Sunday, September 22, 2013

နအဖရဲ့ ရိုးလ်မိုဒယ်လ် နဲ့ ၂ဝ၁ဝ


ထုတ်ဖော်တင်ပြသောနေ့ Saturday, 21 September 2013 17:22

အင်ဒိုနီးရှား လွှတ်တော်အဆောက်အအုံ

ဆောင်းပါးရှင် - ဂါမဏိ

စာဖတ်ပရိတ်သတ်များခင်ဗျား

ပင်တိုင် ဆောင်းပါးရှင် ဆရာ ဂါမဏိက မိုးကြိုးဂျာနယ်တွင် ပါသော သူ့ရဲ့ ဆောင်းပါးအား “စည်းလုံးခြင်းရဲ့အင်အား” ၀က်ဘ်ဆိုဒ်သို့ ပေးလို့လာပါတယ်။ ယခုလို ပေးပို့လာတဲ့ အတွက် ကျွန်တော် ကိုဖိုးတရုတ်မှ ဆရာဂါမဏိအား အထူး ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင် အပ်ပါတယ်။

နအဖ ဟာ မြန်မာနိုင်ငံမှာ ထာဝရစစ်အာဏာရှင်စနစ် ထူထောင်ဖို့ ကြိုးစားနေရာမှာ ‘နယ်စည်းမခြား အာဏာရှင်များ' ဆိုတဲ့ ကမ္ဘာ့လက်ဝဲလက်ျာ အာဏာရှင်ပေါင်းစုထံက နည်းယူစရာ အတုယူစရာတွေကို တောက်လျှောက်ရှာဖွေခဲ့ ပါတယ်။ တနည်းပြောရရင် မြန်မာပြည် စစ်အာဏာရှင်စနစ်အတွက် စံပြုနမူနာ Role model တွေကို ရှာဖွေတာ၊ အဲဒီ စံပြုနမူနာ ကိုကြည့်ပြီး ၂ဝ၁ဝ ရွေးကောက်ပွဲ ဗျူဟာကိုချဖို့ လုပ်နေတာဖြစ်ပါတယ်။

အားလုံးသိကြတဲ့အတိုင်း နဝတ-နအဖ ဟာ အစောပိုင်း နှစ်ကာလများမှာ စစ်အာဏာရှင်ဆူဟာတိုရဲ့ အင်ဒိုနီးရှားနိုင်ငံကို စံပြုနမူနာအဖြစ် သွားရည်တမြားမြားနဲ့ မော့ကြည့်ခဲ့ဖူးပါတယ်။ ဒါကြောင့်လည်း အဆင့်ဆင့် ဥပဒေပြုဌာန အားလုံးမှာ စစ်သတ္တဝါ ၂၅ ရာခိုင်နှုန်းပါဖို့၊ အရေးပါတဲ့ အုပ်ချုပ်ရေး ဌာနတွေကို စစ်သတ္တဝါတွေ ကိုင်ခွင့်ရဖို့ နအဖ အခြေခံ ဥပဒေထဲ ထည့်သွင်း ပြဋ္ဌာန်းထား ပါတယ်။ ဒါ့အပြင် ကြံ့ဖွတ်ကို ပါတီဖွဲ့ပြီး ကျန်တဲ့ဥပဒေပြု ကိုယ်စားလှယ် နေရာ အုပ်ချုပ်ရေး ရာထူး နေရာတွေယူဖို့လည်း ကြံစည်နေပါတယ်။

