Tuesday, February 26, 2013

ဦးသိန်းစိန်ကို ကြိုဆိုဖို့ စောနေလား

BBC NEWS-နောက်ဆုံး ရေးသားချိန် 25 ဖေဖေါ်ဝါရီလ 2013 - 22:22 GMT
thein sein
ဦးသိန်းစိန်က ဥရောပ သမဂ္ဂ ပိတ်ဆို့မှုတွေ အပြီး ရုပ်သိမ်းစေချင်
မြန်မာ သမ္မတ ဦးသိန်းစိန်ရဲ့ ဥရောပ ခရီးစဉ်ကို မနေ့က စတင်ခဲ့ပြီ ဖြစ်ပါတယ်။
မြန်မာ သမ္မတ ဦးသိန်းစိန်ကို ဥရောပ နိုင်ငံတွေက ခရီးဦး ကြို ပြုကြဖို့ အထိ ဦးသိန်းစိန်ရော အစိုးရ ကပါ ဘာမှ လုံလုံ လောက်လောက် လုပ်မပြ နိုင်သေးဘူးလို့ ဘားမားကမ်ပိန်းက ဒါရိုက်တာ မာ့ခ် ဖာမနာက ဘီဘီစီကို ပြောဆိုပါတယ်။
မြန်မာ နိုင်ငံမှာ ဒီမိုကရေစီ ပိုမို ထွန်းကား နိုင်ဖို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြောင်းလဲမှုတွေ လုပ်တာ မတွေ့ရသေးသလို လူ့အခွင့်အရေး ချိုးဖောက် မှု ပြဿနာတွေ တော်တော် ရှိနေသေးတယ်လို့ မာ့ခ် ဖာမနာက ဆိုပါတယ်။
ဦးသိန်းစိန်က ဥရောပ သမဂ္ဂရဲ့ ပိတ်ဆို့မှုတွေကို အပြီး ရုပ်သိမ်း ပေးစေချင်ပေမယ့် ဒီလို ရုပ်သိမ်းဖို့ ဆိုတာ နိုင်ငံရေး အကျဉ်းသား တွေ အကုန်လွှတ်ပေးဖို့ ပေါ်မှာ တည်နေတော့ လက်နက် ဝယ်ယူခွင့် ပိတ်ဆို့မှုတွေ ဆိုင်းငံ့ပေးဖို့ ဆိုတာ ဖြစ်မလာ နိုင်သေးပါဘူး။
ကချင်နဲ့ ရခိုင်ဘက်မှာ လူမှုရေး အကူအညီတွေ ရသင့်သလောက် မရတဲ့ အပြင် ပြည်တွင်းမှာ တိုက်ခိုက် နေတာတွေ ရပ်တန့် သွားဖို့ လိုနေပါတယ်။
မြန်မာ ပြည်တွင်းမှာ ပြဿနာတွေ မငြိမ်းသမျှ ၊ မြန်မာ စစ်တပ်ဘက်က လူ့အခွင့် အရေး ချိုးဖောက် နေသမျှ ရုပ်သိမ်းဖို့ ဘယ်သူကမှ စဉ်းစားမှာ မဟုတ်ပါဘူး။
ဥရောပ နိုင်ငံတွေက ကချင်နဲ့ ရခိုင် ပြဿနာ တွေနဲ့ ပတ်သက်လို့ စိုးရိမ်မှု ရှိကြောင်း၊ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ ၊ ငြိမ်းချမ်းရေး ဆွေးနွေးဖို့တွေ တိုက်တွန်းကြမှာ ဖြစ်ပေမယ့် တချိန်ထဲမှာ ဥရောပ ကုမ္ပဏီတွေ မြန်မာ့ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ လို စွမ်းအင် ကဏ္ဍ တွေဘက်မှာ ဝင် လုပ်ကိုင်နိုင်ဖို့ ကြိုးစား ကြမှာ ဆိုတော့ ဦးသိန်းစိန်က ဒီအပေါ်မှာ ကစား သွားလို့ ရနေပါတယ် ။
မြန်မာ နိုင်ငံမှာ သယံဇာတတွေ ရှိတာ၊ အလုပ်သမား ဈေးသက်သာတာ တွေ အပြင် အလုပ်သမားတွေ အတွက် ကာကွယ် ပေးထားတာ မရှိတော့ မြန်မာပြည် ကို အနောက် နိုင်ငံတွေ အင်မတန် စိတ်ဝင်စား ကြပါတယ်။
ဦးသိန်းစိန်က ဥရောပ ကုမ္ပဏီတွေ ဘာလိုချင်တယ် သိနေတော့ သူ့ဘက်က ပြုံးပြ ခေါင်းညိတ် ဒါတွေ လုပ်ပေးပါ့မယ်လို့ ကတိတွေ ပေးပြီး ပြီးသွားမှာ ဖြစ်ကြောင်း၊ အခု အချိန်မှာ အားလုံးက လူ့အခွင့်အရေးထက် စီးပွားရှာဖို့ ပဲ စိတ်ဝင်စား နေကြတယ် လို့ ဘားမားကမ်ပိန်းက မာ့ခ်ဖာမနာက ပြောဆိုပါတယ်။
ဦးသိန်းစိန်ဟာ နော်ဝေး နိုင်ငံကို အရင်ဆုံး သွားရောက်မှာ ဖြစ်ပြီး အဲဒီကမှ တဆင့် ဖင်လန်၊ ဩစတြီးယား ၊ ဘယ်လ်ဂျီယံနဲ့ အီတလီ နိုင်ငံ တွေကို သွားမှာ ဖြစ်ပါတယ်။