Friday, November 7, 2014

လူသတ်မှုနဲ့ သံသယအကျိုး ခံစားထိုက်သူများ

 

(အလောင်းကို ဘယ်သူက တကယ်ကြောက်နေလဲ)
မွန်တို့က အစွဲကြီးတယ်။ သမိုင်းက ရှည်ခဲ့လို့။ အတွေ့အကြုံက များခဲ့လို့။ ဒါပေမဲ့ အဲဒီအစွဲတိုင်းမှာ အဓိပ္ပါယ်ရှိတယ်။ ရွာပြင်က အလောင်းကို ရွာထဲ အသွင်းမခံဘူးဆိုတာ ဘာကြောင့်လဲ။ 
၁။ ကျန်းမာရေးအရ ကူးစက်ရောဂါကို ကြိုတင်တားဆီးဖို့၊
၂။ အုပ်ချုပ်ရေးအရ မှုခင်းအရ ရွာကို မပတ်သက်စေဖို့၊
၃။ လူမှုရေးအရ အနှောင့်အယှက် မဖြစ်စေဖို့
ဖြစ်တယ်။ ဒါကြောင့် ပထမအချက်အရ ဆေးဆရာနဲ့ ပြီးတယ်။ ဒုတိယအချက်အရ မင်းစိုးရာဇာတွေနဲ့ ပြီးတယ်။ တတိယအချက်အရ ကမ္မဋ္ဌာန်းဆရာနဲ့ ပြီးတယ်။ ကမ္မဋ္ဌာန်းဆရာဆိုတာ သုဘရာဇာကို ပြောတာပါ။ မွန်မှာ သုဘရာဇာထက် အဆင့်က ပိုမြင့်ပြီး စီမံပိုင်ခွင့်လည်း ပိုရှိပါတယ်။
အလောင်းမဖြတ်ရဆိုတာ မဟုတ်ဘူး။ မော်လမြိုင်မှာ ဆုံးလို့ ရွာအထိ သယ်နေကြတာပဲ။ မိမိမိခင်ဆုံးတော့ ဖောင်စိန်ဆိုတဲ့ ရွာကို ဖြတ်ပြီး အလောင်းကို သယ်လာရတာပဲ။ ဒီအလောင်းဖြတ်ဖို့ ဆရာဝန်လက်မှတ်တော့ ပါရမယ်ပေါ့။ အခု ကိုပါကြီးလိုအလောင်းမျိုးဆိုရင် မှုခင်းနဲ့ ပတ်သက်တယ်။ ဒီတော့ အစိုးရက ဖြတ်သန်းခွင့်ပြုရင် ရတယ်။ ဆေးစစ်ချက်ယူပြီးရင် ဒီအလောင်းကို အစိုးရက ထိန်းထားလို့ မရတော့ဘူး။ ဒါကြောင့် ဖြတ်လို့ ရတယ်။ ကော့ခပုံမှာဆိုရင် မပုပ်မသိုးတဲ့ ဆရာတော်အလောင်းကို တောကနေ ရွာထဲထားပြီး ကိုးကွယ်နေကြတုန်းပါပဲ။ ရပ်ရွာထဲဆိုရင် အများနဲ့ ဆိုင်တဲ့ နေရာမျိုးပါ။ အိမ်မှာ ဖြစ်တဲ့ကိစ္စဆိုရင် အိမ်နီးချင်းက နားလည်ပေးလို့ ရပေမဲ့ ဘယ်ကနေ သယ်လာမှန်းမသိတဲ့ အရှုပ်အရှင်းတွေကိုကျတော့ ရွာလုံးကျွတ်က ကြိုက်ချင်မှ ကြိုက်မယ်လေ။ ဒါဟာ အင်မတန် စနစ်ကျလှတဲ့ အစွဲဖြစ်တယ်။ လူတွေ ထင်သလို လူသေအလောင်းကို ကြောက်တဲ့ အစွဲအလမ်းမျိး မဟုတ်ပါဘူး။ ဒီတော့ လူသေအလောင်းကို ဘယ်သူက တကယ်ကြောက်နေလဲ ဒီမှာ ဆန်းစစ်ကြည့်ရအောင်ပါ။
