Sunday, October 13, 2013

စီးပွါးရေး သမားများရဲ့ နယ်ရုပ်များ




ပြီးခဲ့တဲ့ ၂၀၁၁ မှ ၂၀၁၃ ထိ ဗမာ စစ်တပ်ရဲ့ အကြီးအကျယ် ထိုးစစ်ဆင်ခဲ့သော တိုက်ပွဲများရဲ့ ရလဒ်အနေဖြင့် ကျဆုံးသူများ၊ ဒဏ်ရာ ဒုက္ခိတ ဖြစ်လာ ရသူများနှင့် မုဆိုးမ ဖြစ်လာသူများ၊ ပူဆွေးသောက ရောက်ရသူများ၊ စစ်ပြေးဒုက္ခသည်များ၊ ရွာပျက်များ နှင့် မြန်မာ နိုင်ငံသား တိုင်းရဲ့ ပညာရေး၊ ကျန်းမာရေး အသုံးစရိတ် အများအပြား ဆုံးရှုံးခြင်း ပင် ဖြစ်သည်။

လိုင်ဇာ ထိုးစစ်မစခင်မှာ တရုတ်ဘက်ခြမ်း (လိုင်ဇာ တဖက်ကမ်း) မှာ တရုတ် အစိုးရ မှ နယ်စပ်ကုန်သွယ်ရေး ဂိတ် အကြီးကြီး (ပုံတွင်ဖေါ်ပြထားသော အဖြူရောင် ဂိတ်ကြီး) တခု စဆောက်လာသည်။ ၂၀၀၆ ခုနှစ်က ထွက်လာတဲ့ တရုတ် (ယူနန်) အစိုးရ ရဲ့ အစီရင်ခံစာ အရ၊ လိုင်ဇာ အပေါက်သည် တရုတ် စီးပွါးရေးအတွက် အိန္ဒိယထွက် ပေါက်တခု ဖြစ်သည်။ တရုတ်အစိုးရ အနေနဲ့ ဗမာ စစ်တပ်ကို လိုင်ဇာ သိမ်းပေးရန် စစ်ရေးအရ အထောက်အပံ့များ၊ လက်နက်များ ရောင်းပေးရန် အပေးအယူ လုပ်လာသည်။

တရုတ်အစိုးရအနေနှင့် ဗမာ စစ်တပ်ဟာ လိုင်ဇာကို အလွယ်တကူ နှင့် သိမ်းနိုင်မည် ဟု ထင်ထားခဲ့သည်။ ဗမာ စစ်တပ် အနေနဲ့လဲ လေလုံးကြွားထားသည်။ သို့သော် နိုင်ငံတကာ ဖိအားကြောင့် ၄င်း၊ သမ္မတကြီးရဲ့ နိုင်ငံရေး အပြောင်းအလဲ သတင်းကြောင့်၎င်း အချိန် အကန့်အသတ် ပေးထားသည်။ အဲဒီ အချိန်ကတော့ သမ္မတ ဦးသိန်းစိန် အပစ်ရပ်ဖို့ ကြေငြာခဲ့တဲ့ အချိန် ဖြစ်သည်။ ရှေ့တန်း စစ်မျက်နှာမှလဲ သတင်းအမှားများ ပေးပို့သည်။ ဒီတော့ သမ္မတ ဦးသိန်းစိန်က လဂျားယန် နားက လိုင်ဇာ ဂိတ် ဓါတ်ပုံ မြင်လိုက်ယုံနဲ့ လိုင်ဇာ ကို သိမ်းပြီးပြီ အထင်နှင့် တိုက်ပွဲများ ရပ်လိုက်ကြောင်း ကြေငြာသည်။ အတွင်းသတင်း အရ သမ္မတ က တိုက်ပွဲရပ်ရန် ကြေငြာတဲ့ ည မှာ လိုင်ဇာ ကို အပြီး တက်သိမ်းဖို့ ဖြစ်သည်။ သို့သော် မှန်းချက် နဲ့ နှမ်းထွက် မကိုက်ခဲ့ပါ။ သမ္မတ ရဲ့ ကြေငြာချက် နဲ့ အံဝင်ကွင်ကျ မဖြစ်ခဲ့သော်၊ မထူးဇာတ်ခင်းလေသည်။ နိုင်ငံတကာ မီဒီယာ မှာ ဟိုးလေးတကျော် ဖြစ်သွားသည်၊ အဲဒါကတော့ စစ်တပ်ကို သမ္မတ မထိန်းနိုင် ဆိုသတဲ့။ ထိုနည်းတူ... အဆိုပါ ဂိတ်ဆောက်လုပ်ရေး လုပ်ငန်းလဲ ရွှေလီ ဆွေးနွေးပွဲကတည်းက ရပ်ထားလေပြီ။ လွယ်လွယ်နဲ့ မဖြစ်နိုင်မှန်း သိပြီလေ၊ တရုတ်ဖက်ခြမ်း စစ်ပြေးဒုက္ခသည်တွေများလာတာရယ်၊ ဒုက္ခသည်ရှိလာရင် နိုင်ငံတကာ အကူအညီတွေ ရောက်လာရတော့မယ်၊ တရုတ်ပြည်မှာ နိုင်ငံခြားသားများ၊ သတင်းထောက်များ ရောက်လာတော့မယ်၊ တရုတ်က အဲဒီလို အဖြစ်မခံနိုင်ပါ။

