skip to main |
skip to sidebar
မတရားသိမ်းဆည်းခံ လယ်မြေများ ပြန်ရရေး အတွက် /မှတ်တမ်း ဗီဒီယို အခွေလေးမှာ တနိုင်ငံလုံးသို့ ပြန့်နှံ့သွား
ပန်းတနော်မြို့နယ်တွင်
မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက် အမည်ဖြင့် လယ်သမားများ
လယ်သိမ်းခံဘ၀ မှ လွတ်မြောက်ရေး၊ မတရားသိမ်းဆည်းခံ လယ်မြေများ ပြန်ရရေး
အတွက် မိမိတို့ တတ်နိုင်သလောက် ပူးပေါင်း ဆောင်ရွက်ကူညီပေးခဲ့သည့် မှတ်တမ်း
ဗီဒီယို အခွေလေးမှာ တနိုင်ငံလုံးသို့ ပြန့်နှံ့သွားခဲ့သည်။
လယ်သမား ၊ ရေလုပ်သားများ စုဝေး ညီညွတ်စွာဖြင့် မိမိတို့ အခွင့်အရေး
ပြန်ပေးရေး တောင်းဆိုသံညံနေသော ထိုအခွေတွင် ကျနော်နှင့် ပန်းတနော်မြို့နယ်
ရဲတပ်ဖွဲ့မှူးတို့ အခြေအတင် အမှတ်မထင် ပြောဆိုဖြစ်သော စကားပြောခန်းကို
လူထုက အကြိုက်ဆုံးဖြစ်ကြောင်း နေ့စဉ် တယ်လီဖုန်း ပြောသူများ ရှိသည်။
ရွှေည၀ါ ဆရာတော်ကြီးကလည်း ထို ပန်းတနော်မှ ရဲ နှင့် ပြည်သူ့ ဘက်တော်သား
တို့ စကားစစ် ထိုးခန်း အခွေကို ဆရာတော်ကြီး တရားဟောသည့် မြို့တိုင်း
နယ်တိုင်းတွင် ဖြန့်ဝေ လှူဒါန်းပေးနေပါကြာင်း၊ တောင်းဆိုသူများလွန်းသဖြင့်
သူပင် အခွေပေါင်း ထောင်သောင်းချီ အခမဲ့ ဖြန့်ဝေရေး မတတ်နိုင်တော့ကြောင်း
လူထုက ထို အခွေကို အားပါးတရ ကြည့်ရှု အားပေး ပြီး အချင်းချင်း ဆက်လက်
ဖြန့်ဝေ ပေးနေကြကြောင်း ကျနော့် ကို ပြောကြားကာ ၀မ်းသာအားရ ဂုဏ်ပြုပါသည်။
တိုင်း နှင့် ပြည်နယ် အနှံ့နှံ့ စစ်ဘက် ၊ ရဲ တပ်ဖွဲ့ဘက်မှ
မိတ်ဆွေများကလည်း ဖုန်းတတန် ၊ လူကြုံတတန်ဖြင့် အားပေး နှုတ်ခွန်းဆက်ပါသည်။
သူတို့လည်း ထို အခွေကို တတ်နိုင်သမျှ ဖြန့်ဝေ ပေးနေပါကြောင်းနှင့်
အကြောက်တရား အလွန်ကြီးစိုးပြီး တန်ခိုးကြွသူ ဆရာတင်၊ အထက်အမိန့်သည်သာ ဘဝ
ထင်နေရသော သူတို့ ဘ၀ အတွက် အားကိုးစရာဖြစ်ပါကြောင်း ပြည်သူ့ ဘဝ
လွတ်မြောက်ရေး၊ အရာရာ ကြောက်နေရသော ဘ၀မှ လွန်မြောက်ရေး။ မတရားမှုကို
ရဲရဲတင်းတင်း ရင်ဆိုင် ဖေါ်ထုတ် ဖြေရှင်းနိုင်ရန် ချည်းကပ်သည့် ကျနော်တို့