မဘသအမည်ခံပြီး သင်္ကန်းဝတ်လာတဲ့ ဘုန်းကြီး၊ မွန်ဘုန်းကြီးအမည်ခံပြီး မသန္တာကို ပြဿနာရှာတဲ့ ပုဂ္ဂိုလ်ဟာ မွန်တို့ကို ကိုယ်စားမပြုသလို မွန်တို့ရဲ့ ဓလေ့ထုံးစံကိုလည်း သိရှိနားလည်မှာ မဟုတ်ဘူး။ မိမိအထင်ကို ပြောရရင် မဘသဆရာတော်တစ်ပါးလည်း ဟုတ်ဟန်မတူဘူး။ မွန်ဘုန်းကြီးလည်း ဟုတ်ဟန်မတူဘူး။ ဖြစ်များဖြစ်ရင် စစ်တပ်အသိုင်းအဝိုင်း၊ ကြံ့ဖွတ်အသိုင်းအဝိုင်း၊ စွမ်းအားရှင်အသိုဝ်းအဝိုင်းပဲ ဖြစ်ရမယ်။ အက်စ်ဘီတွေလည်း ဖြစ်ချင်ဖြစ်မှာပေါ့။
အစိုးရတစ်ရပ်၊ တပ်မတော်တစ်ရပ်မှာ စုံစမ်းထောက်လှမ်းစရာရှိလို့ လိုအပ်ရင် သင်္ကန်းဆီးရတာမျိုး ရှိပါတယ်။ ဘယ်နိုင်ငံမှာမဆို အစိုးရ၊ စစ်တပ်၊ ဒါမှမဟုတ် အခြားအဖွဲ့အစည်းတစ်ခုခုက မွေးထားတဲ့ ကိုယ့်လူသူ့ဘက်သားတွေ အများကြီးပါ။ တိုင်းပြည်အုပ်ချုပ်ရေးမှာ ဒါတွေ မရှိမဖြစ် ရှိနေမှာ ဖြစ်တယ်။ 
ဘုရားလက်ထက်တုန်းက ကောသလမင်းကြီးဆိုတာ ရှိတယ်။ ဘုရားကို ဒုက္ခပေးတဲ့နေရာမှာ သူက ထိပ်ဆုံးကပဲ။ ဘုရားက သူ့ကို အနွံအတာ ခံရတယ်။ သူက ဘုရားကို ပထမဆုံး တွေ့တော့ "ဟာဗျာ .... ဘုရားလုပ်သူက အသက်ခပ်ကြီးကြီး မှတ်တယ်၊ နို့တောင် မစင်သေးတဲ့ ကလေးလေးလိုပဲလား"လို့ မှတ်ချက်ပြုသတဲ့။ တစ်ခါခါမှာ တိတ်ဆိတ်ငြိမ်သက်မှုကို လိုလားတဲ့ မြတ်စွာဘုရားကျောင်းနားမှာ ကျောင်းဆောက်ပြီး အနှောင့်အယှက်ပေးလိုတဲ့ တက္ကတွန်းရဟန်းတွေက ဘုရင်ကို လာဘ်ထိုးပြီး ကျောင်းဆောက်ခွင့် တောင်းပါတယ်။ ဒါကိုလည်း ဘုရားမျက်နှာကိုမှ မထောက်၊ ကောသလမင်းကြီးက ခွင့်ပြုလိုက်တာပဲ ဖြစ်တယ်။ သူက အစားကြီးတော့ တရားနာတဲ့အချိန်မှာလည်း ငိုက်မြည်းနေသတဲ့။ အစားကြီးတော့ အအိပ်ကြီး၊ အအိပ်ကြီးတော့ အိပ်မက်တွေ လျှောက်မက်၊ သူ မက်တဲ့ အိပ်မက်ကို ဘုရားက ဖော်ပေးရတော့ ကောသလအိပ်မက် (၁၆)ချက်ဆိုတာ ဖြစ်လာရပါတယ်။ 
