Wednesday, February 6, 2013

ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှ အစိုးရတပ်ဖွဲ့များ၏နှိပ်စက်မှုများ


By ရွှေဟသာင်္သတင်းဌာန၊ ဖေဖော်ဝါရီလ (၅) ရက်နေ့

အစိုးရတပ်ဖွဲ့များသည် ကချင်ပြည်နယ် ဖားကန့်မြို့နယ်ရှိ ပြည်သူလူထုများအပေါ် ပစ်သတ်ခြင်း၊ အဓမ္မပစ္စည်းသိမ်းယူခြင်း၊ မတရားသော အမိန့်ထုတ်ပြန်ခြင်းနှင့် တရွာဝင် တရွာထွက်ပြီး လူများစစ်ဆေးခြင်း ပြုလုပ်နေသည်ဟု ဂွေခါဒေသခံတဦးက ဆိုပါသည်။

“ ဘယ်လောက်ရက်စက်လဲလို့ ပြောရင်၊ ဇန္နာဝါရီလ (၃၁) ရက်နေ့မှာ KIA နဲ့ ခါမှော်ကြီးကုန်းရွာထဲကို လက်နက်ကြီးများနဲ့ ပစ်တယ်။ လူ (၄) ဦးသေဆုံးပြီး (၁၇) ဦး ဒဏ်ရာရရှိခဲ့တယ်။ အဲဒါကြောင့် နောက်နေ့ ဖေဖေါ်ဝါရီ (၁) ရင်နေ့မှာ KIA နဲ့ (၃) နာရီကျော်ကြာတိုက်ပွဲဖြစ်ခဲ့တယ်။ ဖြစ်တော့ ဒီဒေသက လူထုတွေက ထွက်ပြေးကြပါတယ်။ တချို့ကလွတ်တယ်၊ အများစု က အစိုးရတပ်တွေ ၀ိုင်းထားတယ်။ ဘယ်သူနဲ့မှတွေ့ခွင့်မပေးဘူး၊ ရိက္ခာလည်း မရှိဘူး၊ ဒါဏ်ရာရ လူနာလည်းရှိတယ်။ ဒီဒုက္ခ သည်တွေကို လာကယ်တဲ့ KBC အဖွဲ့ကိုလည်း ၀င်ခွင့်မပေးဘူး၊ ဒီအတိုင်းပိတ်ထားတယ် ဆိုတော့ အစာငတ်ပြီးဒုက္ခရောက် နေကြတယ်။” ဟုဆိုပါသည်။

ထို့အပြင်၊ KIA တပ်များ မိုင်းခွဲခြင်း၊ လာရောက်ပစ်ခတ်ခြင်း၊ ပြုလုပ်ပါက ပြုလုပ်သည့်နေရာက လူထုကို အကုန်လုံး ပစ် သတ်မည်ဟု အစိုးရတပ်ဖွဲ့များက ဖါးကန့်မြို့နယ်ရှိ ကျေးရွာအုပ်ချုပ်မှူးများအား၊ ပါးစပ်မိန့် ထုတ်ထားသည်ဟု ရွာသားများ ကဆိုပါသည်။

ဂွေခါဒေသ(ကံစီ၊ လုံခင်း) မှကျေးရွာများကိုလည်း တရွာဝင်တရွာထွက်ပြီး တအိမ်တက် တအိမ်ဆင်း စနစ်ဖြင့် ပစ္စည်းယူလူ ကိုစစ်ဆေး ပြီး မသင်ကာလျှင် ဖမ်းဆီးသွားသည်ဟု ဆိုပါသည်။ ထို့အပြင် လူမျိုးရေးအရ သွေးခွဲပြီးနှိပ်ကွပ်မှု စနစ်ကိုလည်း ကျင့်သုံးခဲ့ပါ သည်။ ဗမာလူမျိုးဆိုလျှင် စစ်ဆေးမှု၊ သိမ်းဆီးမှုမလုပ်ဘဲ ကချင်လူမျိုးဆိုပါက ဖမ်းဆီးခြင်း၊ မသင်ကာသူ တချို့ကိုပစ်သတ် ခြင်း၊ အဓမ္မပစ္စည်းသိမ်းယူခြင်းနှင့် အကြပ်ကိုင်ခြင်း မျိုးစုံခံခဲ့ရသည်ဟု ဒေသခံရွာသားများက ဆိုပါသည်။