လှုပ်ရှားမှုများသည် မိမိတို့ဘာသာ ဘ၀ အသက်ရှင် ရည်တည်ရေး ရုန်းကန်
ကြိုးပမ်းရင်း လူမှုဘ၀ နှောင်ကြိုး ၀န်ထမ်းစည်းမျဉ်းစည်းကမ်း
ချုပ်ကြိုးစည်းများဖြင့် အကျဉ်းအကျပ် ကျနေသော လူတန်းစားများ လွတ်မြောက်ရေး
နှင့် လူတန်းစေ့သည့် ပြည်သူ့ဝန်ထမ်း ဘ၀များ အဖြစ် အသွင်ပြောင်း
ဖြစ်ပေါ်လာရေး အလင်းရောင်တန်းများ ဖြစ်ကြောင်း ပြောပါသည်။
မနေ့
တနေ့ကတင် တပ်မတော် အရာရှိ အချို့ ဆက်သွယ်ပြောကြားလာပါသည်။ သူတို့သည်လည်း
ပန်းတနော် စကားစစ်ထိုးခန်း အခွေကို ကြည့်ရှုရပါကြောင်း ။
မနေ့ က
သတင်းစာ ရှင်းလင်းပွဲတွင် ကျနော် ပြောကြားခဲ့သော ပြည်တွင်းငြိမ်းချမ်းရေး
နှင့် စစ်မှန်သော ထာဝရ ငြိမ်းချမ်းရေးဖြစ်ပေါ်နိုင်ဖို့ အဓိက ကျသော အခြေခံ
ဥပဒေပါ ပြဌာန်းချက်များ ပြင်ဆင်ပြောင်းလဲရန်နှင့် တပ်မတော် အပါအ၀င်
လက်နက်ကိုင် တပ်များ အသွင် ပြင်ဆင်ပြောင်းလဲ ရန်၊ အရည်အတွက်မှ
အရည်အချင်းသို့ ပြုပြင်ပြောင်းလဲရန် တင်ပြချက်ကို သူတို့လည်း
သဘောတူကြောင်း ပြောလာပါသည်။
တဖန် တပ်မတော် အတွင်းတွင်
စစ်သက်ပြည့်ပြီး တိုင်းပြည် တာဝန် မိမိဆန္ဒသဘောထား အလျောက် စစ်မှုထမ်းခြင်း
မှ နှုတ်ထွက်ခွင့် လျောက်ထားသူများအား ထွက်ခွင့် မပေးပဲ ၊ ဆက်လက် တာဝန်
ထမ်းဆောင်ခိုင်းထားခြင်းသည်လည်း တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို
စွမ်းဆောင်ရည်နှင့် နံမည်ပျက်ယွင်းနေစေခြင်း အဓိက အဖြေဖြစ်ကြောင်း။
တပ်နေ မပျော်သော သူကို ပျော်အောင် လုပ်ပေးနိုင်လျင် လုပ်ပေးစေချင်ကြောင်း။
တပ်နေမပျော်ပိုက်ခြင်းကို ဖြစ်ပေါ်နေစေသည့် အမိန့်စီးဆင်းမှု သဘောသဘာဝ
လုပ်ထုံးလုပ်နည်း တို့သည် ခေတ် အကူးအပြောင်း ရည်မှန်းချက် တို့အတွက်
မသင့်လျော်တော့သည်များ ရှိနေပါသေးကြောင်း၊ တဖက်သတ် အမိန့်စီးဆင်းမှု သဘောသာ
ဖြစ်နေဆဲဖြစ်ပြီး၊ လက်အောက်ခြေမှ အကောင်အထည်ဖေါ်နိုင်စွမ်းပေါ် အလေးမထားသည့်
ယခင်ခေတ် စစ်အာဏာရှင်တို့ လုပ်ထုံးလုပ်နည်းများ အတိုင်း လက်အောက်ခံ