တစ်ခါမှာ မြတ်စွာဘုရားနဲ့ စကားပြောနေတုန်း ကျောင်းဘေးနားက တက္ကတွန်းရဟန်းအချို့ဟာ ကိုးရိုးကားရားနဲ့ ဖြတ်သွားကြပါတယ်။ အော် ရဟန်းဖြစ်ပြီးတော့ ကြည်ညိုဖွယ်အသွင် မရှိပါတကားလို့ ပြောတော့ "ဟဲဟဲ အရှင်ဘုရားကလည်း အဲ့ဒါ ရဟန်းအစစ်တွေမှ မဟုတ်တာပဲ၊ အဲ့ဒါ တပည့်တော်လူတွေလေဘုရား"တဲ့။ ကြည့်ပေါ့။ သာသနာကို အသုံးချနေခဲ့တာ ဟိုဘုရားလက်ထက်ကတည်းကပါ။ အခုခေတ်မှာ ခရစ်ယာန်သာသနာပြုတွေထဲမှာလည်း စီအိုင်အေအပါအဝင် ထောက်လှမ်းရေးဆဲလ်တွေ ထည့်ထားမှာပဲ ဖြစ်တယ်။ အခြားနိုင်ငံ၊ အခြားလူမျိုး၊ အခြားအဖွဲ့အစည်းတွေမှာလည်းပဲ ဒီလိုဆဲလ်တွေ ထည့်ထားမှာပဲ။ ဒါတွေက အထူးအဆန်းတွေ မဟုတ်ဘူး။
မြန်မာနိုင်ငံမှာ ထူးတာက အစိုးရ ဖန်တီးထားတဲ့ ရဟန်းတုတွေဟာ ထောက်လှမ်းရေးအဆင့် မရှိကြဘူး။ ထောက်လှမ်းရေးအဆင့်ဆိုရင် စနစ်တကျ သတင်းကို နှိုက်နေပါလိမ့်မယ်။ သတင်းပေး *informer" အဆင့်လောက်တော့ ရှိချင်ရှိမယ်။ ဒါပေမဲ့ ဒီအဆင့်တောင် ရှိမှရှိပါ့မလားလို့ သံသယရှိတယ်။ ဘာဖြစ်လဲဆိုတော့ ဒီဘုန်းကြီးတွေက တော်ကီဝေါ်ကီတွေနဲ့ အစိုးရဘုန်းကြီးမှန်း ပေါ်နေပြီလေ။ အခု မဘသယပ်တောင်ကိုင်လို့ မွန်ဘုန်းကြီးပါလို့ ပြောနေသူကလည်း အရပ်ဘက်အုပ်ချုပ်ရေးကို ထိပါးနေတယ်။ Laws & orders ကို မခန့်လေးစား လုပ်တယ်။ ဆေးရုံကိုလည်း စစ်တလင်းပြင် လုပ်ချင်တယ်။ ဘောင်တွေ ကျော်နေတာ မနည်းဘူး။ ဒီထက် ဘောင်ကျော်နေတာက ကိုပါကြီးအလောင်းနဲ့ ပတ်သက်ပြီး မွန်တွေကို အသုံးချဖို့ ကြိုးစားတာပဲ။ မွန်ဓလေ့ကို လေးစားသပဆိုခဲ့ရင် မြန်မာစစ်တပ်သတ်ခဲ့တဲ့ မွန်တွေအလောင်းကို ဘယ်လိုထားပစ်ခဲ့လဲ ပြောနိုင်ပါသလား။ ၁၉၇၄ ခုမှာ ဆိုရင် မော်လမြိုင်နဲ့ သိပ်မဝေးတဲ့ မုဒုံမြို့နယ်မှာပဲ နိုင်ကျန်သိမ်းကို စစ်တပ်က ခေါင်းဖြတ်သတ်ခဲ့ပါတယ်။ အခု နိုင်လှုံ၊ လက်တက်ရွာနားမှာ အလောင်းကို ပစ်ထားခဲ့ပါတယ်။ ရွာသားတွေက ဝိုင်းဝန်းမြှုပ်နှံခဲ့ရပါတယ်။ အခု ကိုပါကြီးအလောင်းကျမှ အဖြစ်တွေ သည်းပြနေရုံနဲ့ အလုပ်မဖြစ်ဘူး။