စစ်အာဏာရှင် ဆူဟာတို လက်ထက် အင်ဒိုနီးရှားမှာ လွှတ်တော် ကိုယ်စားလှယ် ၂ဝ ရာခိုင်နှုန်း (အမတ်နေရာ ၅ဝဝ မှာ ၁ဝဝ) ကို စစ်တပ်က ယူထားပါတယ်။ ကျန်တဲ့နေရာတွေကိုလည်း စစ်တပ် လက်ကိုင်ဒုတ် ပါတီဖြစ်တဲ့ ဂိုလ်ကာ ပါတီက အများစုယူပါတယ်။ ဂိုလ်ကာပါတီကို ဆူဟာတို အာဏာမသိမ်းခင် တစ်နှစ်အလိုကတည်းက ကွန်မြူနစ်ပါတီကို တန်ပြန် ဖို့အတွက် စစ်အရာရှိ ကြီးတွေ ကျောထောက် နောက်ခံနဲ့ အဲန်ဂျီအို ၉၇ ဖွဲ့ကို စုပေါင်း ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ ဆူဟာတို လက်ထက် မှာတော့ အဖွဲ့ပေါင်း ၂၂ဝ အထိရှိလာပြီး စစ်တပ်က အတိအလင်းချုပ်ကိုင်လာပါတယ်။ ဆူဟာတိုဟာ ဂိုလ်ကာအပြင် အင်ဒိုနီးရှား ဒီမိုကရက်တစ် ပါတီနဲ့ ညီညွတ်သော ဖွံ့ဖြိုး တိုးတက်ရေး ပါတီ ဆိုတဲ့ တခြားပါတီလေး နှစ်ခုကိုလည်း ဖွဲ့ခွင့်ပေးထားခဲ့ ပါတယ်။ ဒါကြောင့် ၃ ပါတီစနစ်လို့ ပြောရမှာဖြစ် ပါတယ်။ ဒါပေမဲ့ အဓိက လွှမ်းမိုးတာက ဂိုလ်ကာပါတီဘဲ ဖြစ်ပါတယ်။

နအဖ ဟာ အင်ဒိုနီးရှားလိုဘဲ စစ်တပ်ပါတီကြီးတခု နဲ့ တခြားအင်အားနည်း ပါတီလေးတွေပါဝင်တဲ့ စည်းကမ်းပြည့်ဝ ‘ပါတီစုံ' ဒီမိုကရေစီ တည်ထောင်ချင်ပါတယ်။ ဒါပေမဲ့ နအဖရဲ့ စံပြုနမူနာ အင်ဒိုနီးရှားနိုင်ငံမှာ ဘယ်လောက်ဘဲ စစ်တပ်က ထိန်းထားပေမဲ့ ၁၉၉၈ တော်လှန်ရေးကြောင့် စစ်အာဏာရှင်စနစ် နိဂုံးချုပ်သွားခဲ့တဲ့အတွက် နောက်ထပ်မိုဒယ်လ် ထပ်ရှာရပြန်ပါတယ်။ ဗမာပြည် စစ်အာဏာရှင် အဖေကြီး နေဝင်းက ရာထူးက ဆင်းခါနီးမှာ တပါတီကြိုက်သလား၊ နှစ်ပါတီကြိုက်သလား၊ ပါတီ စုံကြိုက်သလား မေးခဲ့ပါသေးတယ်။ အဲဒီစဉ်းစားချက်အတွက် နအဖရဲ့ စံပြုနမူနာ ဖြစ်နိုင်စရာရှိတဲ့ (ဂမ်ဖလားရဲ့ ဇာတိမြေ) နိုင်ဂျီးရီးယားနိုင်ငံမှာ စစ်အာဏာရှင်တွေက နိုင်ငံရေးပါတီတွေကို အတင်းဆွဲစုပြီး ၂ ပါတီစနစ် ကျင့်သုံးခိုင်း ခဲ့ဖူးပါတယ်။