ဝန်ထမ်းတို့ဧ။် စိတ်ဓါတ်ရေးရာ ဘ၀ အနာဂတ် ရေးရာ အပေါ် တင်းကြပ်
ဖိစီးမှုများစွာ ရှိနေသေးကြောင်း။
ထို့ အတူ အာဏာကို လက်ကိုင်ဒုတ်
သဖွယ် အသုံးချကာ ကိုယ်ကျိုးစီးပွား ရှာစားနေမှုများ၊
ရှာစားကြီးပွားခဲ့သူများကို ပြန်လည် ဖေါ်ထုတ် အရေးယူခြင်း အသွင်သစ်
ပြောင်းလဲ ပြုပြင်ခြင်းမျိုး မလုပ်ပဲ လက်ဟောင်း ယန္တယား၊ ပုံဟောင်း
အခင်းအကျင်းများ စနစ်ဟောင်း မှ ငွေပေးလာဘ်ထိုး နေရာယူ အာဏာထက်နေခဲ့သူများ
ဖြင့်သာ ခေတ်သစ်ကို တည်ဆောက်ရန် ကြိုးပမ်းမည်ဆိုပါက မည်သို့မျှ အသွင်သစ်သော
၊ အမြင်သစ်သော၊ မှန်ကန် ဖြောင့်မတ်သော ဖြစ်တည်မှုမျိုးများ ပေါ်ထွက်
မလာနိုင်ကြောင်း ပြည်သူ့ တပ်မတော်သား စစ်စစ် တို့က ရင်ဖွင့် လာကြသည်။
ခေတ်အရွေ့ကား တအိအိသွားနေဆဲ.........။
ခေါင်းဆောင် တချို့က တရား ဥပဒေ စိုးမိုးရေး တွင်တွင်ပြောပြီး
ထင်ရှားပေါ်လွင် လူတိုင်းသိမြင်နေသော မတရားမှုများ၊ ဗွင်းဗွင်းဗြောင်ကျ
မိုးပေါ်ကကျသလို ချမ်းသာပြီးရင်း ချမ်းသာနေသော လက်တဆုပ်စာ လူတစု
မတရားကြီးပွားချမ်းသာနေကြသော မတရားမှုများ၊ ဥပဒေကို ဗြောင်ချိုးဖေါက်ကာ
လူသတ်ခဲ့သော ဖြစ်စဉ်များ၊ အခွင့်အာဏာကို ထင်သလို သုံးကာ သံဃာတို့အား
ချေမှုန်း သတ်ဖြတ်ခဲ့သောဖြစ်စဉ်များ၊ ငြိမ်းချမ်းစွာ စုဝေး နေသူတို့အပေါ်
မီးလောင်ဗုံးဖြင့် ပစ်ခတ်ချေမှုန်းကာ မြန်မာ့သမိုင်းကို နိုင်ငံတကာ
တံတွေးခွက်တွင် ဇောက်ထိုးမျောသွားစေရန် ရည်ရွယ်ရက်စက်ခဲ့သော သမိုင်း
တရားခံများ စသည်စသည် ဖြစ်စဉ်များစွာ အတိအလင်းဖြစ်ပွားခဲ့ပါသည်။ လက်ရှိလည်း
ဖြစ်ပွားနေဆဲဖြစ်ပါသည်။
ထိုသည်များကို တာဝန်ရှိသူဆိုသည့် သူများ
အခွင့်လစာ ကြီးမားစွာ ခံစားနေပြီး လူထု အရေး နိုင်ငံ့ အနာဂတ် အရေး အတွက်
အလွန်အရေးကြီးသည့် ထို အကြောင်းများအပေါ် ဘာကြောင့်များ ရေငုံနှုတ်ပိတ်
နေနေကြပါသည်လဲ။
မတွေးတတ်အောင်ပင် ရှိပါတော့သည်။
ခေတ်ကို
အမှန် တကယ် ပြောင်းချင်သူများ ခေါင်းဆောင်ဖြစ်ရန် လိုပါသည်။