အခု ကိုပါကြီးကို ရဲက ဖမ်းလိုက်တာလား၊ စစ်တပ်က ဖမ်းလိုက်တာလား၊ ရဲက ဖမ်းပြီး စစ်တပ်လက်ထဲကို အပ်လိုက်တာလား၊ ဘယ်နေရာက ဖမ်းလာပြီး ဘယ်နေရာမှာ သတ်ခဲ့ပါသလဲ သိသူကို ဖော်ချင်ရင် အလောင်းသွားပြတဲ့ တပ်မတော်အရာရှိကနေ စပြီး စုံစမ်းရပါလိမ့်မယ်။ သဲလွန်စက သူ့ဆီမှာ ရှိတယ်မဟုတ်လား။ ရဲက အရပ်ဘက် အုပ်ချုပ်ရေး၊ အရပ်ဘက်အုပ်ချုပ်ရေးကနေ လူတစ်ယောက်ကို ဖမ်းဆီးခဲ့ပြီး စစ်ဘက်ကို လွှဲအပ်ရမယ်ဆိုရင် လက်ရှိ ၂၀၀၈ ခု နာဂစ်ဖွဲ့စည်းပုံအရ အံဝင်ခွင်ကျ ဖြစ်မဖြစ်တော့ မသိဘူး။ ဒါဟာ တရားဥပဒေစိုးမိုးရေးမရှိကြောင်း နောက်ထပ်သက်သေတစ်ခု ဖြစ်တယ်။ တရားဥပဒေမဲ့မှုတွေဟာ မော်လမြိုင်ပြည်သူ့ဆေးရုံအထိ ရောက်လာပါသေးတယ်။
ဒီတော့ မိမိတို့ ဘာစဉ်းစားမိလဲ။ မြန်မာနိုင်ငံသားတစ်ဦးဟာ သူ့မှတ်ပုံတင်ကို ပြနိုင်ခဲ့ရင် အရေးကြီးနေရာအချို့က လွဲပြီး အကုန်သွားနိုင်တယ်။ ခရီးသွားသတင်းထောက်တစ်ဦးဆိုရင် စစ်တပ်နဲ့ ရဲတို့တောင် လုံခြုံရေး ပေးရပါဦးမယ်။ ဘာဖြစ်လဲ။ သတင်းထောက်ဆိုတာ သတင်းအမှန်ကို ပေးနိုင်တယ်။ သတင်းအမှန်ကို ရရင် တရားဥပဒေစိုးမိုးရေးအတွက် အင်မတန် အထောက်အကူ ဖြစ်တယ်။ အခု စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ သတင်းထောက်တစ်ယောက်ကို ဖမ်းဆီးခဲ့တယ်။ ပြီးတော့ သတ်ဖြတ်ခဲ့တယ်။ အလောင်းဖျောက်ခဲ့တယ်။ ဇနီးဖြစ်သူ မသန္တာက တိုင်ကြားတော့မှာ ကျေညာချက်အခါခါ ထုတ်ပြရတယ်ဆိုတော့
၁။ သတ်မိန့်ပေးနိုင်သူမှာ ဗျူဟာမှူးအဆင့် အနည်းဆုံးပါရမယ်။
၂။ တိုင်းမှူးက အခုထိ တွဲဖက်ဗျူဟာမှူးတာဝန်ကို ရယူထားတယ်ဆိုရင် သူလည်း ပါနိုင်တယ်။
၃။ ကျေညာချက်ကို ထုတ်ပြန်တဲ့ စစ်ဌာနချုပ်က တာဝန်ရှိသူတွေ ဥပမာ ကာချုပ်လည်း ပါနိုင်တယ်၊
၎။ ဆေးရုံမှာ သင်္ကန်းဝတ်ပြီး လာသောင်းကျန်းသွားတဲ့ ဘုန်းကြီးတုတွေလည်း ပါနိုင်တယ်၊
၅။ အလောင်းသယ်မဲ့ ခရီးတလျှောက်မှာ ပိတ်ဆို့ဟန့်တားမဲ့ ပုဂ္ဂိုလ်တွေအားလုံးဟာ ဒီလူသတ်မှုနဲ့ တစ်နည်းတစ်ဖုံ ပတ်သက်မှု ရှိမှာ သေချာပါတယ်။ 
ဒီလူတွေဆီက စပြီး ဒီအမှုကို စလိုက်ရမှာ ဖြစ်တယ်။ ဒီလူတွေဟာ တည်ဆဲတရားဥပဒေကို ချိုးဖောက်ခဲ့ကြပြီး ကိုပါကြီးအလောင်းအတွက် တရားဥပဒေအရ အမှုမှန်ပေါ်ပေါက်ရေးကို အနှောင့်အယှက်ပြုနေသူများ ဖြစ်လို့ တရားဥပဒေ စိုးမိုးတဲ့ နိုင်ငံတွေမှာဆိုရင် သံသယအကျိုးကို