ဖားကန့်မြို့နယ်အတွင်း ခရီးသွားပြည်သူများ ကိုလည်း တကိုယ်လုံး စစ်ဆေးမှုများ၊ ပါလာသည့်ပစ္စည်း၊ နာရီ၊ ဖုန်း၊ ရွှေငွေများ ကို သိမ်းဆီးကြပါသည်။ အထူးသဖြင့် ကချင်လူမျိုးဖြစ်ပါက အချိန်ဆွဲထိမ်းသိမ်းခြင်း၊ အကြောင်းမဲ့ စွပ်စွဲခြင်း စစ်ဆေးခြင်း များ၊ ပိုမိုလုပ်ဆောင်လေ့ရှိသည်ဟု အစစ်ဆေးခံရသည့် ရွာသားတဦးက ဆိုပါသည်။

“မနေ့က ကျနော်ဆိုင်းရာ၊ ကံစီဘက်ရောက်သွားတယ်။ သောင်းကျန်းသူ အစိုးရတပ်ဖွဲ့တွေက တွေ့သမျှလူတွေ စစ်ဆေး တယ်။ တွေသမျှ နာရီပါမကျန် အားလုံးသိမ်းတော့တာပါဘဲ။ ဗမာဆိုရင်လွှတ်တယ်။ ကချင်ဆိုရင် ဖမ်းထားတယ်။ ရွာကနေ ထွက်ခွင့်မပေးဘူး။ KIA လာတိုက်ရင် မိုင်းခွဲရင် သူတို့သတ်ပစ်မယ်ဆိုတယ်။” ဟုဆိုပါသည်။

အစိုးရတပ်ဖွဲ့၏ ဤလုပ်ရပ်သည် စိတ်မခံချင်စရာဖြစ်အောင် ကချင်လူထုအား ညှင်းဆဲပြနေခြင်းဖြစ်ကြောင်း၊ KIA နှင့် လူထု သွေးကွဲသွားစေရန် ဖန်တီးနေသလို၊ ကချင်လူထုကို နှိပ်စက်မှုပြုဖြင့်အားဖြင့် KIA အားစိတ်ဓါတ်ရေးရာအရ ပျော့ သွားစေ ရန်အနိုင်ယူနေခြင်း ဖြစ်သည်ဟု စစ်ရေးအကဲခတ်များက ဆိုပါသည်။

ဤနည်းကို KNU ကရင်ဒေသ၊ SSPP/RCSS ရှမ်းဒေသတို့တွင် (၁၉၉၃ခုနှစ် မှ ၂၀၀၁)ခုနှစ်အကြား၌ တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့ပါသည်။
ဤလုပ်ရပ်မျိုးဖြစ်သည့် လူ့အခွင့်အရေး ချိုးဖေါက်မှုများကို နိုင်ငံတကာမှ လွတ်လပ်စွာ စုံစမ်းခြင်း၊ ပစ်တင်ရှုတ်ချခြင်း၊ အစိုး ရအား အကြပ်ကိုင်ခြင်းများ တောင်းဆိုမှုများ မရှိခဲ့ပေ။ KIAသည် အစိုးရတပ်ဖွဲ့များ၏ ဤကဲ့သို့သော မခံချင်စိတ်ဖြစ်စရာ ဖန် တီးမှုများကို တုန့်ပြန်ခွင့် မပြုဟု KIA တပ်ရင်း (၆) တပ်ရင်းမှူးက ဆိုပါသည်။

