Wednesday, September 18, 2013

KIA နည်းပညာ အဖွဲ့၏ တင်ပြချက် အပေါ် အစိုးရဖက်မှ အဆင်သင့် မဖြစ်သေးဟုဆို



By: (ရွှေဟင်္သာ)

ငြိမ်းချမ်းမှုများ အတွက် ပူးတွဲ စောင့်ကြည့်ရေး အဖွဲ့ ဖွဲ့စည်းရန် ကချင် လွတ်လပ်ရေး တပ်မတော် နည်းပညာ အထောက် အကူပြု အဖွဲ့ (KIA Technical Team)၏ တင်ပြချက် အပေါ် အစိုးရ ကိုယ်စားလှယ် များက ၄င်းတို့ ဖက်မှ အဆင့်သင့် မဖြစ်သေးကြောင်း သဘောထား ခဲ့သည်ဟု (KIA Technical Team)၏ ပြန်ကြားရေး တာဝန်ခံ ဆရာဒေါင်ခါး ကဆိုပါသည်။

“ KIA ကနေ အစိုးရကို အာဂျင်တာအချက် (၄) ချက် တင်ပြထားတာရှိတယ်။ အဲဒီအချက်တွေပေါ်မှာ မူ တည် ပြီးတော့ အစိုးရ (Technical Team) တွေ အခုလာဆွေးနွေးတာ ဖြစ်တယ်။ ရည်ရွယ်ထားတာက (၃) ရက်ပေါ့။ ဒါပေမဲ့ နှစ်ရက်ထဲနဲ့ ဒီကနေ့ ပြီးသွားတယ်။ ဆွေးနွေးမှုထဲမှာ ယုံကြည်ချက်တွေ တည်ဆောက် ဖို့ဆိုပြီး ငြိမ်းချမ်းရေး အခြေအနေတွေကို စောင့်ကြည့်သွားဖို့ ပူးတွဲအဖွဲ့ ဖွဲ့ဖို့ တင်ပြခဲ့တယ်။ အဲဒါကို သူတို့ ဖက်က အဆင်သင့်မဖြစ်သေးဘူးလို့ဆိုတယ်” ဟု ဆိုပါသည်။

KIA တင်ပြသော ဆွေးနွေးချက်များမှာ၊ ပြည်ထောင်စု အဆင့် တွေ့ဆုံ ဆွေးနွေးရန် ရက်သတ်မှတ်ရေး၊ စစ်ပြေးဒုက္ခ သည်များ ပြန်လည် နေရာ ချထားရေး၊ တနိုင်ငံလုံး အပစ်ရပ်စဲရေး လက်မှတ် ထိုးပွဲ၏ အဓိပ္ပါယ် ရှင်းလင်းချက်နှင့် ငြိမ်း ချမ်းရေးအတွက် ပူးတွဲစောင့်ကြည့်ရေးအဖွဲ့ ဖွဲ့စည်းရေး စသည့်အချက် (၄) ချက် တို့ကို တင်ပြခဲ့ပါသည်။

ဤကဲ့သို့ KIA မှ တင်ပြခဲ့ပြီး အစိုးရ ကိုယ်စားလှယ်များသည် ယင်းဆွေးနွေးချက်များမှ ပြည်ထောင်စု အ ဆင့် တွေ့ဆုံဆွေးနွေးရန် ရက်သတ်မှတ်ရေးကိစ္စတွင် လာမည့်အောက်တိုဘာလဆန်း၌ ပြည်ထောင်စု အ ဆင့်ကိုယ်စားလှယ်များ တွေ့ ဆုံကြရန်ရှိပြီး ဆွေးနွေးပွဲကို မြစ်ကြီးနားမြို့ မဂျွယ်ခန်းမ၌ ကျင်းပရန် သဘော တူခဲ့သည်။

ထို့အပြင် KIA သည် စစ်ပြေး ဒုက္ခသည်များ ပြန်လည် နေရာ ချထားရေး အစီစဉ်၌လည်း အစမ်း ဧရိယာ (၂ခု၊ ၃ခု) သတ် မှတ်နိုင်ရေး အစီစဉ်ကို တင်ပြခဲ့ရာ အစိုးရ ကိုယ်စားလှယ်များက သဘော တူခဲ့ပါသည်။

အစိုးရ ကိုယ်စားလှယ် များသည် တနိုင်ငံလုံး အပစ်ရပ်စဲရေး လက်မှတ် ထိုးပွဲ၏ အဓိပ္ပါယ်ကို ရှင်းလင်း ရာတွင် အစိုးရသည် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးပွဲကို ကျင်းပရန် အစီစဉ်ရှိကြောင်း၊ အသေးစိပ်ကို မရှင်းပြနိုင် သော်လည်း လက်ရှိတွင် သဘောထား ဆန္ဒများ စုဆောင်းနေချိန်သာ ဖြစ်သည် ဟု ဖြေကြား သွားခဲ့ပါသည်။

