Thursday, November 20, 2014

တပ်မတော်က လက်နက်ကြီးဖြင့် တမင်ပစ်ခတ်ဟု ကေအိုင်အေ စွပ်စွဲ


Du kaba Gun Maw hte Myanmer times ga san ga htai.
တပ်မတော်က လက်နက်ကြီးဖြင့် တမင်ပစ်ခတ်ဟု ကေအိုင်အေ စွပ်စွဲ
ရဲမွန်နှင့် ၀လုံး | Thursday, 20 November 2014
ကချင်လွတ်မြောက်ရေးတပ်မတော် ဌာနချုပ် တည်ရှိရာ လိုင်ဇာမြို့အနီးရှိ ကေအိုင်အေ
ဗိုလ်လောင်းသင်တန်းကျောင်းကို အစိုးရစစ်တပ်က ရည်ရွယ်ချက်ရှိရှိ ပစ်ခတ် တိုက်ခိုက်ခြင်း
ဖြစ်ကြောင်း ကေအိုင်အေဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် က မြန်မာတိုင်း(မ်)ကို ပြောသည်။
"ဒါဟာ ရည်ရွယ်ချက်ရှိရှိ လုပ်တာပါ။ ၁၀၅ မမ လက်နက်ကြီးနဲ့ ပစ်ခတ်ဖို့က ဗဟိုက
အမိန့်မပေးရင် ပစ်ဖို့မဖြစ်နိုင်ဘူး။ အမိန့်ပေးမှသာ ပစ်ရတာ"ဟု ၎င်းက ပြောသည်။
ယခုလ ၁၉ ရက်နေ့ နေ့လယ်ပိုင်းက လက်နက်ကြီး ထိမှန်မှုကြောင့် ကေအိုင်အေ ဗိုလ်လောင်း
၂၀ ကျဆုံးပြီး ၄၀ ကျော် ဒဏ်ရာ ရရှိသွားကြောင်း ၎င်းက ပြောသည်။
လက်နက်ကြီးများ မကျရောက်မီ ရက်ပိုင်းကတည်းက မန်စီမြို့နယ်တစ်ဝိုက်ရှိ ကေအိုင်အေတပ်ရင်း
၁၆၊ ၁၇ တို့နှင့် တပ်မတော်တို့အကြား တိုက်ပွဲငယ်များ ဖြစ်ပွားနေခဲ့သော်လည်း ယခုလက်နက်ကြီး
ကျရောက် ပေါက်ကွဲခဲ့သည့် ကေအိုင်အေ ဗိုလ်လောင်း သင်တန်းကျောင်းနေရာမှာ တိုက်ပွဲ
ဖြစ်ပွားရာနေရာနှင့် အလှမ်းကွာသော လိုင်ဇာမြို့အနီးတွင် တည်ရှိသည်။
ဖြစ်ပွားခဲ့သော အခြေအနေများနှင့် ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံးသို့ မေးမြန်းရာ
အဖြစ်အပျက်များကို ပဋိပက္ခညှိနှိုင်းရေးအဖွဲ့နှင့် ဆက်သွယ်လုပ်ဆောင်မည့် မြန်မာငြိမ်းချမ်းရေး
စင်တာ (အမ်ပီစီ)ကို အားလုံးပြောကြားထားပြီးဖြစ်ကြောင်း သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေး
က ပြောသည်။
အမ်ပီစီ၏ ပဋိပက္ခညှိနှိုင်းရေးမှူး ဒေါက်တာ မင်းဇော်ဦးက မြန်မာငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့က
တစ်ဆင့် အမ်ပီစီက အဆိုပါ သတင်းအပါအ၀င် ကေအိုင်အေနှင့် အစိုးရတပ်များကြား ဖြစ်ပွား
နေခဲ့သည့် တိုက်ပွဲများနှင့် ပတ်သက်ပြီး သက်ဆိုင်ရာသို့ အပြည့်အစုံ သတင်းပို့ထားပြီးဖြစ်ကြောင်း
ပြောသည်။
"ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ်ဆိုတဲ့ မှတ်ချက်မျိုးပေးဖို့ မရှိပါဘူး။ ပြဿနာ
ပိုကြီးမလာအောင်၊ ထိတ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်မလာအောင် အတတ်နိုင်ဆုံး ညှိနှိုင်းဖြေရှင်းရမယ့်
ဟာကိုတော့ ၀ိုင်းပြီးတော့ ကြိုးစားသွားမှာပါ"ဟု ၎င်းကပြောသည်။
ကေအိုင်အေအနေဖြင့် တစ်စုံတစ်ရာ ဆုံးဖြတ်ချက်ချမှတ်နိုင်ရေးအတွက် ဗဟို ကော်မတီ
အရေးပေါ်အစည်းအဝေး ပြုလုပ်နေသည်။
"အခုကိစ္စက နှစ်ဖက်ညှိရမယ့် အခြေအနေမျိုး မဟုတ်တော့ဘူး။ တစ်ခုခုကို ဆုံးဖြတ်ချက်ချပြီး
လုပ်ရတော့မယ့် အခြေအနေမျိုး ရောက်နေပြီ"ဟု ဗိုလ်ချုပ်ဂွမ်မော်က ပြောသည်။
လက်ရှိ ဖြစ်ရပ်အခြေအနေနှင့် ပတ်သက်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ပါဝင်လျက် ရှိသည့်
ကုလသမဂ္ဂနှင့် တရုတ်ကိုယ်စားလှယ်များထံသို့ ကေအိုင်အေအနေဖြင့် အကြောင်းကြားသွားမည့်
အပြင် အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ(UPWC) ကိုလည်း အကြောင်းကြား
သွားမည်ဖြစ်ကြောင်း သိရသည်။ cri
ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar.times@gmail.com သို့ပေးပို့နိုင်ပါသည်။