နိုင်ဂျီးရီးယားနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပွဲတွေ ခဏခဏဖြစ်ခဲ့ပြီး စစ်အာဏာရှင် စနစ်အမျိုးမျိုး စိုးမိုးခဲ့ပါတယ်။ ၁၉၉ဝ ခုနှစ်များမှာ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးဘာဘန်ဂီဒါက ဒီမိုကရေစီရွေးကောက်ပွဲလုပ်ပေးမယ် ပြောပြီး နှစ်ပါတီ စနစ် ကျင့်သုံးစေခဲ့ပါတယ်။ နဂိုကရှိတဲ့ပါတီအားလုံး ဆိုရှယ်ဒီမိုကရက် ပါတီထဲဝင်ရင်ဝင် ဒါမှမဟုတ် အမျိုးသားရီပတ် ဘလစ်ကန်အဖွဲ့ချုပ်ထဲဝင် ဆိုပြီး အတင်းအကြပ်ပူးပေါင်းခိုင်းခဲ့ပါတယ်။ နှစ်ပါတီစလုံးကို စစ်တပ်က ထူထောင်ထားတာ ဖြစ်ပြီး တခုကို လက်ဝဲပါတီ၊ နောက်တခုကို လက်ျာပါတီအဖြစ် ဖွဲ့စည်းခိုင်းထားတာဖြစ်ပါတယ်။ ၁၉၉၂ လွှတ်တော် ရွေးကောက်ပွဲနဲ့ ၁၉၉၃ သမ္မတရွေးကောက်ပွဲမှာ ဒီနှစ်ပါတီဘဲ ပြိုင်ခွင့်ပေးခဲ့ပါတယ်။ ဒါပေမဲ့လည်း သမတအရွေးခံရသူ အာဘီယိုလာကို စစ်အာဏာရှင် ဘာဘန်ဂီဒါနဲ့ ဆန်နီအဘာချာတို့က အာဏာလွှဲမပေးဘဲ ထောင်ထဲထည့်ခဲ့ပါတယ်။

စစ်ရေးပြ မြောက်ကိုးရီးယား အမြောက်ကားကြီးများ

၁၉၉၈ ရွေးကောက်ပွဲကျတော့ စစ်အာဏာရှင် ဆန်နီအဘာချာက စစ်အစိုးရနဲ့ နီးစပ်တဲ့ ပါတီ ၈ ခုကိုဘဲ ယှဉ်ပြိုင်ခွင့် ပေးခဲ့ပြီး တကယ့်အတိုက်အခံ ပါတီတွေကိုတော့ ယှဉ်ပြိုင်ခွင့်မပေးခဲ့တဲ့အတွက် ရွေးကောက်ပွဲသပိတ်မှောက်တာ ဖြစ်ခဲ့ပြီးနောက် မဲပေးသူ အင်မတန့်ကိုနည်းလှတာကြောင့် ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းလိုက်ရပါတယ်။ အဘာချာသေပြီးနောက် ကျင်းပတဲ့ ၁၉၉၉ ရွေးကောက်ပွဲတွေမှာလည်း စစ်တပ်နဲ့နီးစပ်တဲ့ ၃ ပါတီဘဲ ယှဉ်ပြိုင်ခွင့် ရခဲ့ပါတယ်။ ဒါပေမဲ့ သမတရွေးကောက်ပွဲမှာတော့ လူထုကတစုံတရာထောက်ခံမှုရှိတဲ့ (တချိန်က အာဏာသိမ်း စစ်ခေါင်းဆောင်ဖြစ်ဖူးတဲ့) ဗိုလ်ချုပ်ကြီးဟောင်း အိုဘာဆန်ဂျို သမတအရွေးခံခဲ့ရပြီး ဒီမိုကရေစီလမ်းစ ပေါ်လာ ခဲ့ပါတယ်။ ဒီကနေ့မှာတော့ နိုင်ဂျီးရီးယားနိုင်ငံဟာ ချို့ယွင်းချက်တွေ ရှိနေပေမဲ့ စစ်အာဏာရှင်လမ်းပေါ်မှာ မရှိတော့ဘဲ ဒီမိုကရေစီလမ်းကြောင်းပေါ်ကိုတော့ ရောက်နေပါပြီ။

