Thursday, March 14, 2013

ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲခြင်းမှာ ဖက်ဒရယ် အတုအယောင် ကြောင့် ဖြစ်သည်။

Duwa Kachin's photo.
ဖက်ဒရယ် စနစ် ဆိုတာ တင့်သင့်မျှတတဲ့ အာဏာခွဲဝေရေးသာ ဖြစ်တယ်၊ ခွဲထွက်ရေး မဟုတ်ပါ။
*******************************************

ကမ္ဘာမှာ ဖက်ဒရယ် စနစ်ကျင့်သုံးတဲ့ ဒီမိုကရေစီ နိုင်ငံတိုင်း ငြိမ်းချမ်းပြီး၊ လူနေမှုဘ၀ စိတ်ချ လုံခြုံမှု ရနေတာ တွေ့ရပါတယ်။ ငွေကြေးချမ်းသာခြင်း ဆိုတာက တမျိုးပါ။ နယ်မြေဒေသ အကြောင်းကြောင့် ငွေကြေးချမ်းသာမှုကို ရနိုင်သော်လည်း၊ လူတိုင်းလူတိုင်းရဲ့ လူနေမှုဘ၀ စိတ်ချလုံခြုံခြင်း၊ စိတ်ကျေနပ်ဘွယ်ကောင်းခြင်း၊ စိတ်ချသော ပတ်ဝန်းကျင်ကို ပိုင်ဆိုင်လာခြင်း၊ ဥစ္စာဓန ပိုင်ဆိုင်ခွင့် စိတ်ချရခြင်း၊ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့် စသည်များမှာ ငွေကြေးချမ်းသာ ခြင်းနဲ့ မတူပါ။ စနစ်ကောင်းရင် ပြည်သူတွေ စိတ်ချမ်းသာမည်။ ပြည်သူတွေ စိတ်ချမ်းသာရင် တော်လှန်ပုန်ကန် စရာ မလိုတော့ပါ။

စင်ကာပူ ချမ်းသာခြင်းသည် အုပ်ချုပ်သူများ စည်းစနစ်ကောင်းမွန်ခြင်းကြောင့်လို့ ဆိုနိုင်သော်လည်း သူ့ရဲ့ ပထ၀ီ အနေအထားမှာ များစွာ မူတည်နေပါတယ်။ မလကာ ရေလက်ကြားမှာ ဂိတ်မှူးဖြစ်နေတဲ့ မြို့လေးမို့၊ အလိုလို ရွှေလမ်း၊ ငွေလမ်း ပေါက်နေတယ် လို့ ဆိုရမှာပါ။ ဒါပေမယ့် စင်ကာပူ တဖက်ကမ်း နီးနီးလေးမှာ ရှိတဲ့ အင်ဒိုနီးရှား ကျွန်းလဲ ရှိနေသော်လည်း၊ နိုင်ငံတကာ သင်္ဘောတွေ ဘာလို့ မ၀င်သလဲ၊ ဆိုတော့ စည်းစနစ် ရဲ့ လုံခြုံစိတ်ချရမှုက ကွာသွားပြန်တယ်။

ဒါကြောင့် နိုင်ငံတခု ကြီးပွါးတိုးတက်ဖို့ ဆိုသည်မှာ အဲဒီနိုင်ငံကို လည်ပတ် စေတဲ့ စက်ခေါင်း ဖြစ်တဲ့ အခြေခံ ဥပဒေ စနစ်တခု ကောင်းမွန်ဖို့ အင်မတန် အရေးကြီးပါတယ်။

ဖက်ဒရယ် စနစ်သည် မလေးရှားကို ကြီးပွါးတိုးတက်ခြင်းများ ဆောင်ကျင်းပေး သလို၊ အမေရိကန် ပြည်ထောင်စုကိုလဲ စူပါ ပါဝါ နိုင်ငံ ဖြစ်အောင် တွန်းပို့ ပေးသည်။ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲခြင်းမှာ ဖက်ဒရယ် အတုအယောင် ကြောင့် ဖြစ်သည်။ ဖက်ဒရယ်လို့ နာမည်တပ်ထားသော်လည်း၊ တကယ့်တကယ် တော့ အာဏာရှင် စနစ် ဖြစ်ခဲ့သည်။ အခုနောက်ပိုင်း ကျန်ရှိနေသော ရုရှားအောက်တွင် ဖက်ဒရယ်စနစ် ပိုမို ပီပြင်လာ၍ ခွဲထွက်မည့်သူများ ပေါ်မလာတော့ပါ။

ဖက်ဒရယ် ကို အထင်အရှား တွေ့နိုင်ဖို့ အဓိက အချက်တွေမှာ

(၁) တိုင်း နှင့် ပြည်နယ် နယ်နိမိတ်များ သတ်သတ်မှတ်မှတ် ရှိခြင်း။ (အခု မြန်မာ ပြည်မှာ ရှိပြီးသား ဖြစ်တယ်။)

(၂) ဗဟိုအစိုးရ နှင့် ဒေသန္တရ အစိုးရများ ဆို၍ လွတ်တော်များ သီးသန့်ရှိခြင်း။ (အခု မြန်မာပြည်မှာ ရှိနေပြီ။ သို့သော် အတုအယောင်ပဲ ရှိသေးသည်။)