တရုတ် စီမံကိန်းများကို အတွင်းသိ ကြိုမြင်နေသူ မြန်မာ သူဌေးကြီး များရှိလာသည်။ သူတို့ထဲမှ တချို့ကတော့ တပ်ချုပ်ကြီးရဲ့ မိသားစု တဖွယ် ဖြစ်နေတဲ့ ဦးတေဇ ပါ။ နောက် တစ်ယောက် ယုဇန ဌေးမြင့် ပါ။

ဦးတေဇ ပူတာအို ကို ချစ်ပြလာသည်။ ပူတာအို ကို သိပ်ချစ်ပါသတဲ့။ ဟိုတယ်များ ဆောက်သည်၊ ဖွံ့ဖြိုးရေး အမည်ခံ မျောက်ပြဆန်တောင်း အလုပ်များ စလုပ်သည်။ မရှိဆင်းရဲသားများကို ထမင်းကျွေးပြသည်။ ကျောင်းထားပေးသည်။ ရန်ကုန် ပတ်ဝန်းကျင် ကျူးကျော်ရပ်ကွက်တွေ မှာ တဲထိုးနေတဲ့ ဆင်းရဲသားများကို ဘယ်လောက် ပေးနေသလဲ ဆိုတာတော့ မသိလို့ မရေးတော့ပါ။ နယ်မြေရှင်းလင်းရေးများလုပ်ပေးရန် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို အလှူငွေတွေ ဒလဟော ပေးသည်။ လိုင်ဇာဂိတ်ဖွင့်ပါက တရုတ် စီးပွါးရေး တဟုန်ထိုး တက်လာနိုင်သလို ပူတာအို ခရီးသည်လဲ များပြားလာနိုင်သည် မဟုတ်ပါလော။

ယုဇန ဦးဌေးမြင့် ကတော့ ဟူးကောင်း ချိုင့်ဝှမ်း တလျှောက် လီဒူ လမ်းမကြီး လမ်းဘေး ၀ဲ၊ ယာ အတွင်းဖက် သုံးမိုင်ခန့်၊ စုစုပေါင်း ဧက ၂ သိန်းခန့်၊ လူနေအိမ် အများအပြား အပါအ၀င် သိမ်း လိုက်သည်။ ဒေသခံများရဲ့ ဘိုးဘွားပိုင် မြေယာများကို သိမ်းလိုက်ခြင်း ဖြစ်သည်။

လီဒူ လမ်းမ ကြီးဟာ တရုတ် ရဲ့ အိန္ဒိယ ထွက်ပေါက် လမ်းကျော ဖြစ်သည်။ စိုက်ပျိုးရေး လုပ်ဖို့ သီးသန့် ရည်ရွယ်ချက် ရှိရိုးမှန်လျှင် လမ်းဘေး တလျှောက် သူများ မြေယာများ သိမ်းဖို့ မလိုပါ။ အတွင်းပိုင်း လုပ်စရာ မြေလွတ် မြေရှိုင်း အများအပြား ရှိသေးသည်။ သို့သော် တရုတ် ကို စောင့်ခြင်း အားဖြင့် လမ်းဘေး မြေကွက် ဦးထားခြင်း ဖြစ်သည်။ လီဒူ လမ်းမ တလျှောက် လမ်းဘေး ၀ဲ၊ယာ စစ်ဗိုလ်ချုပ် ကြီးများ ရဲ့ မြေကွက်တွေလဲ အများအပြား ရှိသေးသည်။

ဒီတော့....

လိုင်ဇာ ကို မဖြစ်မနေ တိုက်ယူဖို့ အကြံအစဉ်သည်၊ မူလ ရှိရင်းစွဲ အစီအမံ များထဲမှ တခု ဖြစ်သည်။

ဘာဖြစ်လို့လဲ ဆိုတော့...

(၁) ကေအိုင်အေ ကို ပါတီ နိုင်ငံရေး လောကထဲကနေ စကားပြော ပါ လို့ ပြောနေသော်လဲ.. KSPP ပါတီ ကို ကေအိုင်အေ နဲ့ ဆက်သွယ်မှု ရှိတယ် ဆိုတဲ့ စွဲချက် နဲ့ မှတ်ပုံ တင် မပေးခဲ့ပါ။ ၂၀၀၈ အခြေခံ ဥပဒေ ကို တဖြည်းဖြည်း ပြင်ယူဖို့ထိ ကေအိုင်အေ စဉ်းစားခဲ့သည်။

(၂) နယ်ခြားစောင့်တပ် အစီအစဉ် လက်မခံလို့ တိုက်တယ် ဆိုရင်၊ ၀ အဖွဲ့၊ မွန်အဖွဲ့၊ တခြားအဖွဲ့တွေလဲ လက်မခံခဲ့ပါ။

(၃) လက်နက်ကိုင် တော်လှန်ရေး အဖွဲ့မို့လို့ တိုက်တယ် ဆိုရင် ကရင် (ကေအိုင်ယူ) ဆိုတာ အပစ်ရပ်ထားသေးတာ မဟုတ်။ မတိုက်ပါ။

မြန်မာ့ နိုင်ငံရေး၊ မြန်မာ နိုင်ငံ့ အရေး ကို အစဉ်တစိုက် စဉ်းစားနေသူ ကချင်လူမျိုးများကို နဲနဲမှ အရေးတယူ မလုပ်ပဲ မျက်စိမိတ် တိုက်နေခြင်း ကို ထောက်ရှု့ခြင်း အားဖြင့် ဗမာ စစ်တပ်သည် စီးပွါးရေးသမားများရဲ့ နယ်ရုပ် မဟုတ်ပေလော။