ဒါ့အပြင် နိုင်ဂျီးရီးယားနိုင်ငံမှာ တိုင်းရင်းသားလူမျိုးစုပေါင်း ၂၅ဝ ရှိပြီး ဘာသာစကားပေါင်း ၅၁ဝ ကို ပြောဆိုသုံးစွဲနေပါတယ်။ လွတ်လပ်ရေးရခါစ ၁၉၆ဝ ခုတုံးက ပြည်နယ် ၃ ပြည်နယ်ဘဲ ရှိခဲ့ရာက ၁၉၆၃ ခုမှာ ဖက်ဒရယ်သမတ နိုင်ငံအဖြစ် ဖွဲ့စည်းထူထောင်ခဲ့ပြီး အခုအခါ ပြည်နယ် ၃၆ ပြည်နယ်ကို တန်းတူအခွင့်အရေး အပြည့်ပေးထားပါတယ်။ ခွဲထွက်ခွင့်မရှိပေမဲ့ ပြည်နယ်အားလုံး အထက်လွှတ်တော်မှာ ကိုယ်စားလှယ်အရေအတွက် တန်းတူ စေလွှတ်နိုင်ပါတယ်။ လက်ရှိနိုင်ဂျီးရီးယားအခြေခံဥပဒေ မှာ စစ်တပ်ကို ရွေးကောက်ခံ သမ္မတနဲ့ လွှတ်တော်လက်အောက်မှာ ထားပါတယ်။ နအဖဟာ ဖြစ်နိုင်ရင် နိုင်ဂျီးရီးယားလိုဘဲ ကြံ့ဖွတ် နဲ့ တစည နှစ်ပါတီဘဲ ရှိမယ့် ‘ပါတီစုံ’ဒီမိုကရေစီစနစ်ကိုလည်း တည်ဆောက်ချင်နေပါတယ်။ တခြားပါတီတွေအားလုံး ဒီပါတီ ၂ ခုထဲဝင်ပေါင်း၊ ရွေးကောက်ပွဲမှာပြိုင် ဆိုတဲ့သဘော ဖြစ်ပါတယ်။ ဒါပေမဲ့ နိုင်ဂျီးရီးယားမှာ နှစ်ပါတီစနစ်နဲ့ စစ်အာဏာထိန်းထားရေး အလုပ်မဖြစ်ခဲ့တာကိုတွေ့ရလို့ အဲသလိုလုပ်ရမှာကို မဝံ့မရဲဖြစ်နေဟန်လည်းရှိပါတယ်။

ဒီလိုနဲ့ ကမ္ဘာပေါ်မှာ အခိုင်မာဆုံးအာဏာရှင်စနစ်ဖြစ်နေတဲ့ မြောက်ကိုးရီးယားကိုဘဲ စံပြုနမူနာအဖြစ် အားကျနေနိုင်ပါ တယ်။ ၁၉၄၅ ခုကတည်းကစပြီး အခုထိ ၆၄ နှစ်ကြာအောင် အာဏာရှင်စနစ် တောက်လျှောက်ကျင့်သုံးခဲ့တဲ့ မြောက်ကိုးရီးယားဟာ တခြားအာဏာရှင်စနစ်တွေ ထက်သာတာက မျိုးရိုးစဉ်ဆက် အာဏာရှင်မင်းဆက်ကိုပါ ထိန်းသိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။ အဖေအာဏာရှင်ကင်အီဆွန်း ကွယ်လွန်တဲ့အခါ သားအာဏာရှင်ကင်ဂျွန်အီး တက်လာခဲ့သလို ကင်ဂျွန်အီး ကွယ်လွန်ရင်လည်း သား ကင်ဂျွန်အွန်းတက်ဖို့ စီစဉ်ထားတဲ့အတွက် အခွင့်ထူးခံလူတန်း စားအကျိုးစီးပွားတင်မကဘဲ ထိပ်ဆုံးကမိသားစုရဲ့အကျိုးစီးပွားကိုပါ အာမခံချက်ရှိရှိ ထိန်းသိမ်းနိုင်တဲ့အတွက် စစ်မင်းဆက်သာမက ရွှေကြိုင် မင်းဆက်ကိုပါ ထိန်းသိမ်းချင်နေတဲ့ နအဖထိပ်သီးကြီးသန်းရွှေအဖို့ အားကျအတုယူ စရာဖြစ်နေပါတယ်။ သန်းရွှေကိုယ်တိုင်က လက်အောက်ခံဗိုလ်ချုပ်တွေကို အဖေကြီးနေဝင်းရဲ့ ဘဝဇာတ်သိမ်းပိုင်းကို လက်ညှိုးထိုးပြပြီး “အာဏာမရှိရင် ဒီလိုဘဲဖြစ်မယ်၊ တွေ့လား” လို့ ပညာပေးနေတာကြောင့် မြောက်ကိုးရီးယားက အာဏာရှင် ကင်မင်းဆက်ကို စံပြုနမူနာ Role model အဖြစ် အားကျနေတာ မြေကြီးလက်ခတ်မလွဲ ဖြစ်ပါတယ်။ နေဝင်းရဲ့နိဂုံးက စစ်အာဏာရှိဖို့ အရေးကြီးရုံတင်မက ပုဂ္ဂိုလ်ရေးအာဏာရှိဖို့လည်း အရေးကြီးကြောင်း သန်းရွှေကို သတိပေးနေပါတယ်။