ခံစားရမှာ မုချပါပဲ။ ဒီလူတွေက ကျိုက်မရောမှာ ပြစ်မှုကျူးလွန်ခဲ့ကြတယ်၊ မော်လမြိုင်အထိ လိုက်လာကြတယ်၊ ဒဂုံအထိ လိုက်သွားကြမဲ့ပုံပါ။ နေရာတိုင်းမှာ သူတို့လူတွေ ရှိနေတယ်ဆိုခဲ့ရင် ဒါဟာ စနစ်တကျ လူသတ်မှုတစ်ခု ဖြစ်ကြောင်း ပိုတောင် ထင်ရှားသွားတယ်။ အဲဒီလူသတ်မှုဟာ ရွေ့လျားပုံကို ထောက်ကြည့်ရင် စစ်ဌာနချုပ်နဲ့ တဖြည်းဖြည်း နီးကပ်လာတာကို တွေ့ရတယ်။ မင်းအောင်လှိုင်နဲ့ နီးလာလေလေ အနှောင့်အယှက်က ကြီးမားလာလေလေပါပဲ။
ဒီလူတွေက သူတို့ လုပ်ခဲ့တဲ့ မကောင်းမှုကို ကြောက်လန့်နေကြပြီး သေနေတဲ့ အလောင်းကိုတောင် မဟာဒဂုံမြို့တော်ကို ရောက်ရင် ဘာဖြစ်မလဲ စိုးတထိတ်ထိတ်နဲ့ စားမဝင်အိပ်မပျော်နိုင်ကြသူများ ဖြစ်တယ်။ မွန်တွေက ကိုပါကြီးကို မကြောက်ကြဘူး။ ကိုပါကြီးအလောင်းအတွက် ဝိုင်းဝန်းကူညီပေးနေကြတယ်။ ကိုပါကြီးကို ကြောက်လို့ သတ်ခဲ့ပြီး ကိုပါကြီးအလောင်းကိုပါ တကယ်ကြောက်နေသူတွေကတော့ သူတို့ကိုယ်တိုင်ပါပဲ။ သူတို့က ကိုပါကြီးအလောင်းကို အကြောက်ကြီး ကြောက်ပြီး သူတို့ကြောက်တာကို ဖုံးဖိတဲ့အနေနဲ့ မွန်တို့အပေါ် အသုံးချလိုက်ခြင်းသာ ဖြစ်တယ်။ အင်မတန် သတ္တိကြောင်လှပါတယ်။ ရှက်စရာလည်း အင်မတန်ကောင်းလှပါတယ်။
လက်ရှိဖွတ်တွေ၊ လက်ရှိတပ်တွေ၊ လက်ရှိစွမ်အားရှင်တွေ၊ လက်ရှိခရိုနီတွေ၊ လက်ရှိ ဦးပိုင်တွေဟာ သတ္တိရှိတယ်ဆိုရင် ပြည်သူ့သဘောထားဆိုပြီး မျက်နှာဖုံးစွပ်စရာမလိုတော့ဘူ့။ မဘသအမည်ခံပြီး ရပ်တည်ဖို့ မကြိုးစားသင့်တော့ဘူး။ မွန်အပါအဝင် တိုင်းရင်းသားအမည်ခံပြီး လိမ်လည်လှည့်ဖြားမှုတွေ မလုပ်သင့်တော့ဘူး။ ၂၀၀၈ - ခုဥပဒေအရ ပွင့်လင်းမြင်သားမှု ရှိခဲ့ရင် ခင်ဗျားတို့ မျက်နှာဖုံးခွာဖို့ လိုနေပြီ။ ၂၀၀၈ ခု နာဂစ်ဖွဲ့စည်းပုံကို မှောင်ရိပ်ခိုပြီး မကောင်းမှုတွေကို မလုပ်ကြပါနဲ့တော့။ ပြည်သူတို့ကို မျက်လှည့်ပြမနေကြပါနဲ့တော့။ ပြည်သူတို့နဲ့အတူ ပူးပေါင်းဆောင်ရွက်ကြပါ၊ ပုဒ်မ ၄၃၆ ကို ဝိုင်းဝန်းပြင်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်။