များတဲ့နေ့တွေမှာ ယူနီဖောင်းနဲ့ ကျောင်းတက်ရတာတွေလည်းရှိတယ်လို့
လဖိုင်ကပြောပါတယ်။
ဒီလိုအခြေအနေတွေအတွက်လည်း သူ ကိုယ်တိုင်ဖန်တီးယူပြီး ပေးဆပ်ခဲ့ရပါတယ်။ ဖလော်ရီတာ
မှာရှိတဲ့ ဘိုးဘွားရိပ်သာမှာ ပန်းကန်ဆေး၊ ကားစင်တာမှာ ကားရေဆေးတဲ့ အလုပ်ကို ခြောက်လ
ကြာလုပ်ကိုင်ခဲ့ရပါသေးတယ်။
အလုပ်ကို မနက်၈နာရီကနေ ၁၁ နာရီအထိလုပ်ပြီး ည၁၁နာရီကနေ မနက် ၇ နာရီမှာတော့
ညကျောင်းတက်ရင်း အမေရိကန်ရဲ့ အထက်တန်းပညာရေးအောင် လက်မှတ်ကိုရယူနိုင်ခဲ့ပါတယ်။
ပြီးတော့ စာအိတ်ထုတ်တဲ့ စက်ရုံတစ်ခုမှာ ကိုးလကြာအောင်လည်း လုပ်ခဲ့ပါသေးတယ်။ အဲဒီလို
ရုန်းကန်ရင်းနဲ့ပဲ ကမ္ဘာ့စစ်အင်အားအကြီးဆုံးနိုင်ငံဖြစ်တဲ့ အမေရိကန်နိုင်ငံရဲ့စစ်တပ်ကို ၀င်ရောက်နိုင်
ဖို့အတွက် သူကြိုးစားခဲ့ပါတယ်။
သူဟာ စစ်သားမျိုးရိုးက ဆင်းသက်လာတယ်လို့ဆိုနိုင်ပြီး စစ်သားတွေကိုအမြဲတမ်း သဘောကျ
နှစ်သက်ခဲ့သူဖြစ်ပါတယ်။
လဖိုင်ရဲ့ ဦးလေးဟာ ကချင်လွတ်မြောက်ရေး တပ်မတော်(ကေအိုင်အေ)မှာ ဗိုလ်ကြီးအဖြစ် တာဝန်
ထမ်းဆောင်ခဲ့ပြီး အဘိုးဖြစ်သူကတော့ ဒုတိယကမ္ဘာစစ်အတွင်းမှာ အမေရိကန် ကချင် ကွန်မန်ဒို
တပ်ဖွဲ့မှာ ကွန်မန်ဒိုတစ်ယောက် ဖြစ်ခဲ့ပါတယ်။
"စစ်သားဖြစ်ဖို့ဆိုတာ ကျွန်တော်ရဲ့အိပ်မက် တစ်ခုပါ။ အဲဒီအိပ်မက်ကို တကယ်ဖြစ်လာအောင်
လုပ်ချင်ခဲ့တာပါ"လို့ ကိုလဖိုင် ကပြောပါတယ်။
ဒါပေမဲ့ မြန်မာနိုင်ငံမှာ ၁၀ တန်းအောင်ဆိုတဲ့ ပညာရေးတစ်ခုတည်းရှိတဲ့ သူ့အတွက်တော့ အားလုံး
အစကနေ ပြန်စခဲ့ရသလိုပါပဲ။
၂၀၁၁ ခုနှစ်၊ အောက်တိုဘာမှာ အမေရိကန် စစ်တပ်ဝင်ရောက်ခွင့် စာမေးပွဲဖြစ်တဲ့ Armed
Service Vocational Aptitude Battery စာမေးပွဲကို ၀င်ရောက်ဖြေဆိုခဲ့ပေမယ့် မအောင်ခဲ့ပါဘူး။
ဒါပေမဲ့ သူကအရှုံးမပေးခဲ့ပါဘူး။ သုံးလ အကြာမှာ ဒုတိယအကြိမ်ဖြေဆိုပြီး သူအောင်မြင်ခဲ့ပါတယ်။
ခုဆိုရင် သူဟာ မြောက်ကယ်ရိုလိုင်းနားမှာ အခြေစိုက်တဲ့ အမေရိကန်လေထီးတပ်ရဲ့ အင်ဂျင်နီယာ
တပ်ရင်း ၂၇ မှာ အင်ဂျင်နီယာ တစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်နေပြီ ဖြစ်ပါတယ်။
သူအိပ်မက်မက်ခဲ့တဲ့ အမေရိကန် စစ်သားတစ်ယောက်ဖြစ်လာဖို့ မလွယ်ကူခဲ့သလို လက်ရှိအချိန်