“ဗဟိုက မပစ်ဖို့ အမိန့်ပေးထားတယ်။ ကျနော်တို့လဲ သွားရောက် မပစ်ခတ်ကြတော့ပါဘူး။ ဂွေခါဘက်မှာ အစိုးရတပ်ဖွဲ့တွေ တအိမ်တက် တအိမ်ဆင်း လိုက်မွှေ နေတာရှိတယ်။ မြန်မာဆို ဘာမှမလုပ်ဘူး။ ကချင်ဆိုရင် ဖမ်းတယ်။ တချို့ဆို ပစ်သတ် လိုက်တယ်လေ” ဟု ၄င်းကပြော ကြားသွားပါသည်။

ဤအမိန့်သည် ပြီးခဲ့သော ဖေဖော်ဝါရီလ (၁) ရက်နေ့တွင်ဖြစ်ပွားခဲ့သော (၃) နာရီကျော်ကြာ ခါမော်ကြီးကုန်း တိုက်ပွဲကြောင့် အမိန့်ပေးခြင်းဖြစ်သည်ဟု တပ်ရင်း (၆) မှူးက ဆိုပါသည်။ ထိုတိုက်ပွဲသည် အစိုးရတပ်များ ခါမော်ကြီးကုန်းကျေးရွာ အပေါ်
လက်နက်ကြီးများ ပစ်ခတ်ပြီး ရွာသားများထိခိုက်မှုကို သွားရောက် အကူအညီပေးရာက တိုက်ပွဲဖြစ်ပွားခဲံခြင်း ဖြစ်ပါသည်။

အစိုးရတပ်များကလည်း ဤတိုက်ပွဲကြောင့် ရွားသားများအပေါ် ပိုမိုနှိပ်စက်လာသည်ဟု ဆိုပါသည်။ အကယ်၍ထပ်မံဖြစ် ပွားလာပါက အမိန့်ထုတ်ပြန်ထားသည့်အတိုင်း ပစ်သတ်ဖွယ် ရှိနေပါသည်။ ဤသည် အစိုးရတပ်များ ကျင့်သုံးနေကြ တိုင်း ရင်းသားနှိပ်ကွပ်နည်း တနည်းဖြစ်ကြောင်း စစ်ရေးအကဲခတ်များက ဆိုပါသည်။

KIO နှင့် အစိုးရကိုယ်စားလှယ်တို့သည် ယမာန့်နေ့ (၉) နာရီတွင် တရုတ်နိုင်ငံ ရွှေလီမြို့၌ စစ်ရေးအရှိန်လျှော့ချရေးအတွက် အလွတ်သဘော ဆွေးနွေးခဲ့ရာ သဘောတူချက် (၅) ချက်ရရှိခဲ့ပါသည်။ ဤဆွေးနွေးပွဲသည် ပြီးခဲ့သည့် ဒီဇင်ဘာလကအစိုး ရ ၏ထိုးစစ်ရှိန်မြှင့်တင်ခြင်း၏ နောက်ဆက်တွဲ ရလာဒ်ဖြစ်ပါသည်။

အလားတူ KIA အား စိတ်ဓါတ်ရေးရာအရ အနိုင်ရရန် ဖါးကန့်လူထုညှင်းဆဲမှုကိစ္စ ဖန်တီးမှုလည်း တခုအပါဝင်ဖြစ်ကြောင်း၊ အစိုးရတပ်ဖွဲ့များသည် တိုင်းရင်းသားအဖွဲ့အစည်းများအပေါ် နှိပ်ကွပ်ရာတွင် စစ်ဆင်ခြင်း၊ လူထုအားဒုက္ခသည်ဘ၀ ရောက် စေခြင်း၊ ညှင်းဆဲသတ်ဖြတ်ခြင်းစနစ်ကို လုပ်လေ့ရှိကြောင်း သမိုင်းကသက်သေခံခဲ့ပြီးဖြစ်သည်ဟု စစ်ရေးလေ့လာသူများ ကဆိုပါသည်။ ဤကိစ္စမျိုးတွင် လွတ်လပ်စွာ စုံစမ်းစစ်ဆေးမှု ရှိသင့်ကြောင်း အဆိုပြုသူများက ဆိုပါသည်။