မြောက်ကိုးရီးယားနိုင်ငံမှာတော့ “အဖနိုင်ငံပြန်လည်ပေါင်းစည်းရေးဒီမိုကရေစီတပ်ပေါင်းစု" ကဘဲ လွှတ်တော်ရွေး ကောက်ပွဲဝင်ခွင့်ရှိပါတယ်။ တသီးပုဂ္ဂလတွေလည်း လွှတ်တော်မှာ နည်းနည်းပါးပါးအရွေးခံနိုင်ပါတယ်။ ဒီ“တပ်ပေါင်း စု”မှာ ကိုးရီးယားအလုပ်သမားပါတီ (ကွန်မြူနစ်ပါတီ)၊ ကိုးရီးယားဆိုရှယ်ဒီမိုကရက်တစ်ပါတီ နဲ့ ချွန်ဒူးအစ်ချွန်ဂူးပါတီ တို့ ပါဝင်ပြီး အားလုံးကို အလုပ်သမားပါတီက အကြွင်းမဲ့ထိန်းချုပ်ထားပါတယ်။ ၃ ပါတီ ပါဝင်တဲ့ ပါတီစုံစနစ်ပါဘဲ။ ၁၉၉ဝ ခုရွေးကောက်ပွဲတုံးက ကိုးရီးယားအလုပ်သမားပါတီက အမတ်နေရာ ၆ဝ၁ နေရာ၊ ဆိုရှယ်ဒီမိုကရက်ပါတီက ၅၁ နေရာ၊ ချွန်ဂူးပါတီက ၂၂ နေရာ နဲ့ တသီးပုဂ္ဂလတွေက ၁၃ နေရာ ရခဲ့ပါတယ်။ ဒီအလုပ်သမားပါတီကဘဲ နိုင်ငံ့အကြီးအကဲအဖြစ် ကင်မျိုးဆက်တွေကို သတ်မှတ်ရွေးချယ်တာဖြစ်ပါတယ်။