မှာလည်း အခက်အခဲတွေ ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။
အနည်းဆုံးပေါင် ၈၀ ရှိတဲ့ ကျောပိုးအိတ်ကိုလွယ်ပြီး အပြေးလေ့ကျင့်ခန်းတွေလုပ်ခဲ့ရသလို အမြင့်
ပေ ၁,၂၀၀ ကနေလည်း လေထီးခုန်လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ရပါတယ်။
"မလုပ်ခင်ကတော့ ငါလုပ်နိုင်ပါတယ်လို့ပဲ တွေးတာပေါ့။ ဒါပေမဲ့ တကယ်ခုန်ပြီဆိုတော့ အဲဒီလို
မဟုတ်ဘူး။ လေထီးမပွင့်ရင် ဘယ်လိုလုပ်မလဲဆိုတာမျိုးတွေ တွေးမိတယ်။ ခုန်ကာနီးတိုင်း ဘုရား
ပဲဆုတောင်းတယ်။ လေထီးခုန်ကာ နီးပြီဆိုရင် အားလုံးကိုယ့်အတွေးနဲ့ကိုယ် တိတ်သွားကြတယ်"
လို့ သူက ပြောပါတယ်။
အဲဒီလို စိန်ခေါ်မှုတွေအပြင် အစားအသောက်နဲ့ လူမျိုးရေး စိန်ခေါ်မှုတွေလည်း ကြုံရသလို
အမေရိကန်ရဲ့ စစ်စည်းကမ်းစည်းမျဉ်းတွေကို နားမလည်တာမျိုးတွေလည်း ကြုံရတယ်လို့ သူက
ပြောပါတယ်။
ဒါပေမဲ့ သူ့အတွက်တော့ ပြောက်ကျားခဲရောင် အမေရိကန်စစ်ဝတ်စုံကို ၀တ်ဆင်ရတာကို
ကြိုက်နှစ်သက်တယ်လို့ ပြောပါတယ်။
သူအမေရိကန်မှာ နေထိုင်နေပေမယ့်လည်း သူ့အတွေးတွေဟာ ကချင်ပြည်နယ်ကနေ
ဘယ်တော့မှာ ဝေးကွာမနေခဲ့ပါဘူး။
သူ အမေရိကကိုရောက်ပြီး နှစ်နှစ်အကြာမှာ မြန်မာအစိုးရတပ်နဲ့ ကေအိုင်အေတို့ကြားတိုက်ပွဲတွေ
စဖြစ်ပါတယ်။
၁၇ နှစ်ကြာ အပစ်အခတ်ရပ်စဲမှု အပြီးမှာ ပြန်လည်ဖြစ်ပွားခဲ့တဲ့ အဲဒီတိုက်ပွဲဟာ ၂၀၁၂ ဒီဇင်ဘာလ
မှာ အပြင်းထန်ဆုံးအဆင့်ကို ရောက်ရှိခဲ့ပြီး အစိုးရတပ်ကနေ ကေအိုင်အေ ဘက်ကိုလေယာဉ်သုံး
ပြီး တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
အဲဒီကာလဟာ သူနဲ့ အခြား အမေရိကန်မှာရှိတဲ့ တခြား ကချင်လူမျိုးတွေရဲ့ ကြားထဲမှာပြောဆိုတဲ့
တစ်ခုတည်းသောအကြောင်းအရာဖြစ်ခဲ့ပြီး တကယ်ဖြစ်ပျက်နေတာတွေကို သိရှိနိုင်ဖို့အတွက်
သတင်းတွေလည်း အမြဲတမ်းစောင့်ကြည့်ခဲ့ပါတယ်။
"ကျွန်တော် အရမ်းဝမ်းနည်းမိတယ်"လို့ အဲဒီအချိန်က သူ့ရဲ့ခံစားချက်ကို ပြောပါတယ်။
"ကျွန်တော်ထင်တာ ကျွန်တော်တို့ကချင်တွေကို အမျိုးဖြုတ်ပြီဆိုပြီး ထင်ခဲ့မိတယ်" လက်ရှိအချိန်
ထိအဖြေရှာနေဆဲတိုက်ပွဲဟာ နိုင်ငံအစိုးရရဲ့ ဦးဆောင်မှုကို မေးခွန်းထုတ်စရာအဖြစ် ဖန်တီးခဲ့ပေမယ့်