ရေစုန်မျောလိုက်ပြီး တသက်တာ ယွင်းခဲ့သမျှ ပြန်တူးဖေါ် အရေးယူဖေါ်ထုတ်ခွင့်
မရစေရေး တခုထဲ အတွက် အာဏာဖြင့် နိုင်ငံရေး အလှည့်အပြောင်း ကစားကွက်များကို
ကျားကွက်ရွှေ့ကာ စစ်အာဏာရှင်စနစ်ကို လိုလားနေသေးသော သူများအတွက် ဖန်တီး
အကွက် ကစားကွက် များ ဖြစ်ပေါ်မလာရေး နိုင်ငံချစ်သော နိုင်ငံသားတိုင်းတွင်
တာဝန်ရှိသည်။
စစ်အာဏာရှင် စနစ် ဒေါက်တိုက်များ၊ စစ်အာဏာရှင်
စနစ်ဖြင့် ကိုယ်ကျိုးစီးပွား မတရားချမ်းသာ ကြီးပွားခဲ့ပြီး နောက်ကြောင်း
မလုံ အကြောက် ပုံနေသော ယနေ့ လက်တဆုပ်စာ လူတစုက ဒီမိုကရေစီစနစ် နှင့်
မှန်ကန်ဖြောင့်မတ်သော လူထု အများ အကျိုးပြု တရားစီရင်ရေး စနစ်နှင့်
တရားဥပဒေ စိုးမိုးရေး ပေါ်ပေါက် တည်တံ့လာမည်ကို နည်းအမျိုးမျိုးဖြင့်
အနှောက် အယှက် ပြုနေသော အချိန်ဖြစ်သည်ကို လေးနက်သော ဆင်ခြင်တုံ တရားဖြင့်
အထူး သတိထားသင့်သော အချိန်ဖြစ်ပါသည်။
ပြည်သူတို့တောင့်တခဲ့သည်
လွတ်လပ်ပွင့်လင်းသော ဒီမိုကရေစီနှင့် အများ အကျိုး ရှေးရှုမည့် အုပ်ချုပ်ရေး
စနစ်သစ် အနာဂတ် ရောင်နီဦးသည် ပျိုးစသန်းစ အလင်း တစ သာသာ ရှိနေပါသေးသည်။
ခေတ်ကို ကောင်းစေလိုသော ခေါင်းဆောင်ကောင်းတို့ ယနေ့ အစိုးရသစ် အဖွဲ့တွင် ရှိနေပါသည်ဟု ယုံကြည်မိပါသည်။
ထိုခေါင်းဆောင်ကောင်းတို့သည် ခေတ် အရွေ့နှင့် ခေတ် အခိုက်ကို
မြင်အောင်ကြည့် သိအောင်လုပ်၊ အရေးကြီးရာ အရင်ပြင်ကာ၊ မှန်မှန်နှင့်
မြန်မြန် လုပ်သင့် ဖြုတ်သင့် နှုတ်သင့် ရာများကို ပါးပါးနပ်နပ်
ပြတ်ပြတ်သားသား တွန်းနိုင် ရွေ့နိုင် တည်ဆောက်နိုင်ပါစေဟု သေနက်များ
တကားကားဖြင့် လူထုအား ခြိမ်းခြောက်နေဆဲဖြစ်သော စစ်ခရိုနီတပိုင်း တို့
ကြီးစိုး ချယ်လှယ်နေသေးသော အုပ်ချုပ်ခံ မြန်မာပြည်သား ဘ၀ အဖြစ်မှ
ကိုယ့်မင်းကိုယ့်ချင်း အမျိုးသားချင်း ယိုင်းပင်းစောင့်ရှောက်
မြေတောင်မြောက်ကာ ၀င့်ကြွားဂုဏ်ထည် တင့်တယ် ကြွယ်ဝ ဖူလုံ လုံခြုံ လာမည့်
မြန်မာတို့ ဘ၀ အဖြစ် မျှော်လင့် တောင့်တ နေမိပါတော့သည်။
နေမျိုးဇင်