ဒူဝါ အနေနဲ့ လေ့လာကြည့်သလောက်၊ ဗုဒ္ဓဘာသာ ဆိုတာလဲ ငြိမ်းချမ်းခြင်းကို သွန်သင်ပေးတယ်။ ဒါပေမယ့် မငြိမ်းချမ်းတဲ့ စကားတွေပဲ ကြားနေရတော့ စိတ်မချမ်းသာဘူး။
မြန်မာ နိုင်ငံက အထင်ကရ ဗုဒ္ဓဘာသာ ခေါင်းဆောင် ဘုန်းကြီး တစ်ပါး ဆီက အခုလို အမြင်မျိုးဖတ်လိုက်ရတော့ မတုံ့ပြန်ပဲ မနေနိုင်တော့ဘူး။ အိမ်ရှင်နဲ့ ဧည့်သည် ဆိုတာ မှန်တယ်။ ဒါပေမယ့် နယ်မြေဒေသ ကို အသိအကျ ပြောရပါလိမ့်မယ်။
မြန်မာ နိုင်ငံတခုလုံး နဲ့ ယှဉ်ပြီး ပြောလိုက်တော့ ငါတို့ ကချင် ခရစ်ယာန်တွေက ဘယ်တုန်းကမှ ဗုဒ္ဓဘာသာ မဖြစ်ခဲ့ပဲနဲ့ နေရင်းထိုင်ရင်း ကိုယ့် အိမ်ပေါ်မှာ ဧည့်သည် အဖြစ် သမုတ်ခြင်းခံလိုက်ရ သလိုပဲ။
သီတဂူဆရာတော်၊ ဟောကြားသွားတဲ့ တရားကို မိုးမခ မှာ တင်ထားတာ ဖတ်လိုက်ရတယ်။ (http://moemaka.com/
မြန်မာ နိုင်ငံမှာ ဗုဒ္ဓဘာသာ က အိမ်ရှင်၊ ကျန်တဲ့ ဘာသာ အားလုံး (ခရစ်ယာန် အပါအ၀င်) က ဧည့်သည်တွေ။ ဒီတော့ ဧည့်သည်တွေက အိမ်ရှင် နဲ့ တည့်အောင် နေဖို့ ဟောထားတယ်။
ဒါဟာ နှကိုယ်ကမှ အမျိုး၊ ဘာသာ၊ သာသနာ ဆိုပြီး ဗမာ တမျိုးထဲရဲ့ အမျိုး ဘာသာ၊ သာသနာ ကို ရှေ့တန်းတင်နေတဲ့ စိတ်ရူး သမားများကို မီးလောင်ရာ လေပင့် ဖြစ်စေတဲ့ တရားပါ။
ခက်တာက အဲဒီ အိမ်ရှင် ဆိုတဲ့ လူတွေကိုယ်တိုင်က လူမျိုးတိုင်းတဲ့ တိုက်ခိုက်နေတဲ့ ပြဿနာအရင်းအမြစ် ဖြစ်နေတာ ခက်နေတယ်။
ဗမာ ဗုဒ္ဓဘာသာ ဖြစ်ထွန်းခဲ့တဲ့ အောက်မြန်မာ ပြည်မှာ သီးသန့် အိမ်ရှင် အနေနဲ့ ပြောပါ၊ ရတယ်။ မကန့်ကွက်ဘူး။ ဒါပေမယ့် ကချင် နဲ့ ချင်း တောင်တန်း မှာတော့ အဲသလို ပြောလို့ မရဘူး။ ချင်း နဲ့ ကချင်ဟာ ဘယ်တုန်းကမှ ဗုဒ္ဓဘာသာ ၀င်တွေ မဟုတ်ခဲ့ဘူး။
ဒါကြောင့် ဖက်ဒရယ် စနစ်လိုတယ် လို့ တိုင်းရင်းသားတွေ ပြောနေတာပါ။ တနိုင်ငံလုံးကို လူမျိုးတမျိုးထဲရဲ့ ဘာသာ၊ သာသနာ ကို ရှေ့တန်းတင်လို့ မရပါ။ ဗုဒ္ဓဘာသာ ချင်း တူနေရင်တောင် သူ့စကားနဲ့ သူ၊ သူ့ယဉ်ကျေးမှု နဲ့ သူ ပဲ ရှိသင့်တာပါ။ တာလီဘန်တွေလို ဘာသာရေးကို အခြေခံတဲ့ နိုင်ငံရေး တည်ထောင်ချင်ရင် ဗမာတွေ သီးသန့်နေတဲ့ တိုင်း၊ ပြည်နယ် တွေမှာ ဗုဒ္ဓဘာသာ နိုင်ငံရေး လုပ်ပါ။ တခြား တိုင်းရင်းသား ပြည်နယ်တွေက ဘာသာရေး အခြေမခံတဲ့ လွတ်လပ်တဲ့ ဒီမိုကရေစီ စနစ်ကို ဖေါ်ဆောင်မယ်။ ကိုယ့်ပြည်နယ် ကိုယ် ကိုယ်ပိုင်ပြဌာန်းခွင့်သာ လိုပါတယ်။