တိုက်ပွဲကို ဦးဆောင်နေတဲ့ လက်ရှိ ကချင်ခေါင်းဆောင်တွေအတွက်တော့ ကချင်လူထုကြားထဲမှာ
လေးစားယုံကြည်မှုတွေ ပိုတိုးပွားလာစေပါတယ်လို့ ဆိုပါတယ်။
"လက်ရှိ ခေါင်းဆောင်တွေကို ကျွန်တော်လေးစားတယ်။ ဒါကျွန်တော် ကချင်မို့လို့ပြောတာ
မဟုတ်ဘူး။ အရင် ကချင်ဗိုလ်တွေထဲမှာ ရဲဘော်ကိုအနိုင်ကျင့်ပြီး သူတို့တွေကျတော့ စည်းစိမ်ခံ
နေတာမျိုးတွေရှိတယ်။ ခုလက်ရှိ ခေါင်းဆောင်တွေကတော့ မဟုတ်ဘူး။ သူတို့ဟာ တကယ်ကို
တန်းတူညီမျှ အခွင့်အရေးအတွက် တိုက်နေတာ။ သူတို့တွေဟာ ခေါင်းဆောင် ကောင်းတွေ၊
သူတို့အတွက် ဂုဏ်လည်းယူတယ်"လို့ လဖိုင်က ပြောပါတယ်။
ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားဇာတိ ဖြစ်တဲ့ ကိုလဖိုင် သူ့မွေးရပ်မြေကို မမေ့တဲ့ တခြား
သက်သေတစ်ခုကတော့ သူ့အခန်းထဲမှာ ချိတ်ဆွဲထားတဲ့ ဓားနှစ်လက်ယှက်ပြီး အစိမ်းနဲ့အနီ
ရောယှက်ထားတဲ့ ကချင်အလံပဲဖြစ်ပါတယ်။
ဒါပေမဲ့ သူဟာ မြန်မာနိုင်ငံရဲ့ အမျိုးသားအလံကို အကြောင်းမဲ့ မုန်းတီးနေတဲ့ တိုင်းရင်းသား
တစ်ယောက်မဟုတ်ပါဘူး။
လဖိုင်ဟာ ကြယ် ၁၄ ပွင့်၊ စက်သွားနဲ့ စပါးနှံတွေပါဝင်တဲ့ အနီရဲရဲအလံဟောင်းကို ချစ်မြတ်နိုး
သလောက် လွန်ခဲ့တဲ့သုံးနှစ်လောက်က ပြောင်းလဲလိုက်တဲ့ သုံးရောင်ခြယ်အလံသစ်ဟာ
သူ့အတွက်တော့ အဓိပ္ပာယ်မဲ့နေခဲ့ပါတယ်။
"ကျွန်တော်ရန်ကုန်မှာ ဘောလုံးပွဲတွေကြည့်တုန်းက နိုင်ငံတော်အလံကိုကိုင် နိုင်ငံတော်သီချင်း
ဆိုပြီး ကြက်သီးထတဲ့အထိ အားပေးဖူးတယ်။ အလံဟောင်းက ပြည်နယ်တွေကိုလည်း ကိုယ်စား
ပြုတယ်" အဲဒီအတွက် ဘယ်တော့မှ မပြောင်းလဲဘဲ တည်ရှိနေတဲ့ ကချင်ပြည်နယ်ရဲ့အလံသာလျှင်
လက်ရှိအချိန်မှာ သူ့ကိုကိုယ်စားပြုတယ်လို့ ကိုလဖိုင်က ပြောပါတယ်။
စစ်သားတစ်ယောက်ဖြစ်တဲ့ ကိုလဖိုင်ဟာ သူ့ပြည်နယ်လွတ်မြောက်ရေးအတွက်တိုက်ပွဲဝင်
နေတယ်လို့ သူယုံကြည်ထားတဲ့ ကေအိုင်အေ တပ်မတော်အတွက် ရည်မှန်းချက်စိတ်ကူးတွေ
လည်း ရှိပါတယ်။
"နောင်မှာ ကချင်စစ်သားတွေကို အမေရိက ကိုခေါ်ပြီး စစ်ပညာသင်ပေးတာမျိုးတွေ လုပ်ချင်တယ်။
ရည်မှန်းချက်ကတော့ အကြီးကြီးပေါ့ဗျ။ တကယ်ဖြစ်မဖြစ်တော့ ကျွန်တော်မသိပါဘူး"လို့ သူက
ပြောပါတယ်။
http://myanmar.mmtimes.com/index.php/features/7142-2013-09-13-10-45-26.html