(၃) ဗဟိုအစိုးရ နှင့် ဒေသန္တရ အစိုးရ အကြား အာဏာခွဲဝေမှု (၀ါ) ဗဟိုချုပ်ကိုင်မှု စနစ်လျှော့ချခြင်း။ (ဘက်ဂျက်၊ အခွန်၊ လုပ်ပိုင်ခွင့် များကို သတ်သတ်မှတ်မှတ် ဥပဒေ ရေးဆွဲထားခြင်း။ ဒီနေရာမှာ ညီမျှမှု ရှိရမည်။ ၂၀၀၈ အခြေခံဥပဒေ အရတော့ ညီမျှမှု လုံးဝ မရှိပါ။)

(၄) အာဏာပိုင်အဖွဲ့အစည်းများကို အောက်ခြေမှ အဆင့်ဆင့် ရွေးချယ်ခြင်း။ (၂၀၀၈ အခြေခံ ဥပဒေ နဲ့ ပြောင်းပြန် ဖြစ်တယ်။ အမှန်ဆိုရင်၊ တိုင်း နှင့် ပြည်နယ် အုပ်ချုပ်ရေးမှူးများကို သမ္မတက ခန့်အပ်တာမျိုးမဟုတ်ပဲ သက်ဆိုင်ရာ ဒေသန္တရ ပြည်သူများက တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍ ပြည်သူ့ကိုယ်စားလှယ်များမှ သော်လည်းကောင်း ရွေးချယ် တင်မြောက်ရမည်။ နိုင်ငံတော် သမ္မတ ကိုလည်း အဆိုပါ ပြည်နယ်အုပ်ချုပ်ရေးမှူးများနဲ့ ပါဝင်ဖွဲ့စည်းထားသော ပြည်ထောင်စု လွတ်တော်မှ သော်လည်းကောင်း၊ ပြည်သူများ တိုက်ရိုက် မဲပေးခြင်းမှ သော်လည်းကောင်း ရွေးချယ် တင်မြောက်ရမည် ဖြစ်သည်။)

(၅) ပြည်သူ့ ရဲ နှင့် အထွေထွေ အုပ်ချုပ်ရေး ၀န်ထမ်းရွေးချယ်ခန့်ထားရေးတွင်လည်း သက်ဆိုင်ရာ ဒေသန္တရ တိုင်းနှင့် ပြည်နယ်များမှ နယ်ခံများကို ဦးစားပေး လွတ်လပ်စွာပြိုင်ဆိုင်စေပြီး ရွေးချယ်ခန့်ထားရန် အရေးကြီးသည်။ ဗဟိုအစိုးရ တိုက်ရိုက် ကွပ်ကဲရသော ၀န်ထမ်းများကိုမူ နိုင်ငံသားတိုင်း မည်သူမဆို လွတ်လပ်စွာ အရည်အချင်း စစ်စာမေးပွဲများမှ ရွေးချယ်ခန့်ထားရန် ဖြစ်သည်။

(၆) စစ် ဦးစီးချုပ်များ (ကြည်း၊ ရေ၊ လေ၊ တိုင်းရင်းသား နယ်စောင့်တပ်များ) နှင့် ဖွဲ့စည်းထားသော ကက်ဘိနက်အဖွဲ့မှ ကာကွယ်ရေး ဦးစီးချုပ် (၀ါ) စစ် ဦးစီးချုပ်များ ဥက္ကဌ ရာထူးကို ရွေးချယ်ခန့်ထားပြီး ပြည်သူက တိုက်ရိုက်သော်လည်းကောင်း သွယ်ဝိုက်၍ သော်လည်းကောင်း ရွေးချယ်ထားသော ပြည်ထောင်စု သမ္မတ သည်  စစ်သေနာပတိချုပ် ဖြစ်သင့်သည်။

(ရ) ပြည်သူ့ရဲ သည် အာဏာရ အစိုးရက တိုက်ရိုက်ကွပ်ကဲသော ပြည်ထဲရေး ၀န်ကြီးဌာန အောက်တွင် သီးသန့် ရပ်တည်သင့်သည်။ ကာကွယ်ရေး ဦးစီးချုပ်အောက်တွင် မရှိသင့်ပါ။

(၈) ရုံးသုံးစာကို သက်ဆိုင်ရာ တိုင်းရင်းသားများ စာပေများကိုလဲ အသိအမှတ်ပြုပြီး သက်ဆိုင်ရာ ဒေသန္တရ နယ်များတွင် အသုံးပြုခွင့် ရှိရေး။ တိုင်းရင်းသား လူမျိုးတိုင်း အတွက် အမျိုးသားကျောင်းများ ဖွင့်ခွင့် ပြုရေး၊ ထိုအမျိုးသားကျောင်းများကို သက်ဆိုင်ရာ ပြည်နယ်အစိုးရ ပညာရေး ၀န်ကြီးမှ တိုင်းရင်းသား စာပေ ဌာနမှူးခန့်ထားပြီး တာဝန်ယူခိုင်းရင် လက်တွေ့ တိုင်းရင်းသား စာပေများကို အားပေးရာ ရောက်မည် ဖြစ်သည်။

၂၀၀၈ အခြေခံ ဥပဒေ ကို မပြင်ပဲနဲ့တော့ ဘယ်လိုမှ ဖက်ဒရယ် မဖြစ်နိုင်ပါ။ ဗဟိုချုပ်ကိုင်မှု စနစ်လျှော့ချ နိုင်ရန်၊ အခြေခံဥပဒေ ကို ပြင်ကို ပြင်ရမည်။ ဒါမှ ငြိမ်းချမ်းပျော်ရွှင်တဲ့ မြန်မာပြည်ကြီး ၁၀ နှစ်အတွင်း ဖြစ်လာမှာ အမှန်ပါ။