ခေါင်းကျလည်းစားမယ်၊ ပန်းကျလည်းစားမယ်၊ ဒေါင်လိုက်ကျမှ မင်းတို့စား ဆိုပြီး အမတ်နေရာ ၂၅ ရာခိုင်နှုန်း၊ စစ်တပ်သြဇာခံ ကြံ့ဖွတ်ပါတီ၊ အဓိက ဝန်ကြီးရာထူးတွေ၊ အာဏာအကြီးဆုံး တပ်ချုပ်ရာထူး၊ အချိန်မရွေး စစ်အာဏာ သိမ်းခွင့်၊ ပြင်မရအောင် လုပ်ထားတဲ့ ပုဒ်မတို့ကို အခြေခံဥပဒေထဲ ရေပက်မဝင်အောင် ထည့်ထားပေမဲ့ ပိုပြီး ဘဝအာမခံချက်ရှိတဲ့ မြောက်ကိုးရီးယားကို အားကျနေတာကြောင့် နျူကလီးယားဗုံး ပိုင်ဆိုင်ရေးသာမက ၂ဝ၁ဝ ရွေးကောက်ပွဲမှာ ရွှေကြိုင်မျိုးဆက်သစ် မျောက်လောင်းကို ကြံ့ဖွတ်ပါတီက သမ္မတလောင်းအဖြစ် တင်ဖို့ကြိုးစားနေရာမှာ မျောက် လောင်းကိုယ်တိုင်က မျောက်စိတ် မပျောက်နိုင်သေးတာက တကြောင်း၊ သန်းရွှေက ကြယ် ၃ ပွင့် ၄ ပွင့် ပေးသနားတော်မူထားတဲ့ လက်အောက်ကဗိုလ်ချုပ်တွေ လက်ခံနိုင်အောင်လည်း မပိုင်သေးလို့က တကြောင်းကြောင့် ရွေးကောက်ပွဲ ဥပဒေတွေ၊ ပါတီမှတ်ပုံတင်ဥပဒေတွေ၊ ကော်မရှင်တွေ မထုတ်ပြန်နိုင်သေး၊ ရွေးကောက်ပွဲရက် မသတ်မှတ်နိုင်သေး ဖြစ်နေရပါတယ်။

မေလ ၉ ရက်နေ့ ၂၀၁၁ ခုနှစ် ရုရှားဖယ်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့ရှိ Red Square တလျှောက် စစ်ရေးပြ တင့်ကားများ

အထက်မှာဖော်ပြခဲ့တဲ့ စံပြုမိုဒယ်လ်တွေကို နအဖစစ်အာဏာရှင်တွေက အားကျအတုခိုးနေပေမဲ့ တကယ်ဖြစ်လာနိုင်တဲ့ မိုဒယ်လ်ကတော့ ဆိုမာလီယာနိုင်ငံဘဲ ဖြစ်ပါလိမ့်မယ်။ ဆိုမာလီယာနိုင်ငံဟာ ၁၉၆၉ ခုမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် နေဝင်းရဲ့ ဗမာပြည်လိုဘဲ ဆိုရှယ်လစ်စနစ် လုပ်မယ်လို့အော်၊ ရှိသမျှစီးပွားရေးလုပ်ငန်းတွေ စာသင်ကျောင်းတွေ ပြည်သူပိုင်သိမ်း၊ သစ်ပင်စိုက် မြေတူး တာဖို့ လမ်းဖောက် တံတားဆောက် ကျောင်းဆောက် ဟော်တယ်ဆောက် မြို့သစ်ဆောက် ရုံးဆောက် စတာတွေအတွက် (တပတ် ၇ နာရီ) အဓမ္မလုပ်အားပေးစနစ်ကို တနိုင်ငံလုံးမှာ ကျင့်သုံး၊ ရေတပ် လေတပ်အပါအဝင် စစ်အင်အားကို အကြီးအကျယ်တိုးချဲ့ စသဖြင့် လုပ်ခဲ့ပါတယ်။ ၁၉၇၆ ကျတော့ “ဆိုမာလီတော်လှန်သော ဆိုရှယ်လစ်ပါတီ” ဆိုတာကို တရားဝင်တည်ထောင်ပြီး တစ်ပါတီစနစ် ကျင့်သုံးခဲ့ပါတယ်။ ဆိုရှယ်လစ် လုပ်တဲ့အတွက် ဆိုဗီယက်ပြည်ထောင်စုနဲ့ တခြားကွန်မြူနစ်နိုင်ငံတွေက တပည့်မွေးပြီး အကြီးအကျယ် ထောက်ခံအားပေးခဲ့ပါတယ်။ စစ်လက်နက်တွေ စစ်အကြံပေးတွေနဲ့ အရပ်ဖက်ပညာရှင်တွေ အများကြီး ပို့ပေးခဲ့ပါတယ်။ ၁၉၇၉၊ ၁၉၈၄ နဲ့ ၁၉၈၆ တွေမှာ ဆိုမာလီမှာ ရွေးကောက်ပွဲတွေလုပ်ပြီး စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးဘားရဲ့ ပါတီကဘဲ ရှိသမျှ နေရာအားလုံးကို ယူခဲ့ပါတယ်။