ငြိမ်းချမ်းရေး ရရှိရေး အတွက် နှစ်ဦးနှစ်ဖက် ယုံကြည်မှု တည်ဆောက်ရာတွင် ငြိမ်းချမ်းရေးအတွက် ပူးတွဲ စောင့်ကြည့်ရေး အဖွဲ့ ဖွဲ့စည်းရန် လိုအပ်ကြောင်း KIA ဖက်မှ တင်ပြ ခဲ့ပါသည်။ KIA ၏ ၄င်းတင်ပြချက် အပေါ် အစိုးရဖက်မှ အဆင်သင့် မဖြစ်သေးကြောင်း အစိုးရ ကိုယ်စားလှယ် ဖက်မှ ပြောကြား ခဲ့ပါသည်။

ထိုအချက်များ အပြင် အစိုးရ ကိုယ်စားလှယ် များသည် တပ်ပိုင်း ဆိုင်ရာ ကိစ္စများ ကိုလည်း ဆွေးနွေး လို ကြောင်း တင်ပြခဲ့ ပါသည်။ သို့သော် KIA ကိုယ်စားလှယ် များကမူ ဤကိစ္စအတွက် လာမည့် အောက်တို ဘာ လဆန်း၌ကျင်းပသော ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲ၌ တင်ပြသွားရန် သင့်တော်ကြောင်း သဘော ထားခဲ့ပါသည်။

ယင်းနည်းပညာ အထောက်အကူပြု အဖွဲ့ ဆွေးနွေးပွဲသို့ တက်ရောက်သော KIO နည်းပညာ အထောက် အကူပြု အဖွဲ့ ကိုယ်စားလှယ်များမှာ ဗိုလ်မှူးကြီး ဂေါ်လူလအောင် ဦးဆောင်ပြီး၊ ဗိုလ်မှူး ကြီးဝေါ် ခရုန်းဆင်ဝါး၊ ဗိုလ်မှူးကြီး ခွန်နောင် နှင့် ဆရာဒေါင်ခါးတို့ တက်ရောက် ခဲ့ပါသည်။

အစိုးရ နည်းပညာ အထောက်အကူပြုအဖွဲ့ (Technical Team) ကိုမူ ဦးလှမောင်ရွှေ ဦးဆောင်ပြီး ဒေါက် တာ ကျော်ရင်လှိုင်၊ ဒေါက်တာ မင်းဇော်ဦး အပါအ၀င်စုစုပေါင်း (၅) ဦး တက်ရောက်ခဲ့ပါသည်။

KIA နှင့် အစိုးရတို့သည် ကချင် ပြည်နယ် အတွင်း ဖြစ်ပွားနေသော တိုက်ပွဲများ လျှော့ချ နိုင်ရန်အတွက် ကြိုးစားလာခဲ့ရာ တရားဝင် (၉) ကြိမ်အပါဝင် အလွတ်သဘော (၅) ကြိမ်ခန့် ဆွေးနွေး ခဲ့ကြပါသည်။ ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် မေ လ(၂၈) ရက်နေ့သို့ ရောက်သောအခါ ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ တွေ့ဆုံ ဆွေးနွေးပြီး သဘော တူညီချက် (၇) ချက်ဖြင့် တိုက်ခိုက်မှုများ နည်းပါး လာခဲ့ပါသည်။

KIA သည် ၁၉၉၄ ခုနှစ်တွင် ပထမ အကြိမ် အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့ပါသည်။ ၂၀၁၀ ခုနှစ်တွင် အစိုး ရသည် တိုင်းရင်းသား တပ်ဖွဲ့များအား နယ်ကြား စောင့်တပ် အဖြစ် ပြောင်းလဲရန် ဖိအားပေးခဲ့ပါသည်။ သို့ သော်လည်း KIA သည် အစိုးရ အဆိုပြုချက်ကို လက်မခံသဖြင့် (၂၀၁၁) ခုနှစ် ဇွန်လတွင် အစိုးရဖက်မှ ပြင်းထန်စွာ စစ်ဆင် လာခဲ့သည်မှာ ယနေ့ အထိပင် ဖြစ်ပါသည်။

ဤသို့ကြောင့် KIA သည် အစိုးရက အဆိုပြုနေသော အပစ်အခတ် ရပ်စဲရေးကို လက်မခံနိုင်သေးဘဲ နိုင်ငံရေး ဆွေးနွေး မှုများဖြင့် အဖြေ ရှာလိုပြီး ယုံကြည်မှု တည်ဆောက်နိုင်ရန် တင်ပြနေခြင်း ဖြစ်ကြောင်း KIA ဖက်မှ ဆိုပါသည်။