တခြားနိုင်ငံတွေနဲ့ မြန်မာ နိုင်ငံ မတူတဲ့ အချက်တွေ အများကြီးပါ။ သမိုင်း မတူဘူး၊ လွတ်လပ်ရေး တည်ဆောက်လာတဲ့ လမ်းကြောင်းလဲ မတူဘူး။ တပုံစံထဲ အတုယူလို့ မရဘူး။ မြန်မာနိုင်ငံဟာ တိုင်းရင်းသား ပေါင်းစုံနေတာ တခုထဲ မဟုတ်ဘူး။ နိုင်ငံတိုင်းမှာ တိုင်းရင်းသားစုံတယ်။ ဒါပေမယ့် ပြည်ထောင်စု မြန်မာနိုင်ငံ ဆိုတာ မြန်မာ ကုန်းဘောင်ခေတ် နိုင်ငံ မဟုတ်ဘူး။ အစကတည်းက အင်ဒိုချိုင်းနား (လာအို၊ ကမ်ဘောဒီးယား၊ ဗီယက်နမ်၊ ထိုင်း အရှေ့ မြောက်ပိုင်း) နိုင်ငံတွေလို လူမျိုးခြား တိုင်းပြည်တွေကို ကိုလိုနီ နိုင်ငံတခုထဲက အုပ်ချုပ်ခဲ့တဲ့ နိုင်ငံ ဖြစ်တယ်။ လွတ်လပ်ရေးယူပုံ ယူနည်း မတူခဲ့လို့ အင်ဒိုချိုင်းနားက လေးနိုင်ငံ ဖြစ်လာတယ်။ မြန်မာက တနိုင်ငံထဲ ပြည်ထောင်စု နိုင်ငံ ဖြစ်လာတယ်။ ဒါကြောင့်၊ လာအို၊ ဗီယက်နမ်၊ ကမ်ဘောဒီယား တွေကို ပြည်ထောင်စု နိုင်ငံတွေ မဟုတ်ဘူး။ မြန်မာ နိုင်ငံက ပြည်ထောင်စု နိုင်ငံ ဖြစ်တယ်။ လူမျိုးခြား ပြည်ထောင် များကို စုစည်းထားတဲ့ နိုင်ငံ ဖြစ်တယ်။
မြန်မာမှာ ကုန်းဘောင်ခေတ်ရှိခဲ့သလို ကချင်မှာလဲ ခေတ်အဆက်ဆက် ရှိနေခဲ့တာပဲ။ ကချင်အကြောင်း ဗမာ တွေ မကြားဖူးတာကိုက ကချင်နဲ့ ဗမာတွေဟာ ဘာမှ မဆိုင်ပဲ ရပ်တည်ခဲ့တယ် ဆိုတာ သိထားသင့်ပါတယ်။ ကချင်တွေမှာ မြန်မာ့ သမိုင်းမှာ မပါတဲ့ သီးသန့်သမိုင်းရှိတယ်။ (သိချင်တဲ့ လူတွေ အချိန်မရွေး လေ့လာနိုင်တယ်။)
ဗမာ လူမျိုးဟာ လူများစု ဖြစ်တဲ့ အတွက် မြန်မာ နိုင်ငံ အတွက် ဘုံ ဘာသာစကား အနေနဲ့ သုံးဖို့ လူမျိုးတိုင်းက အလိုလို လက်ခံပြီးသား ဖြစ်တယ်။ ဒါပေမယ့် ဘုံ ဘာသာရေး၊ ဘုံယဉ်ကျေးမှု၊ ဘုံလူမျိုး မရှိသင့်ပါ။ လက်ခံမှာလဲ မဟုတ်ပါ။ လက်မခံတာကို ဆွတ်လုပ်ဖို့ ကြိုးစားနေသ၍ ဘယ်တော့မှ ငြိမ်းချမ်းလာမှာ မဟုတ်ပါ။ ငြိမ်းချမ်းခြင်း ဆိုတဲ့ တရားတော်ကို တကယ် ကြိုက်တဲ့ ဘာသာတရား ဆိုရင် လက်တွေ့ကျတဲ့ ငြိမ်းချမ်းရေး တရားဟောကြပါ။
လက်တွေ့ကျတဲ့ ငြိမ်းချမ်းရေး တရား ဆိုတာ ဘာသာတရားတိုင်းမှာ လိုတယ်။ ကလေးငယ်များကို ဘာသာခြား၊ လူမျိုးခြား မုန်းတီးရေး စိတ်ဓါတ် အမြစ်မသွယ် ဖို့ သွန်သင်ဖို့ လိုတယ်။ အမုန်းတရား ဆိုတာ ဘယ်ဘာသာတရားမှ လက်မခံ ပါဘူး။ ဒါပေမယ့် အစွန်းရောက် ဘာသာရေး သမားတိုင်းဟာ ဘာသာခြား ဆန့်ကျင်ရေးကို လက်ကိုင်ထားတတ်တယ်။ ဆန့်ကျင်ခြင်း ဆိုတာ အမုန်းတရား ဖြစ်တယ်။
မြန်မာနိုင်ငံမှာ လိုအပ်တာ ငြိမ်းချမ်းရေး ပါ။ အစွန်းရောက်သမားများ မဟုတ်ဘူး။