၁၉၇၇-၇၈ မှာ တိုးချဲ့ထားတဲ့ စစ်အင်အား၊ မြင့်တက်နေတဲ့ ဘဝင်နဲ့ အီသီယိုပီးယားနိုင်ငံကို ဝင်တိုက်ရာမှာ ဆိုဗီယက် ရုရှား၊ ကျူးဘား၊ မြောက်ကိုးရီးယားတို့က တဖက်နိုင်ငံကို ငွေအား၊ လက်နက်အားသာမက လူအား (ကျူးဘား စစ်သား ၂ဝဝဝဝ၊ ရုရှားနဲ့ အရှေ့ဂျာမဏီ စစ်အကြံပေး ၄ဝဝဝ) နဲ့ပါကူလို့ ကွန်မြူနစ်နိုင်ငံတွေနဲ့ ခွာပြဲပြီး အမေရိကန် ဘက်ကိုပြောင်း တပည့်ခံလိုက်ပါတယ်။ ဆိုရှယ်လစ်ကိုစွန့်ပြီး အရင်းရှင်စနစ် ဈေးကွက်စီးပွားရေးကိုလည်း ပြောင်းလိုက်ပါတယ်။ (ရုရှားကတော့ ပထဝီနိုင်ငံရေးအရ ပိုပြီးအချက်အချာကျတဲ့ အီသီယိုပီးယားကို တပည့်မွေးပြီး တပည့်ဟောင်း လက်ဝဲသမားတွေဖြစ်တဲ့ ဆိုမာလီယာနဲ့ အီရီထရီးယားကို ကန်ထုတ်လိုက်တာ ဖြစ်ပါတယ်။)

ဒီလိုနဲ့ စစ်ရှုံးတဲ့ ၁၉၇၈ ကစပြီး ဆိုမာလီယာမှာ အခြေအနေတွေ ယိုယွင်းပျက်ပြားလာ၊ သြဇာအာဏာတွေ ကျဆင်းလာတဲ့အတွက် အတိုက်အခံတွေ လှုပ်ရှားလာပြီး ၁၉၈၁ ကစလို့ လက်နက်ကိုင်တော်လှန်ရေးတွေ တစ်ခုပြီး တစ်ခု ပေါ်လာပါတယ်။ စစ်အာဏာရှင် သမ္မတ ဗိုလ်ချုပ်ကြီး ဆီယာ့ဒ်ဘားကလည်း အပြင်းအထန် အကြမ်းဖက် အုပ်ချုပ်တဲ့အတွက် ဆိုမာလီပြည်သူတွေ အရှင်လတ်လတ် ငရဲကျခဲ့ရပါတယ်။ အစိုးရဌာနတွေလည်း လုပ်ငန်းတွေ မလည်ပတ်တော့၊ စစ်တပ်ထဲမှာလည်း ဖြုတ်ထုတ်သတ်တွေ ခဏ ခဏဖြစ်၊ ထိပ်ဆုံးက ဗိုလ်ချုပ်များနဲ့ မိသားစုတွေအပြင် ဝန်ကြီး ဝန်ကလေးတွေ အရာရှိကြီးငယ်တွေကလည်း ရေရေလည်လည် ဘုံးကြ ခိုးကြ ရှိသမျှ အိပ်ထဲ ထည့်ကြပါတယ်။ ၁၉၉ဝ ရောက်တော့ မြို့တော် မိုဂါဒစ်ရှူး မှာ လူ ၄ ယောက်ထက် ပိုစုခွင့် မရှိသလို ဓာတ်ဆီ၊ ဒီဇယ် ရှားပါးပြတ်လပ်လို့ ဓာတ်ဆီဆိုင်တွေမှာ ကားတန်းအရှည်ကြီးတွေ တန်းစီနေ၊ ခေါက်ဆွဲ တကီလိုကို အမေရိကန် ၅ ဒေါ်လာဈေးအထိ ငွေဖောင်းပွ၊ ထမင်းဆိုင်မှာ စားဖို့ပိုက်ဆံကို ဆာလာအိပ်နဲ့ သယ်သွားရ၊ ငွေအကြွေစေ့ မရှိတော့၊ ဘဏ်တွေ လုပ်ငန်းရပ်၊ တိုင်းပြည်ကိုလာတဲ့ နိုင်ငံခြားသားမှန်သမျှ သေသေချာချာ စောင့်ကြည့်၊ နိုင်ငံခြားငွေ လဲလှယ်မှုကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်၊ နိုင်ငံခြားသားတွေ ဓာတ်ပုံရိုက်ခွင့် ပိတ်၊ ညဖက်ဆို တမြို့လုံး လျှပ်စစ်မီးမရှိ၊ ညဖက်မှာ အာဏာပိုင်တွေက အိမ်တွေ ဝင်စစ် ရှာဖွေမွှေနှောက်ပြီး လူတွေ ဆွဲခေါ်သွား။ (ဒါတွေကို တွေ့ရင် ဆင်တူနေတဲ့ အခြေအနေကို သတိရလိမ့်မယ်ထင်ပါရဲ့။)

၁၉၉ဝ-၉၁ မှာတော့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ ၇ ဖွဲ့ တပ်ပေါင်းစုဖွဲ့ပြီး အီသီယိုပီးယားနိုင်ငံ အကူအညီနဲ့ စစ်အာဏာရှင် သမ္မတ ဆီယာ့ဒ်ဘားကို ဖြုတ်ချနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ စစ်အာဏာရှင်စနစ်ရဲ့ အကျိုးဆက်တွေက ပြင်းထန်လွန်းလှသလို တော်လှန်ရေးအဖွဲ့တွေကြားမှာလည်း ဂိုဏ်းဂဏစိတ်၊ လူမျိုးရေးစိတ်တွေ ကြီးလှတဲ့အတွက် တိုင်းပြည်ဟာ နလံမထနိုင် မတည်ငြိမ်နိုင်ဘဲ ၁၉၉၂ ကနေ ၂ဝဝဝ ပြည့်နှစ်အထိ ကုလသမဂ္ဂက ဆိုမာလီယာနိုင်ငံကို “အစိုးရမရှိတဲ့နိုင်ငံ" အဖြစ် တရားဝင် သတ်မှတ် ကြေညာခဲ့ရပါတယ်။ အခုတော့ အစိုးရရှိတဲ့နိုင်ငံလို့ ပြန်သတ်မှတ်ပေမဲ့ အစိုးရဟာ နိုင်ငံရဲ့နယ်မြေ နည်းနည်းလေးကိုဘဲ ထိန်းချုပ်နိုင်ပြီး အများစုနယ်မြေတွေကို စင်ပြိုင်စစ်ဘုရင်တွေ ဓားပြဂိုဏ်းတွေ (ပင်လယ်ဓားပြဂိုဏ်းတွေအပါအဝင်) က ထိန်းချုပ်နေပါတယ်။

ကျနော်တို့ တိုင်းပြည်နဲ့ ဆိုမာလီယာ မတူတဲ့ အဓိက အချက်က ဗမာပြည်မှာ လူထုက တခဲနက် ထောက်ခံထားတဲ့၊ နိုင်ငံတကာကလည်း အသိအမှတ်ပြု လက်ခံထားတဲ့ အမြင်ကျယ် အဆင့်မြင့်ပညာတတ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရှိနေတာဘဲ ဖြစ်ပါတယ်။ ဒါပေမဲ့ နအဖ စစ်အာဏာရှင်တွေ ခေါင်းမာမိုက်မဲမှု အလွန့်အလွန် ရှည်ကြာနေရင်တော့ နောက်ဆုံးမှာ ဆိုမာလီယာကိန်းဆိုက်ဖို့ အလားအလာဘဲ ပိုများပါလိမ့်မယ်။